"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, December 31, 2011

အညာစာ

‘အညာစာ’ ဆိုလို့ တကတဲ တလွဲမထင်လိုက်ကြပါနဲ့ဦး။

လိမ်ညာပြီးစားတဲ့အစားအစာကို ပြောတာမဟုတ်ရပါဘူး။ အညာအရပ်ဒေသတွေမှာ စားလေ့သောက် လေ့ရှိကြတဲ့ အစားအစာတွေကို ပြောတာရယ်ပါ။ 

ကိုသောင်းကြည်၏အိမ်မှာ စားရင်းသောက်ရင်း အမှတ်တရပါ။
စားပြီးတော့ အစာကျေရအောင် ဒန်းပါစီးခဲ့သေးတယ်။
ကိုသောင်းကြည် စင်ကာပူကိုလာစဉ်က စာရေးသူတို့အိမ်တွင် အမှတ်တရ (ဧပြီလ၊ ၂၀၁၁)။

 

မြန်မာလူမျိုးဆိုတာက ကိုယ်မွေးဖွားရာဇာတိကအစားအစာတွေကို (အညာကအစားအစာပဲဖြစ်ဖြစ် အောက်ပြည်အောက်ရွာကအစားအစာပဲဖြစ်ဖြစ် မြေလတ်ကအစားအစာပဲဖြစ်ဖြစ်) မြန်မာပြည်ထဲမှာပဲ နေနေ၊ မြန်မာနိုင်ငံရဲ့  ပြင်ပကိုပဲရောက်နေရောက်နေ သတိတရစားချင်တတ်ကြတာ ချင်ခြင်းဖြစ်လေ့ရှိ ကြတာ ဓမ္မတာပါ။ အဲဒီလို မိမိအရပ် ဒေသကအစားအစာတွေကို ပြင်းပြင်းပြပြတောင့်တနေသ၍ မိမိ ဟာ အဲဒီအရပ်သူအရပ်သား ဒါမှမဟုတ် အဲဒီနိုင်ငံသူနိုင်ငံသားဆိုတဲ့စိတ် မပျောက်ဖူးဆိုတာပြတာပါပဲ။ ဒီလိုပြောနိုင်မယ် ထင်ပါတယ်။

စာရေးသူကတော့ နိုင်ငံရပ်ခြားမှာရောက်ရှိနေတာ နှစ်အတန်ကြာငြောင်းခဲ့လှပြီဖြစ်ပေမယ့် မြန်မာပြည် ကအစားအစာမှမြန်မာပြည်ကအစားအစာဖြစ်နေရဆဲပါ။ ရောက်နေတဲ့နိုင်ငံက အစားအစာများနဲ့‘ဗိုလ်စာ’ တွေကို မက်မက်စက်စက် မရှိလှပါဘူး။ မြန်မာအစားအစာဆို ‘အညာစာ’သော ‘အောက် စာ’သောဆိုတဲ့ ခွဲခြားမှုမျိုးလည်း မရှိပါဘူး။

သို့ပေမယ့် ကိုယ့်ဇာတိဖြစ်တဲ့အညာဒေသကို ပြန်ရောက်ပြီဆိုရင်ဖြင့် အညာစာတွေကို စုံစေ့ နိုင်သ၍ စုံစေ့အောင်စားပါတော့တယ်။ ဒါကလည်း ကိုယ်တိုင်တကူးတကရှာဖို့မလိုပါဘူး။ သိတယ်မဟုတ်လား။ ဆွေမျိုးတွေ အပေါင်းအသင်းတွေက အလိုက်သိတတ်စွာနဲ့ “ဟိုဟာ စားချင်လား။ ဒီဟာ စားမလား။ ဘာ များကော စားချင်သေးလဲ“ဆိုပြီး စေတနာဗရပွနဲ့ကို ကျွေးတတ်ကြတာ။ ပါးစပ်တောင် ယောင်ပြီးဟ,ဖို့ မလိုဘူးလေ။

မှတ်ထား၊ ဒါမျိုး မြန်မာမှာပဲရှိမယ်လို့။

အခုတစ်ခေါက်က ဇနီးရဲ့ ”အကြီး”(ကြီးတော်)ဖြစ်သူ နေထိုင်မကောင်းလို့ပြန်လာရတာဆိုတော့ မိမိဇာ တိမြို့ ကို မသွားရောက်နိုင်ခဲ့ဘူး။ အညာစာကိုစားချင်ရင် ရန်ကုန်ကစားသောက် ဆိုင်တွေမှာပဲ စားရ တော့မယ်။

တော်ပါသေးတယ်။ တကယ်က အဲဒီလိုစားသောက်ဆိုင်တွေမှာသွားပြီးစားဖို့ မလိုခဲ့ပြန်ဘူး။ မိတ်ဆွေကို သောင်းကြည်ရဲ့ ထက်သန်တဲ့စေတနာကြောင့် သူ့လက်ရာကန့်ဘလူအစာအစားတွေကို သူ့အိမ်မှာ တစ် နေရာထဲ တစ်ထိုင်ထဲ စားခဲ့ရတာ။ ကျေးဇူးကမ္ဘာပါ နောင်တော်ကြီး ကိုသောင်းကြည်ရေ။ မမေ့ဘူးဗျာ။

နေပါဦး၊ ဘာတွေစားခဲ့ရတယ်ဆိုတာ မပြောရသေးဘူး။ ပြောမယ်ဗျ။

ခေါဆီကြော်၊ 

မန္တလေးပဲကြော်နဲ့ ကြက်သွန်ကြော်။ 

နောက်ပြီးတော့ ကောက်ညှင်းပေါင်းနဲ့ စားတော်ပဲပြုတ်။ 

အားလုံး သူကိုယ်တိုင်လုပ်တာ။ သူ့ဇနီးက သားရှိတဲ့စင်ကာပူကိုသွားနေတာမို့ အိမ်မှာမရှိဘူး။

နေပါဦး။ အရေးကြီးဆုံးဟာပြောဖို့ ကျန်နေသေးတယ်။

ဒီလိုပါ …

အားလုံးစားလို့ သိပ်ကောင်းတယ်ဆိုတာပေါ့။

No comments:

Post a Comment