မနေ့ညနေပိုင်း(သောကြာ)က မှေးကနဲတချက်အိပ်ပျော်သွားပြီး ည ၉ နာရီခွဲမှာနိုးလာတော့ မော်လမြိုင်
ပြည်နယ်ဆေးရုံကြီးမှာ အလုပ်အတူလုပ်ခဲ့ကြတဲ့ ဒေါက်တာဦးဝင်းတင်ဆီကအထက်ပါပုံလေး မိမိရဲ့ မက်
ဆင်ဂျာမှာရောက်နေတာတွေ့ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်လို့ပဲပြောရမှာပါ။
မိမိကိုယ်တိုင်ကလဲ ကိုဗစ်မျိုးကွဲအိုးမီခရွန်ရဲ့  ပါးပါးလေးပုတ်တာကိုခံလိုက်ရပြီး အဲဒီရောဂါကနေပြန်လည်
ကောင်းမွန်လာကြောင်း အကြောင်းကြားစာ(Recovery memo)ကို ကြာသပတေး(မတ်လ ၁၀ ရက်)ညနေ
၂ နာရီခွဲကျော်မှာ စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ရရှိခဲ့တာဖြစ်တယ်။
ပြီးခဲ့တဲ့တစ်ပတ်ခြားဖြစ်တဲ့ ကြာသပတေးနေ့ (မတ်လ ၃ ရက်)နေ့မှာ မနက်စောစော အိပ်ရာကနိုးတော့ ထုံး
စံအတိုင်း ရေမိုးချိုးပြီး ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုကို ဆေးရုံကပေးထားတဲ့ COVID-19 self-test kits နဲ့စစ်
ဆေးပါတယ်။
အဖြေက နက်ဂက်တစ်ပါ။ ရောဂါပိုးမရှိပါဘူး။
ဒါပေမယ့် အ၀တ်အစားတွေဝတ်ပြီးလို့ အလုပ်သွားဖို့အဆင်သင့်ဖြစ်တဲ့အချိန်မှာ စိတ်ထဲမှာချမ်းစိမ့်စိမ့်လေး
ခံစားမိပါတယ်။
ဒါနဲ့ အပတ်စဉ် တနင်္လာနေ့နဲ့ကြာသပတေးနေ့ ၂ ရက် ဆေးရုံကိုသတင်းပို့နေကျအတိုင်း နံနက် ၆ နာရီခန့်
မှာ ၀ပ်(စ)အက်(ပ) (WhatsApp) ကနေအောက်ပါအဖြေပုံလေးပို့ပေးလိုက်ပါတယ်။
ချမ်းစိမ့်စိမ့်လေးဖြစ်လို့ အဖျားတိုင်းကြည့်မယ်ဆိုပြီး အသုံးမပြုတာကြာပြီဖြစ်တဲ့သာမိုမီတာကိုယူပြီးစစ်တဲ့
အခါက သာမိုမီတာကပျက်နေတာကြောင့် နံပတ်တွေမတွေ့ရဘူး။
နောက်ပြီး ကိုယ့်ကိုယ်ကို ကိုယ်ပူတယ်လို့မထင်မိတာရယ်၊ အ၀တ်အစားကလည်း လဲထားပြီးဖြစ်လို့ အိတ်
ကလေးယူပြီး အိမ်ကနေဘတ်(စ)ကားစီးကာ အလုပ်သွားရန် လိတ်ဆိုက်ဘူတာရုံ(Lakeside station) ကို
သွားတယ်။
အဲဒီရောက်တော့ ဘူတာက ခြီးယားစ်ကုန်စုံဆိုင်လေး (Cheers convenience store)မှာ သာမိုမီတာတစ်ခု
ဝယ်ပြီး ဆိုင်ထဲမှာပဲ အဖျားတိုင်းကြည့်လိုက်တော့ ၃၇.၃ ဒီဂရီစင်တီဂရိတ်ရှိတာသိရတယ်။
ဒါကြောင့် ဒီနေ့အလုပ်မလာပဲ အိမ်မှာအနားယူမယ့်အကြောင်းနဲ့ ဆရာဝန်လဲမပြသေးဘူး၊ စောင့်ကြည့်လိုက်
ဦးမယ်လို့ ၀ပ်(စ)အက်ကနေ မိမိ၏ဌာနမှူးကို အကြောင်းကြားပြီး ဘူတာကနေ အိမ်ကိုပြန်လာခဲ့တယ်။ ရိုးရိုး
ခွင့်ပဲယူမယ်လို့ပြောလိုက်ပါတယ်။
အဲဒီနေ့က အိမ်မှာအနားယူနေရင်းနဲ့ နေ့ခင်ပိုင်းရောက်တော့ ချောင်းခြောက်လေး တခါတခါဆိုးလာတာကို
သတိပြုမိတယ်။
ကိုယ်အပူချိန်ကို တိုင်းကြည့်တဲ့အခါမှာ ၃၇.၇ ဒီဂရီစင်တီဂရိတ်ရှိတာတွေ့ရတယ်။
လူက ဘာမှထူးထူးခြားခြား မခံစားရေးပေမယ့် ဖျားတာကတော့ သေချာသွားပါပြီ။
ဒါနဲ့နောက်တနေ့မနက်မှာ အိပ်ရာကစောစောထပြီး COVID-19 self-test kits နဲ့စစ်ဆေးကြည့်ပါတယ်။
အဖြေကတော့ အခုထိ နက်ဂက်တစ်ပါ။ ရောဂါပိုး မတွေ့ရသေးပါဘူး။
ကိုယ်အပူချိန်များတာ(fever)ရယ် ချောင်းခြောက်ဆိုးတာ(dry cough) တွေရယ်ကြောင့် မတ်လ ၄ ရက် မ
နက်မှာ အလုပ်ကိုမသွားတော့ပဲ ဆရာဝန်နဲ့ပြဖို့ဆေးခန်းကိုသွားလိုက်တယ်။
ဒီအကြောင်းကို ၀ပ်(စ)အက်(ပ)ကနေ ဌာနမှူးကို သတင်းပို့လိုက်တယ်။
မိမိရဲ့ ရောဂါလက္ခဏာကိုမေးပြီး ဂျီပီဆေးခန်းဆရာဝန်က မိမိကိုစမ်းသပ်မကြည့်ဘဲ အနားမှာရှိတဲ့ EHA
Clinic ကိုသွားပြရန်ညွှန်ပါတယ်။
အဲဒီဆေးခန်းက ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး သီးသန့်တာဝန်ပေးခွင့်ပြုထား
တဲ့ဆေးခန်းဖြစ်ပါတယ်။
အဲဒီမှာ နှာခေါင်းထဲဂွမ်းစတုတ်နဲ့ထိုးနှိုက်ရတဲ့ အေအာတီစစ်ဆေးမှု(ART test)နဲ့ ပီစီအာစစ်ဆေးမှု(PCR test)တွေ တပြိုင်တည်းပြုလုပ်ပေးပါတယ်။
ဆရာဝန်က ကိုယ်အပူချိန်ယူတဲ့အခါ ၃၈.၈ ဒီဂရီစင်တီဂရိတ်ရှိပါတယ်။
ဒါကြောင့် စောစောကစစ်ဆေးမှု ၂ ခုကို စစ်ခိုင်းတာဖြစ်ပါတယ်။
ဆရာဝန်က ဆေးခွင့် ၅ ရက် ပေးလိုက်ပါတယ်။
ဒီနေရာမှာ ထူးခြားတာလေးတစ်ခုတွေ့ရတာကတော့ အထက်က စစ်ဆေးမှု ၂ မျိုးနဲ့ ဆရာဝန်စမ်းသပ်ကြည့်
ရှုခအားလုံးပေါင်းကို (၁၀) ဒေါ်လာပဲပေးရတာဖြစ်တယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေအတွက် စင်ကာပူနိုင်ငံအစိုးရက ကုန်ကျမှုများများကျခံပေး (heavily subsidised) တာကြောင့်ဖြစ်ပါတယ်။
မိမိအနေနဲ့က အသက်အရွယ်ကြီးသူ (Senior citizen) ဖြစ်တာရယ်၊ ဆေးရုံမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းဖြစ်
တာရယ်တွေကိုပါ ထည့်သွင်းစဉ်းစားပေးပုံရမယ်ထင်ပါတယ်။
ဆေးခွင့် ၅ ရက်ပေးလိုက်သလို သောက်ဆေး ၃ မျိုးလဲ ၅ ရက်စာပေးလိုက်ပါသေးတယ်။
- အဖျားကျဆေးပြား
- ချောင်းဆိုးပျောက်ဆေးရည်နဲ့
- နှာခြေနှာရည်ယိုတာအတွက် ဆေးပြားလေးတွေဖြစ်ကြတယ်။
ဒါတွေအားလုံးအတွက်လဲ စောစောကပေးရတဲ့ဆေးဖိုးဝါးခ ၁၀ ဒေါ်လာထဲပါပြီးသားပါ။
အဲဒီပေးလိုက်တဲ့ဆေးတွေကိုသောက်တာမကုန်ပါဘူး။
လူက တစ်ရက် နှစ်ရက်နဲ့ နေကောင်းသွားခဲ့ပါတယ်။
အဖျားက မတ်လ ၅ ရက် (ဆေးသောက်တဲ့ဒုတိယရက်မှာတင်) ပုံမှန်ပြန်ရောက်သွားခဲ့ပါတယ်။
ချောင်းဆိုးတာလဲ မပြောပလောက်ဘူး။ တနေ့လုံးမှ သုံးလေးခါလောက်ပဲဆိုးတာ။ တခဏလေးပဲ။
နှာရည်ယိုတာကတော့ ထမင်းစားပြီးခါစပဲဖြစ်တတ်တာ။ အစပ်စားလို့ဖြစ်တာမျိုးလိုပဲ။ ကျန်တဲ့အချိန်တွေ
မှာ မဖြစ်ဘူး။
ဒါကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်တယ်လို့သာပြောရတာ အနေအထိုင်အစားအသောက်နဲ့ အိပ်တာတွေကို
ဘာမှမထိခိုက်ခဲ့ဘူး။
အလုပ်ကိုမသွားရဘဲ (အပြင်ကိုလဲ မထွက်ရဘဲ) အိမ်မှာနားနားနေနေလေးနေပြီး ဟိုတယ်မှာနေသလိုမျိုး
အစားအစာတွေကို အပြင်ကနေပဲမှာစားဖြစ်တော့တယ်။
KFC နဲ့ McDonald's ဆိုင်တွေက ဘိုစာတွေမှာစားတယ်။
ကုလားဆိုင်ကနေ တိုရှည်တို့ ပလာတာတို့မှာစားတယ်။
တရုတ်ဆိုင်ကနေ ဟော်ဖန်တို့၊ မီးပေါ့ တို့ဆိုတာတွေမှာစားတယ်။
ဒီအစာစအစာတွေကို ၅ ရက် တစ်ပတ်လောက်စားပြီးတော့ ငြီးငွေ့သွားပါတယ်။
နဂိုကတည်းက ဆိုင်ကိုသွားပြီးစားတတ်တဲ့အလေ့အထကရှိတာဖြစ်လို့မို့ အိမ်ကိုမှာပြီးစားရတာ အရသာသိပ်
မရှိလှဘူး။
ပြောရရင် စားရတာ ဖီလင်မလာဘူးလေ။
"အိုးမီခရွန်ရောဂါပိုးက လူငယ်တွေနဲ့သက်ကြိးရွယ်အိုတွေကို ဝေဒနာပြင်းထန်မှု နည်းပါးကောင်းနည်းပါး
စေနိုင်ပေမယ့် ဝေဒနာနဲနဲလေးပဲဖြစ်စေတာ(mild) တော့မဟုတ်ပါဘူး"လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက
အတိအလင်းသတိပေးပြောကြားထားပါတယ်။
No comments:
Post a Comment