"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, December 24, 2011

မြန်မာပြည်က ပြန်ခဲ့တယ် (၂)

မြန်မာပြည်ကပြန်လာခဲ့တော့ သွားခဲ့လာခဲ့ ကြည့်ခဲ့ရှုခဲ့ မြင်ခဲ့တွေ့ခဲ့ စားခဲ့သောက်ခဲ့ ပျော်ခဲ့ပါးခဲ့တာလေး တွေက မျှဝေခံစားလို့ကို မ၀နိုင်အောင်ပါပဲ။

ကိုယ့်လိုပဲ မြန်မာပြည်ကိုလွမ်းတတ်၊သတိတရရှိနေတတ်တဲ့သူတွေကို စာနဲ့ပေနဲ့ ဓါတ်ပုံလေးတွေနဲ့ "အခု မြန်မာပြည်ကလေ ဒီလို .. ဒီလို .."လို့ ဖေါက်သည်ချချင်မိတာ။

ဒါကြောင့် အမှတ် (၂)ကို ဆက်ရေးဖြစ်ပြန်ကော။


သင်တန်းပို့ချမှု


စာရေးသူက မြန်မာပြည်သို့ပြန်တဲ့အခေါက်တိုင်း အဲဒီမှာရှိနေကြတဲ့ အကြောအဆစ်ကုပညာရှင်များကို သင်တန်းပို့ချပေးတတ်ပါတယ်။ များသောအားဖြင့် ဒီကမသွားခင်ကတည်းက သူတို့စိတ်ဝင်စားတဲ့ လေ့ လာသိရှိချင်တဲ့ ဘာသာရပ်နဲ့အကြောင်းအရာတွေကို မေးမြန်းပြီးပြင်ဆင်သွားလေ့ရှိပါတယ်။ ပါမောက္ခ /ဌာနမှူးကဖိတ်လို့  ကျောင်းတွေကိုလည်း သွားပြီးသင်တန်းပို့ချပေးဖူးတယ်။ အကြောအဆစ်အထူးကု ဆရာဝန်ကြီး(physical medicine specialist)ကဖိတ်လို့ မန္တလေးဆေးရုံကြီးမှာလည်း သင်တန်းပို့ချပေး ခဲ့ဖူးတယ်။ မသန်စွမ်းသင်တန်းကျောင်းမှာလည်း သင်တန်းပို့ချပေးဖူးတယ်။ လူမှုဝန်ထမ်းဌာနမှာလည်း  ဥာဏ်ရည်နိမ့်မသန်စွမ်းကလေးများရဲ့ မိဖများကိုလည်း သင်တန်းပို့ချပေးဖူးတယ်။    


လူနာအား ရောဂါဝေဒနာအကြောင်းမေးမြန်းနေစဉ်။
Mechanical traction အသုံးပြုရာတွင် ထိရောက်မှုရှိစေရန် သတိပြုသင့်တာများကို လက်တွေ့ရှင်းပြရ။

Manual traction လုပ်မယ်ဆိုရင် လူနာရဲ့ ဦးခေါင်းနဲ့မေးကို အခုလို ....။
ဒူးနာတဲ့လူနာကို Quadriceps setting exercise သင်ပေးတဲ့အခါ ...။
သင်တန်းပြီးတော့ ဆေးခန်းရှေ့ မှာ အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်။
သင်တန်းတက်ရောက်သူများကိုယ်စား ဆရာကြီးဦးထွန်းအောင်ဇံမှ အမှတ်တရလက်ဆောင်ပစ္စည်းပေးပါတယ်။

အခုတစ်ခေါက်မယ်တော့ ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီးရှေ့ က "တော်ဝင်အိုအေးစစ် အရိုး၊ အ ကြော၊ အဆစ်နှင့် အထွေထွေရောဂါအထူးကုဆေးခန်း"မှာ မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များ (physiotherapists)ကို လည်ပင်းရိုးဆစ်အတွင်းအာရုံကြောဖိညပ်တာ(Cervical Spondylosis) နဲ့ပတ် သက်ပြီး Mechanical နဲ့ Manual traction ဆွဲနည်း၊ ဒူးဆစ်တွင်းအရွတ်(articular cartilage) ပျက်စီး လို့ဖြစ်လာရတဲ့ ဒူးနာဝေဒနာရှင်ကို လေ့ကျင့်ကုသပေးနည်းများ(therapeutic exercises)ကို လူနာများ နဲ့ လက်တွေ့သင်ကြားပြသပေးခဲ့ပါတယ်။ နောက်ပြီး အော့တစ်ဇင်ကလေးများ(children with autism) အကြောင်း၊ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ နဲ့ နယ်သာလန်နိုင်ငံ အမ်စတာဒန်မြို့ တွေမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ အကြောအဆစ်ကုညီလာခံများအကြောင်းများလည်း ပြောခဲ့ပါသေးတယ်။    


မမတို့ မော်ရွှေမြိုင်

စာရေးသူက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ၁၉၇၅ ခုမှ ၁၉၈၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါ တယ်။ ဆေးဝန်ထမ်းဘ၀မှာ ရန်ကုန်မြို့ မှလွဲပြီး ပထမဆုံးနဲ့နောက်ဆုံး နယ်ကို ရောက်ဖူးတာရယ်ပါ။ 


စာရေးသူတို့ ယခုတစ်ခေါက်တည်းခဲ့သည့် မော်လမြိုင်ကန္နားလမ်းက ငွေမိုးဟိုတယ်။

ကမ်းနားလမ်းတွင် ဒီဇင်ဘာအားကစားလ "စောစောထလို့ လမ်းလျောက်ကြသူများ"အားတွေ့ခဲ့ရတယ်။


ဆေးရုံကြီးဘေးရှိ ဒီဘုရားဆောင်းတန်းလေးမှတက်ပြီး ဟိုတုန်းက စာရေးသူတို့ဇနီးမောင်နှံ  တောင်ပေါ်တန်းကို  လမ်းလျောက်လေ့ရှိခဲ့ကြတယ်။

တောင်ပေါ်တန်းမှမြင်တွေ့ရသည့် ဘီလူးကျွန်းနောက်ခံနဲ့ မော်လမြိုင်မြို့ မြင်ကွင်းအလှ။


မော်လမြိုင်မှာအလုပ်လုပ်ရင်း မိတ်ဆွေအပေါင်းအသင်းကောင်းတွေ အများကြီးရှိခဲ့သလို ပျော်လည်းအ လွန်ပျော်ခဲ့ပါတယ်။ ပျော်တာမှ အိမ်ထောင်ပါကျသွားတဲ့အထိပဲ။ ဘ၀အဖော်မွန်ကောင်းတစ်ဦးကို တွေ့ခဲ့ ရတာပါ။ ဒါကြောင့် မော်လမြိုင်ကို ချစ်ပါတယ်။ သံယောဇဉ်လည်း ရှိခဲ့ရတယ်။ ဇနီးက မုဒုံသူဖြစ်နေလေ တော့ မော်လမြိုင်ကို အရောက်အပေါက်ရှိလျက်ပါပဲ။ ဇနီးနဲ့မုဒုံကိုပြန်တဲ့အခါတိုင်း မော်လမြိုင်ကို သတ် သတ်သွားလည်လေ့ရှိပါတယ်။ မိမိအလုပ်လုပ်ခဲ့တဲ့ဆေးရုံကိုလည်းရောက်တယ်။ ဆေးရုံဝန်ထမ်းမဟုတ် တဲ့တခြားမိတ်ဆွေများကိုလည်း သွားတွေ့တယ်။ ဇနီးရဲ့ ဆွေမျိုးတွေထံကိုလည်း ရောက်အောင်သွားရ သေးတာ။   


ဥဇိနဘုရားစေတီကြီး။


နောက်တစ်ခုကတော့ မော်လမြိုင်တောင်ပေါ်တန်းမှာရှိတဲ့ဘုရားတွေကို ရောက်တုန်းရောက်ခိုက် ဖူးဖြစ်အောင်ဖူးရတယ်။ 


တောင်ပေါ်တန်းက ရှုခင်းသာမှာ ညီအစ်မများ အမှတ်တရ။
   



တောင်ပေါ်တန်းမှာဘုရားဖူးရင်း ဥဇိနဘုရားကိုရောက်တော့ ကိုရင်လေး ၇ ပါးကို သစ်ခေါက်ဆိုးသင်္ကန်း ရောင်ဖြင့် ကြည်ညိုဖွယ်တွေ့ခဲ့ရပါတယ်။ သူတို့အချင်းချင်း မွန်ဘာသာစကားဖြင့်ပြောနေကြတာ သတိပြု မိပါတယ်။


ကိုရင်လေးတွေကို ဓါတ်ပုံရိုက်လိုကြောင်းခွင့်ပန်လျှောက်ထားတဲ့အခါ သူတို့က လိုလိုချင်ချင်ပဲ ခွင့်ပြုပါ တယ်။ ပြီး “တကာမကြီးတို့က မွန်လား ဗမာလား။”လို့ မေးပါတယ်။ ဇနီးဖြစ်သူက “တပည့်တော်တို့က ဗမာတွေပါဘုရား။”လို့ ပြန်လျှောက်တော့ ကိုရင်လေးတစ်ပါးက “ကျုပ်တို့ကမွန်။”လို့ မွန်သံဝဲ၀ဲနဲ့ ပြန်ပြီး မိန့်တော်မူပါတယ်။   

ဇနီးက ကိုရင်လေးတစ်ပါးလျှင် ၀တ္တု ၁၀၀၀ိ/-စီလှူတော့ အနားမှာရပ်ကြည့်နေတဲ့ ဘုရားစောင့်လူကြီး က “ဒီကိုရင်လေးတွေက ဆွမ်းခံသာကြွတာ ဆွမ်းကရကြရှာတာမဟုတ်ဘူး။ အပြန်မှာ သူတို့ဘုန်းဖို့အ တွက် သူတို့ဖာသာဝယ်ပြီးပြန်ကြရတာ။ ကိုရင်လေးတွေက ဒီနားက စာသင်တိုက်ကပါ။”လို့ ၀င်ပြောပါ တယ်။  

ဆွမ်းခံရခက်ခဲမှု ဘယ်လောက်အတိုင်းအတာအထိဖြစ်နေတယ်ဆိုတာ တပ်အပ်သေချာမသိခဲ့ရပေမယ့် ကြားသိရတာကတော့ တကယ်ကိုစိတ်မကောင်းစရာကြီးပါ။ ဗုဒ္ဓသာသနာထွန်းကားတဲ့ ဗုဒ္ဓဘာသာဝင်အ များစုရှိနေတဲ့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာများ ဆွမ်းပန်းမချို့ တဲ့သင့်ပါဘူး။    



ဇနီးဒေါ်စိုးစိုးအေးနှင့် ညီအစ်မနှစ်ဦး ဥဇီနဘုရားကို ၀တ်ပြုကြစဉ်။

ဥဇိနဘုရားမြောက်ဘက်လှေကားရှိ နဂါးရုပ်အား ဆေးပြန်သုတ်အလှဆင်နေစဉ်။

သာသနာ ၂၅၀၀ စေတီ၊ မော်လမြိုင် တောင်ပေါ်တန်း။


"ဘုရားအရိပ် တရားအရိပ်မှာ အေးအေးချမ်းချမ်းရှိတယ်"ဆိုတာများလေလား ..။


တောင်ပေါ်တန်းမှ မော်လမြိုင်ရဲ့  သာမောဖွယ်အလှကို အေးငြိမ်းစွာခံစားရင်း စကားစမြည်ကောင်းနေကြသူနှစ်ဦး။ 

မော်လမြိုင်က မိတ်ဆွေများ

မော်လမြိုင်ကစာရေးသူရဲ့ မိတ်ဆွေအသိုင်းအ၀န်းကို ယေဘုယျအားဖြင့် အုပ်စုလေးခုခွဲပြီး ပြောလို့ရနိုင် မယ်ထင်ပါတယ်။ ပထမအုပ်စုက မိမိအလုပ်လုပ်ခဲ့တဲ့ဆေးရုံမှဖြစ်ပြီး ဒုတိယအုပ်စုက မိမိရဲ့ စာပေအသိုင်း အ၀န်းမှစာရေးဆရာများဖြစ်ကြကာ တတိယအုပ်စုကတော့ မိမိတပ်တွင်းပညာပေးသင်တန်းတက်စဉ်က ခင်မင်ရင်းနှီးခဲ့ကြတဲ့ အရပ်ဖက်/စစ်ဖက်မှဝန်ထမ်းတွေပါ။ နောက်မိတ်ဆွေများကတော့ မိမိနဲ့ရင်းနှီးတဲ့ လူနာအချို့ ရယ် သူတို့နဲ့ဆက်နွယ်ပြီးသိကျွမ်းခဲ့ရတဲ့ သူတို့ရဲ့ ဆွေမျိုးများနဲ့မိတ်ဆွေများဖြစ်ကြပါတယ်။    

မော်လမြိုင်ကိုရောက်လို့ သွားတွေ့ရမယ့်မိတ်ဆွေအထဲမှာ ဒေါက်တာဦးမျိုးဆွေကြည် (ခွဲစိတ်အထူးကုဆ ရာဝန်ကြီး)နဲ့ ဒေါက်တာဒေါ်တင်တင်လှိုင်(ဓါတ်မှန်ဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီး)တို့က ထိပ်ဆုံးမှ ရှိနေပါတယ်။ စာရေးသူ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးမှာ အကြောအဆစ်ကုပညာရှင် (physiothe- rapist) အဖြစ် တာဝန်ထမ်းဆောင် နေစဉ်က သူတို့နှစ်ဦးလုံး အလုပ်သင်ဆရာဝန်လေး တွေဖြစ်ခဲ့ကြ တယ်။ ဒေါက်တာဦးမျိုးဆွေ ကြည်က ပြည်မြို့ ဇာတိဖြစ်ပြီး ဒေါက်တာဒေါ်တင်တင်လှိုင်က မော်လမြိုင် ဇာတိပါ။

သူတို့ဇနီးမောင်နှံနဲ့ စာရေးသူတို့ဇနီးမောင်နှံက အဲဒီအချိန်ကတည်းက ရင်းနှီးခဲ့ကြတာ။ မိမိနဲ့ဒေါက်တာ မျိုးဆွေကြည်တို့က ညပိုင်းဆိုရင် ဆေးရုံကနေ ကျားတံတားရပ်သွားပြီး လက်ဖက်ရည်သောက်တတ် ကြတယ်။ အဲဒီတုန်းက မိမိက ဆေးရုံဝင်းထဲမှာ အိမ်ခန်းရထားပြီး ဒေါက်တာမျိုးဆွေကြည်နဲ့အလုပ်သင် ဆရာဝန်များကိုတော့ ဆေးရုံဝင်းထဲမှာပဲ အခန်းပေးထားတာဖြစ်တယ်။ နှစ်ဦးလုံး လူလွတ်တွေပါ။ မိမိက ယခုဇနီးဖြစ်သူကို မော်လမြိုင်ကနေ မုဒုံအထိ လိုင်းကားစီးပြီးသွားပိုးတော့ ဒေါက်တာမျိုးဆွေကြည်က အဖော်လိုက်ပေးခဲ့တာပါ။ 

စာရေးသူအိမ်ထောင်ကျပြီး ပထမဦးဆုံးသမီးလေးရတဲ့အထိ သူတို့နှစ်ဦး အိမ်ထောင်မပြုကြသေးဘူး။ သမီးလေးကို မော်လမြိုင်မိခင်နှင့်ကလေးဆေးရုံမှာမွေးတော့ ဒေါက်တာတင်တင်လှိုင်က အဲဒီဆေးရုံ မှာတာဝန်ကျနေတာဖြစ်လို့ ဆေးရုံမှာကြာကြာနေရင် ကလေးရောဂါရမှာစိုးရတယ်ဆိုပြီး ဇနီးနဲ့သမီးကို သူ့ဘောက်(စ)၀က်ဂွန်ကားလေး ကိုယ်တိုင်မောင်းလို့ အိမ်အရောက်ပို့ပေးခဲ့တာ ယနေ့အထိအမှတ်ရ ကျေးဇူးတင်လျက်ရှိဆဲပါ။   

ဝဲမှ - ဒေါ်ခင်ခင်၊ ဒေါက်တာဒေါ်တင်တင်လှိုင်၊ ဒေါက်တာဦးမျိုးဆွေကြည်၊ ဆရာဦးခင်ထွန်း၊ ဒေါ်စိုးစိုးအေး၊ စာရေးသူ၊ ဆေးရုံအုပ်ကြီး။

ပြီခဲ့တဲ့တစ်ခေါက် မော်လမြိုင်ကိုရောက်တုန်းက ဆေးရုံကြီးဆေးပဒေသာပင်မှာ စာရေးသူတို့ ငွေလှူဖို့ သူတို့ဇနီးမောင်နှံကပဲ ကြိုတင်စီစဉ်ပေးထားကြတာ။ အလှူငွေပေးအပ်တဲ့ဆေးရုံအုပ်ကြီးရုံးခန်းကို ဆေး ရုံတာဝန်တွေမအားမလပ်တဲ့ကြားက သူတို့နှစ်ဦးလုံး မရောက်,ရောက်အောင် လာပေးခဲ့ကြသေးတယ်။   

 

No comments:

Post a Comment