သူက နှစ်စဉ်နှစ်တိုင်း ခြံထဲမှာ ခရမ်းချဉ်ပင် စိုက်လေ့ရှိတယ်။ တစ်နှစ်မှာ အသက်ကလဲကြီးလာ ခြံမြေက လဲမာတာကြောင့် သူတစ်ယောက်ထဲ မလုပ်ကိုင်နိုင်တာနဲ့ ထောင်ထဲမှာရောက်နေတဲ့ သူ့သားထံ ယခုလို စာရေးလိုက်တယ်။
ချစ်တဲ့ သားကြီးဗင်းဆဲန့်
အဖေတော့ ဒီနှစ် ခြံထဲမှာ ခရမ်းချဉ်ပင် စိုက်နိုင်မယ်မထင်တော့လို့ စိတ်မကောင်းဖြစ်မိတယ် လူလေးရယ်။ အဖေက အိုမင်းလာပြီမို့ ခြံမြေကို အရင်လို မတူးဆွနိုင်တော့ဘူးကွယ်။ မင်း အိမ်မှာရှိနေလို့ကတော့ ဒါက ဘာအရေးဟုတ်မှာလဲကွာ။ အခါတိုင်းနှစ်တွေလို အဖေ့ကို မင်း ကူလုပ်ပေးမှာ အသေအချာပဲပေါ့။
ချစ်တဲ့ အဖေကြီး။
ဒီလိုနဲ့ ရက်အနည်းငယ်ကြာတဲ့အခါ အဖိုးကြီးထံ စာတစ်စောင်ရောက်လာခဲ့တယ်။
ချစ်တဲ့ အဖေကြီး
ခြံထဲကမြေတွေကို မတူးဆွလိုက်ပါနဲ့။
အဲဒီမှာ သား လူသေအလောင်းတွေ မြှုပ်ထားလို့ပါ။
ချစ်တဲ့သားမောင် ဗင်းဆဲန့်။
ဒါနဲ့ နောက်တစ်နေ့မနက် ၄ နာရီမှာ အက်ဖ်ဘီအိုင်(FBI)က ထောက်လှမ်းရေးတွေရောက်လာပြီး ခြံကိုမြေလှန်ပြီး ရှာကြပါတော့သတဲ့။ ဘာအလောင်းမှ မတွေ့ရတာမို့ အဖိုးကြီးကို တောင်းပန်ပြီးပဲ ပြန်သွားခဲ့ကြတယ်။
အဲဒီနေ့မှာပဲ အဖိုးကြီးထံ နောက်ထပ်စာတစ်စောင် ရောက်လာခဲ့ပြန်ပါတယ်။
ချစ်ရပါတဲ့ အဖေကြီးရေ
အဖေကြီးစိုက်ချင်လှတဲ့ ခရမ်းချဉ်ပင်တွေကို အခု စိတ်ချလက်ချသာ စိုက်ပေတော့။
လက်ရှိအခြေအနေမှာ အဖေ့ကို သား ဒီလောက်ပဲ အကောင်းဆုံး ကူညီနိုင်ပါတယ်။
ချစ်တဲ့သားမောင် ဗင်းဆဲန့်။
စာကိုး။ ။ မိတ်ဆွေတစ်ဦး မနေ့က Forward လုပ်လိုက်တဲ့ အီးမေးမှ "Learn to think outside the box"ကို မြန်မာလိုဆီလျော်အောင်ပြန်ပြီး ဖော်ပြပေးရတာပါ။
အခါတိုင်းလို တွေးရိုးတွေးစဉ် လုပ်ရိုးလုပ်စဉ်မဟုတ်ပဲ ကြံဆတည်ထွင်ပြီး အမြင်သစ်နဲ့ စဉ်းစားကြည့်ဖို့ လုပ်ကိုင်ကြည့်ကြဖို့ ပြောပြတိုက်တွန်းတာရယ်ပါ။
စာရေးသူတို့ အားလုံးလိုလို သမရိုးကျ လွယ်လွယ်ပဲတွေးပြီး အလွယ်လေးပဲလုပ်ကိုင်ချင်တတ်ကြတယ်။ နည်းနည်းလေး ဥာဏ်ကွန့်ပြီး မတွေးချင်ကြဘူး။ အဲဒီလိုလုပ်ဖို့ မလိုဘူးလို့တောင် ထင်ထားတတ်ကြ တာ။
အဲဒါပြောတာပေါ့၊
"လူချင်းတူပေမယ့် အသက်ရှူတာချင်းကွဲတယ်"လို့။
No comments:
Post a Comment