"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, December 26, 2011

မြန်မာပြည်က ပြန်ခဲ့တယ် (၃)

မော်လမြိုင်က မိတ်ဆွေများ (၂)

မော်လမြိုင်ကမိတ်ဆွေများအကြောင်းပြောရင် ဆရာဦးခင်ထွန်းနဲ့မမခင်ကိုမိသားစုကို မပြောလို့ပြည့်စုံမယ်မ ဟုတ်ပါဘူး။

ဆရာဦးခင်ထွန်း၏အိမ်မှာ အမှတ်တရ။

မော်လမြိုင်ကမိတ်ဆွေများအကြောင်းပြောရင် ဆရာဦးခင်ထွန်းနဲ့မမခင်တို့မိသားစုကို မပြောလို့ ပြည့်စုံ မယ်မဟုတ်ပါဘူး။ ဦးခင်ထွန်းကို စာရေးသူသိခဲ့တာ ကြာခဲ့ပါပြီ။ စာရေးသူ ရန်ကုန် မှာဆေးဘက်ပညာ တက်နေစဉ်က သူ ကန့်ဘလူအထကမှာ ကျောင်းဆရာအဖြစ်ရောက်လာ ခဲ့တာဖြစ်တယ်။ ၁၉၆၇-၆၈ ၀န်းကျင်လောက်ကလို့ ထင်ပါတယ်။ နောက်တစ်ခါမှာ ရန်ကုန်မသန်မစွမ်းဆေးရုံ(သမိုင်း)ကနေ မော် လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ စာရေးသူပြောင်းတဲ့အခါ ဆရာဦးခင်ထွန်းနဲ့မမခင်တို့မိသားစုက မော်လ မြိုင်ဆရာအတတ်သင်မှာ ရောက်နေကြပြီဖြစ် တယ်။ သူတို့နေတဲ့ ဒိုင်းဝန်ကွင်းက ဆရာအတတ်သင်ကို စာရေးသူမကြာခဏအလည်သွားလေ့ရှိပါတယ်။ အဲဒီမှာ မမခင်ရဲ့ လက်ရာ လက်ဖက်ရည်သောက်တယ်။ လက်ဖက်သုတ်စားတယ်။ ကြုံတဲ့အခါ ထမင်းပါဝင်စားခဲ့တာ။  


နောက်ခင်မင်ရင်နှီးသူတစ်ဦးကတော့ မော်လမြိုင်ဆေးရုံခွဲ(မိခင်နှင့်ကလေးဆေးရုံ)မှာ ဆေးရုံအုပ်လုပ် သွားခဲ့တဲ့ ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာဦးတင်စိုးဖြစ်ပါတယ်။ ဆရာက ကျန်းမာရေး ဆိုင်ရာဆောင်းပါး အတော်များများရေးခဲ့တဲ့ နာမည်ကျော်ဆရာဝန်စာရေးဆရာတစ်ဦးပါ။ စာရေးလည်း ကောင်းပါတယ်။ ဆရာဝန်ဘွဲ့နဲ့ခွဲစိတ်အထူးကုဘွဲ့တွေကို ချက်ကိုစလိုဗားကီးယားနိုင်ငံ ပရတ်(ဂ)မြို့ မှ ရရှိခဲ့တာဖြစ်တယ်။


နောက်ပိုင်းမှာ အမေရိကန်နိုင်ငံသို့နှစ် အတန်ကြာ သွားရောက်အလုပ်လုပ်ခဲ့ပြီး အမေရိကန်မှပြန်ရောက် တော့ မော်လမြိုင်မှာပဲ အေးအေးလူလူအခြေချနေထိုင်ခဲ့တာဖြစ်တယ်။ တစ်ခါမှာ ဆရာဒေါက်တာဦးတင် စိုးက တာဝန်ပေးလို့ စာရေးသူဟာ မွန်ပြည်နယ်တစ်ခုလုံးရှိကျောင်းများမှကျောင်းသူကျောင်းသားများရဲ့  ပြိုင်ပွဲဝင်စာစီစာကုံးများကိုဖတ်ပြီး ပ-ဒု-တ ရွေးချယ်ပေးခဲ့ရဖူးပါတယ်။ မိမိရေးထားတဲ့လုံးချင်းဝတ္တုစာမူ ထုတ်ဝေဖို့ စာရေးသူက ဆရာ့အားအကူအညီတောင်းရာ နွယ်နီမဂ္ဂဇင်းအယ်ဒီတာချုပ်/စာရေးဆရာ နတ် နွယ်ထံ ဆရာဦးတင်စိုးက မိတ်ဆက်စာရေးပေးခဲ့ပါတယ်။

ယာမှ - ဆရာဦးခင်ထွန်း၊ ဒေါက်တာဦးတင်စိုး၊ စာရေးသူတို့ ဆရာဦးတင်စိုးအိမ်တွင် အမှတ်တရ။

ယခင်တစ်ခေါက်က ဆရာဒေါက်တာဦးတင်စိုးအား ဆရာဦးခင်ထွန်းနဲ့အတူ သွားတွေ့နိုင်ခဲ့ ပေမယ့် ယခုတစ်ခေါက်မှာ မတွေ့ဖြစ်ခဲ့ပါ။ စာပေဟောပြောပွဲနေ့က ဆရာဦးခင်ထွန်းက “ဒေါက်တာဦးတင်စိုး ဒီကိုရောက်ချင်ရောက်လာမှာ“လို့ပြောတာနဲ့ မျှော်လင့်မိသေးတယ်။ ဒါပေမယ့် စာရေးသူက စာပေ ဟောပြောပွဲမှာ မိနစ် ၂၀ လောက်ပဲနေပြီးပြန်လာခဲ့တာမို့ သူ လာမလာမသိရပါ။ 


မိမိရဲ့ စာရေးဆရာမိတ်ဆွေများအကြောင်းပြောရရင် ဆရာဒေါက်တာဦးတင်စိုးနဲ့ ဆရာဦးခင် ထွန်းတို့က လွဲပြီး မရှိတော့သလောက်ဖြစ်သွားပါပြီ။ တစ်ချို့ က ကွယ်လွန်သွားကြပြီး တစ်ချို့ က မော်လမြိုင်မှာ မရှိ ကြတော့ဘူး။ မိမိနဲ့အရင်းနှီးဆုံးစာရေးဆရာတစ်ဦးဖြစ်ခဲ့တဲ့ စာရေးဆရာကြည်မြလွင်ဆိုရင် NLDမှာ နိုင်ငံ ရေးဝင်လုပ်ရာက ထောင်ကျ၊ နောက်တော့ ကျန်းမာရေးချွတ်ယွင်းပြီး ဆုံးပါးသွားခဲ့ရတယ်။ ထောင်ထဲမှာ လား ထောင်ကလွတ်မှလားဆိုတာ သေချာမသိရဘူး။ တံခွန်လှမော်၊ ခင်မောင်လွင်(ရွှေမြိုင်ကောလိပ်)နဲ့ လှတင်ဝင်းတို့လည်း အရွယ်ကောင်းတုန်းကွယ်လွန်သွားခဲ့ကြတယ်။ မိမိနဲ့အတော်လေးရင်းနှီးတဲ့ ဒိုင်းဝန် ကွင်းမှ ကဗျာဆရာ မြိုင်နန်းငြိမ်းငြိမ်းချမ်းချမ်းကတော့ ကဗျာစာအုပ်လေးတစ်အုပ်ကို သူ့မိဘပိုက်ဆံနဲ့ ထုတ်ပြီး စာပေအသိုင်းအ၀န်းမှစုံးစုံးမြုပ်ပျောက်သွားခဲ့တယ်။ လူကိုလည်းမတွေ့ရဘူး။ ကြားမိတဲ့သတင်း ကလည်း စိတ်မကောင်းစရာပါ။ မော်လမြိုင်စာပေလုပ်သားအဖွဲ့မှာဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်လည်း မရှိတော့ဘူး။ တစ်ချိန်က မော်လမြိုင်စာပေအသိုင်းအ၀န်းမှာရှိခဲ့တဲ့ စာရေးဆ ရာကြီးဦးချမ်းအေး(မောင်စူးစမ်း)ကတော့ အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့စာပေတာဝန်များကို ထမ်း ဆောင်လျက်ရှိဆဲပါ။ မင်းချမ်းမွန်(ဘီလူးကျွန်း)နဲ့ ရွှေမြိုင်မောင်ဖူးဝါတို့တော့ ရန်ကုန်မှာရှိကြတယ် ကြား တာပဲ။    



မော်လမြိုင်က  အစား

ပြောလေ့ပြောထ ရှိခဲ့ဖူးတယ်။

ရန်ကုန်က အကြွား၊
မန္တလေးက စကား၊
မော်လမြိုင်က အစား လို့။

ဒီနေရာမှာ “မော်လမြိုင်က အစား”ဆိုတာကို ဋီကာချဲ့ ပြီး အကျယ်အကျယ်မပြောလိုပါဘူး။ အခုတစ် ခေါက်မော်လမြိုင်ကိုရောက်ရင်း ကြုံကြိုက်လို့ မှတ်မှတ်ရရရှိခဲ့တာလေးကိုပဲ ပြောပါ့မယ်။ မော်လမြိုင်က မိတ်ဆွေများအကြောင်းပြောခဲ့တုန်းက ဒေါက်တာမျိုးဆွေကြည်နဲ့မိမိတို့ ညပိုင်းမှာ ဆေးရုံကနေ ကျား တံတားရပ်ကိုသွားပြီး လက်ဖက်ရည်သောက်လေ့ရှိကြောင်း ရေးခဲ့ပါတယ်။ ဆိုင်က သိပ်မဝေးပါဘူး။ ဥ ဇိနဘုရားလမ်း(ဆေးရုံကြီးလမ်း)နဲ့အောက်လမ်းမကြီးဆုံတဲ့ထောင့်မှာပါ။ ဆေးရုံကနေ ၇ မိနစ်လေက်ပဲ လျောက်ရတာ။ ပိုင်ရှင်ရဲ့ နာမည်က ‘ဦးအစိတ်’ဖြစ်ပြီး မြန်မာတရုတ်ပေါ့။   

လက်ဖက်ရည်ဆိုင်နဲ့မျက်နှာချင်းဆိုင်က ဓါတ်မီးတိုင်အောက်မှာတော့ နာမည်ကြီး”ကျားတံတားဘိန်း မုန့်”ဆိုင်ရှိပါတယ်။ ညနေကနေ ည ၈နာရီခွဲလောက်အထိရောင်းတဲ့ လမ်းဘေးဆိုင်လေးပါ။ ဘိန်းမုန့် ဆိုတာ ဆန်မှုန့်နဲ့ထန်းလျက်ရည်ရောပြီး အထက်မီးအောက်မီးပေးကာ အပေါ်က ဘိန်းစေ့ဖွေးဖွေးလေး တွေဖြူးထားတဲ့မုန့်ပါ။ တစ်ခါတစ်ရံ ညပိုင်းဗိုက်ဆာလို့ရှိရင် အဲဒီဘိန်းမုန့်နဲ့လက်ဖက်ရည်သောက်လေ့ရှိ တယ်။ ကျားတံတားဘိန်းမုန့်က ပူပူနွေးနွေးနဲ့နုအိပြီး မွှေးပါ တယ်။ အရသာလည်း သိပ်ကောင်းပါတယ်။ 

ဒါ့ကြောင့် ‘ကျားတံတားဘိန်းမုန့်’ဆိုပြီး နာမည်တစ်လုံးရထားတာဖြစ်ပါလိမ့်မယ်။ ဘိန်းမုန့်ဆိုင်ရဲ့ အနား မှာ သူ့လိုပဲညပိုင်းမှာဖွင့်တဲ့ လက်ဖက်သုတ်ဆိုင်ရှိပါတယ်။ ဒီဆိုင်က လက်ဖက်သုတ်ရဲ့ ထူးခြားချက်က တော့ လက်ဖက်ကိုနုဖတ်အောင်ထောင်းထားပြီး ကြွပ်ရွအောင်ကျော်ထားတဲ့ကြက်သွန်ဖြူတွေပဲဖြစ်ကြ တယ်။ သူကလည်း လက်ဖက်ရည်နဲ့ဆို လိုက်ဖက်ပြန်ကော။

ဒါကြောင့် ခဏတစ်ဖြုတ်ပဲထိုင်ခဲ့တဲ့စာပေဟောပြောပွဲကနေ ဟိုတယ်အပြန်မှာ ကျားတံတားကိုသွားပြီး ဘိန်းမုန့်နဲ့လက်ဖက်သုတ်ဝင်ပြီးဝယ်ခဲ့တယ်။ ဟိုတယ်မှာနေခဲ့တဲ့ဇနီးကို မျက်နှာလုပ်ဖို့။ ပြီး မိမိလည်း စားချင်လို့။ ကားဆရာကတော့ ကွမ်းသမားမို့ မစားဘူးတဲ့။ ကြုံကြိုက်တာနဲ့ ယခင်ကဘိန်းမုန့်လုပ်တဲ့ အဒေါ်ကြီးနဲ့ လက်ဖက်သုတ်ရောင်းတဲ့အဒေါ်ကြီးတွေအကြောင်း မေးမြန်းကြည့်တော့ မရှိရှာကြတော့ ဘူးလို့သိရတယ်။ ဘိန်းမုန့်ကို သမီးနဲ့သားမက်ကဆက်လုပ်နေပြီး လက်ဖက်သုတ်ဆိုင်ကိုတော့ သားက ပဲ ဆက်ရောင်းနေတာ။ 






No comments:

Post a Comment