"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 31, 2011

စင်ကာပူရောက် ရွှေများ

ယခုမိမိလုပ်နေတဲ့ လက်ရှိအလုပ်ကို လာမည့်နှစ်မှာဆက်လုပ်ဖို့အတွက် ပြီးခဲ့တဲ့စနေနေ့က ဂျူရောင်း အိစ်အရပ် ၁၃ လမ်းက ၄ ထပ်မှာရှိတဲ့ စာတားဆေးခန်း (SATA COMMHEALTH) ကို ဇနီးနဲ့အတူ ရောက်သွားခဲ့တယ်။ အိမ်နားကနေ ဒေသအတွင်းပတ်ပြီးမောင်းတဲ့ အမှတ် ၃၃၄ ဘတ်စ်ကားနဲ့ ဂျူ ရောင်းအိစ်ဂိတ်ဆုံး(interchange) အထိစီးသွားရပြီး၊ အဲဒီကနေ ကားလမ်းကျော်လိုက်တာနဲ့ စာတား ဆေးခန်းရှိရာ အဆောက်အဦကို ရောက်ပါတယ်။

ဆေးခန်းကိုရောက်တော့ နံနက် ၁၀ နာရီထိုးခါနီးပါ။
မှတ်ပုံတင်ကောင်တာမှာ ရုံးကယူလာတဲ့စာရွက်ကိုပြတဲ့အခါ ၀န်ထမ်းအမျိုးသမီးက"ဒီနံပတ်လေးခေါ် တာကို ဟိုကထိုင်ခုံမှာခဏလေးထိုင်စောင့်ပေးပါ အန်ကယ်"လို့ မြန်မာလိုပြောပါတယ်။ ဪ.ဒီမှာလဲ မြန်မာကလေးမလေးရှိပါလားလို့တွေးမိပြီး ၀မ်းသာမိရတယ်။ နောက်ပြီး ဓါတ်မှန်ခန်းကိုသွားပြန်တော့ လဲ တာဝန်ကျကလေးမလေးက ဆေးစာရွက်ကိုကြည့်ပြီး "အန်ကယ်က မြန်မာလား၊ ဒီမှာ နံမည်လေး တွေ့လို့ပါ အန်ကယ်"လို့ မြန်မာလိုပြောပြန်ပါတယ်။ တွေ့ရပြန်ပါပြီနောက်မြန်မာလေးတစ်ယောက်ဆိုပြီး ၀မ်းသာရပြန်တာပါပဲ။ 

တုံကင်နံပတ်လေးရပြီး ထိုင်ခုံမှာထိုင်နေတုံး ကောင်တာမှာမြန်မာလူငယ်လေးနှစ်ဦး ၀န်ထမ်းနဲ့စကား ပြောနေတာကို အဝေးမှကြားနေရပါတယ်။ ဆေးစစ်ခ ပေးတာနဲ့ပတ်သက်လို့ ဖြစ်တယ်။ ကြားခဲ့မိသ လောက်သိရတာက ဆေးစစ်ခကိုအလုပ်ရှင်ကပေးမယ်ဆိုပေမယ့် သူတို့အနေနဲ့ အခုပေးဖို့လိုကြောင်း ရှင်းပြနေတာဖြစ်တယ်။ ဒါနဲ့ သူတို့ပြန်ထွက်သွားပြီး ငွေသွားထုတ်ကြတယ်ထင်ပါတယ်။ ခဏနေတော့ သူတို့နှစ်ယောက်ပြန်ရောက်လာကြပြီး ဆေးစစ်ခပေးချေကြတာ တွေ့ရတယ်။ ဒီတစ်ခါ နောက်ပြသနာ တစ်ခု ထပ်ပေါ်လာပြန်တာက တုံကင်နံပတ်အသစ်ရလို့ နံပတ်ကြီးသွားပြီး စောင့်ချိန်ပိုလို့ကြာရှည်တာ ဖြစ်တယ်။

ဒီလိုနဲ့ ကိုယ်အလေးချိန်၊ အရပ်၊ မျက်စိနဲ့ ဆီးစစ်ဆေးမှုတွေပြီးလို့ ဆရာဝန်နဲ့တွေ့ဖို့ နံပတ်ခေါ်တာကို စောင့်နေတဲ့အခါ ဓါတ်ခွဲခန်းအ၀မှာ မြန်မာအမျိုးသမီး ၂ ဦး မြန်မာစကားပြောနေကြတာတွေ့ရပါတယ်။ တစ်ယောက်က ဆေးစစ်ဖို့လာပုံရပါတယ်။ အခြားတစ်ယောက်ကတော့ အဖော်လိုက်ပေးတာဖြစ်မှာပါ။ ဆရာဝန်နဲ့တွေ့ ကိစ္စအားလုံးပြီးလို့ ပြန်မယ်လုပ်တော့ စာရေးသူတို့ခုံတန်းအနောက်နားမှာ မြန်မာပြည် က အလည်လာတာဖြစ်မယ်လို့ ထင်ရတဲ့ အဖိုးအဖွားနှစ်ဦးကို မိသားတစ်စုနဲ့ တွေ့ခဲ့ရသေးတယ်။ 

နိဗ္ဗာန်

တလောက အိမ်ကဇနီး မြန်မာပြည်မှလာတဲ့သူ့မိတ်ဆွေတစ်ဦးအား မာရီးနားဘေးဆဲန်စ် (Marina Bay Sands)ကို လိုက်ပို့ပေးခဲ့တယ်။ အဲဒီကနေမှ ဂျူရောင်းအိစ်ကို ဘတ်စ် ၉၇ စီးပြီးပြန်လာတော့ မြန်မာမိ သားစုတစ်စုနဲ့ ကားမှတ်တိုင်မှာ ဆုံခဲ့ပါတယ်။ ဒီမိသားစုမှာ မြန်မာပြည်က အလည်လာတဲ့ လူကြီးလင်မ ယားလဲ ပါပါတယ်။ ဘတ်စ်ကားရောက်လာတော့ ကားပေါ်ကိုတက်ခဲ့ကြတယ်။ ကားပေါ်ကိုရောက်တာနဲ့ ထိုင်ခုံမှာထိုင်ချရင်း အဖိုးကြီးက ဆိုင်းမဆင့် ဗုံမဆင့် အားပါးတရကြီး ပြောလိုက်တယ်။

"ဟာ ကွာ.. အဲယားကွန်းကလဲ အေးလိုက်တာ၊ နိဗ္ဗာန်ရောက်သွားတာကြနေတာပဲ"



No comments:

Post a Comment