"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 10, 2011

I Think YOU Take

ဒီနေ့မနက် ဂျူရောင်းပွိုင့်မှာ နံနက်စာစား ဈေးဝယ်ပြီးပြန်လာတော့ တက္ကစီဆရာက သတိပြုစရာလေး တစ်ခု လမ်းမှာပြောပြခဲ့ပါတယ်။

တလောက မလေးလူမျိုးလင်မယားနှစ်ယောက် ဈေးဝယ်အပြီး သူ့တက္ကစီနဲ့ အိမ်ပြန်ပါသတဲ့။ အိမ်ရောက် လို့ တက္ကစီပေါ်ကလဲဆင်းကော ဇနီးဖြစ်သူက "ဆန်အိတ်ကော ဘယ်မှာလဲ" လို့ ခင်ပွန်းဖြစ်သူကိုမေး တော့ ခင်ပွန်းဖြစ်သူက "I think you take"လို့ ဖြေလိုက်သတဲ့။ ဒါနဲ့ ဇနီးဖြစ်သူကလဲ အားကျမခံပါပဲ "I think you take"လို့ပဲ ပြန်ပြော ပါသတဲ့။ ဒီလိုနဲ့  "I think you take" .... "I think you take" အပြန်အ လှန်ပြောကြရင်းနဲ့ shopping mall ကို တက္ကစီနဲ့ပြန်ရောက်သွားကြပါလေကော။ တော်ပါသေးရဲ့ ဆိုင်က သူတို့ဆန်အိတ်ကို သိမ်းထားပေးပေလို့။ နောက်တစ်ခါ အိမ်ပြန်ရောက်တော့ တက္ကစီဆရာက ခင်ပွန်းဖြစ် သူကို ရယ်စရာစကားလေး ပြောခဲ့ရသေးတယ်တဲ့။
"ဒီတခါ ခင်ဗျာ့မိန်မကို ကားပေါ်မေ့မထားခဲ့နဲ့ဦး"လို့။

တစ်လက်စာတည်း တက္ကစီဆရာကဆက်ပြောပါသေးတယ်။ တခါက သူ့မိတ်ဆွေရဲ့တက္ကစီဘု့(boot)ထဲ မှာ ခရီးသည်က ဟင်းချက်စရာတွေ မေ့ကျန်ခဲ့ပါသတဲ့။ အကြမ်းဖျင်းတွက်ကြည့်တာ ဒေါ်လာ ၁၀၀ ဖိုး လောက် တန်ဖိုးရှိမယ်ဆိုပါတယ်။ အဲဒီလိုတက္ကစီထဲမှာ ခရီးသည်တွေ ပစ္စည်းမေ့ကျန်တတ်တာ မကြာခ ဏဆိုသလိုပါပဲ။ ပိုက်ဆံအိတ်၊ ဆဲလ်ဖုန်း၊ လက်ကိုင်အိတ်စသဖြင့် စုံလို့စုံလို့ပါတဲ့။

ဒါကြောင့် တက္ကစီဆရာကြီးရဲ့ စပ်မိစပ်ရာစကားလေးနဲ့ သတိပေးလိုက်ပါရစေ။

"တက္ကစီစီးရင် ကိုယ့်ပစ္စည်းမမေ့အောင် မကျန်ခဲ့အောင် သတိလေးထားကြပါ" လို့လေ။

မဟုတ်ရင် ကိုယ့်ပစ္စည်းဆုံးရတဲ့အပြင် "I think you take" .... "I think you take"နဲ့ လင်မယားနှစ်ယောက် ရန်ဖြစ်နိုင်သေးတယ်။

No comments:

Post a Comment