"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, March 15, 2012

လင်နဲ့မယား ခရီးသွား


ဒီအကြောင်းအရာလေးကို ရေးချင်နေမိတာ ကြာလှခဲ့ပြီ။

စိတ်ကူးနေတာလည်း ကြာလှခဲ့ပြီ။

ပြောပြခဲ့မိတဲ့သူအပေါင်းကလည်း မနည်းလှတော့ဘူး။

အခုမှပဲ စ,ပြီးရေးဖြစ်တော့တာ။

စ,ပြီးတွေးခဲ့မိတာက ဒီလို။

စာရေးသူတို့ဇနီးမောင်နှံ အိမ်ထောင်ကျစကတည်းက လင်နဲ့မယားခရီးသွားဖြစ်ခဲ့တာ။ မိမိအလုပ်လုပ် 

နေတဲ့ မော်လမြိုင်ကနေ ဇနီးရဲ့ ဇာတိဖြစ်တဲ့မုဒုံကို တနင်္ဂနွေအပတ်တိုင်းသွားခဲ့ကြတယ်။ မိုးရွာမရှောင် 

နေပူမရှောင်ပဲ ၄ နှစ်တိတိ တစ်ပတ်မှမပျက်အောင်ကို သွားနိုင်ခဲ့ကြတာ။ သွားခဲ့ကြတုန်းက ပျော်ခဲ့ရသ 

လို အခုနေပြန်တွေးကြည့်ပြန်တော့လည်း ပျော်ရတာပါပဲ။ ဒီခရီးသွားခဲ့တဲ့အကြောင်းတွေကို တစ်ခါတစ် 

ခါ သတိတရပြန်ပြောကြရင်း ကြည်နူးကြရတယ်။ 

 























မော်လမြိုင်ဆေးရုံဝင်းထဲကအိမ်တွင် စာအုပ်စင်ရှေ့ မှာ သမီးလေးနှင့်အတူ...။ (၁၉၇၉)

မော်လမြိုင်နဲ့မုဒုံဆိုတာက ဝေးတာမှမဟုတ်တာ။ ကိုယ့်ကားနဲ့ကိုယ်ဆိုရင် ၄၅ မိနစ်ပဲကြာတယ်။ လိုင်း 
ကားနဲ့ဆိုပြန်ရင်လည်း ခရီးသည်အတင်အချနဲ့ဘာနဲ့ တစ်နာရီကျော်လောက်ကြာတတ်တာ။ အဲဒီအချိန် 
က ကားခကလည်း မများလှဘူး။ 

ဝန်ထမ်းဆို ကားခကပိုလို့တောင် သက်သာသေးတယ်။ 

ကားတွေက ပေါတယ်။ လမ်းကလည်း ကောင်းတယ်။ နယ်မြေလည်း အေးချမ်းတယ်။ အစကတော့ လင် 
ကိုယ်မယားနှစ်ယောက်တည်းမို့ လွတ်လွတ်လပ်လပ်။

နောက်တစ်ခါ သမီးလေးရလာတော့လည်း မိသား စုသုံးယောက်မို့တစ်မျိုးတစ်ဘာသာ ပျော်ကြရပြန်တာ
ပါပဲ။ မော်လမြိုင်နဲ့မုဒုံကို ပြေးဆွဲတဲ့ဒတ်ဆန်းကားတွေက ဘေးဘက်နှစ်တန်းမှာရှိတဲ့ထိုင်ခုံရှည်အပြင် အ
လယ်မှာပါ ခွေးခြေခုံလေးထိုးထည့်ပြီး လူတင်တာဖြစ်လို့ ကျပ်ကျပ်ညပ်ညပ် ရှိတတ်တယ်။ 

ဒါကြောင့် စာရေးသူတို့က ကားခေါင်းခန်းကပဲ စီးလေ့ရှိကြတာ။ ကားခ နည်းနည်းတော့ ပိုပေးရတာပေါ့။ 
ကားခထက်ပိုပြီးအရေးကြီးတာက ကားခေါင်းခန်းမှာ နေရာရဖို့ဖြစ်တယ်။ 



















ဇနီး သမီးနှင့်သားတို့ မော်လမြိုင်-မုဒုံသွားသည့် ကားခေါင်းခန်းမှာ နေရာဦးထားကြစဉ်။
(ဓါတ်ပုံ - ဖိုးတာ)

မိမိနေတဲ့ဆေးရုံကြီးနားက ကားတားပြီးစီးလို့ကတော့ ခေါင်းခန်းမရနိုင်ဘူး။ ဒါကြောင့် ဒတ်ဆန်းကား 

ဂိတ်ရှိတဲ့ဆီကို လိုင်းကားစီးပြီး အရင်သွားရသေးတာ။ အဲဒီမှာမှ နောက်ထွက်မယ့်ကားက ဘယ်ကား 

လဲလို့မေးမြန်းပြီး ခေါင်းခန်းနေရာကို ကြိုဦးကြရတာ။ အဲဒီတုန်းက စနေနေ့မှာ နေ့တစ်ဝက်အလုပ်လုပ် 

ကြရတာဖြစ်လို့ စာရေးသူအလုပ်ပြီးခါနီးမှာ ဇနီးက အထုတ်အပိုးတွေနဲ့ရောက်လာတတ်တယ်။ 

အလုပ်ပြီးတာနဲ့ ဆေးရုံကြီးကနေ အောက်လမ်းဖက်(ကျားတံတား) လျောက်ဆင်းကာ လိုင်းကားနဲ့ 

ကားဂိတ်သွားရတယ်။ 
















မော်လမြိုင်ဆေးရုံကြီးဝင်းထဲက အမှုထမ်းအိမ်ခန်းများ။
(ဓါတ်ပုံ - ဖိုးတာ)


တစ်ပတ်လုံးလုံး ဆေးရုံကအလုပ်ခန်းနဲ့အိမ်မှာပဲ လုံးလည်ခတ်နေတာဖြစ်လို့ ယခုလိုခရီးတိုလေး 

တစ်ပတ်တစ်ခါထွက်ပေးရတာ ပျော်စရာကြီးပဲ။ စိတ်ပြောင်းစိတ်လွဲလည်းဖြစ်ရတယ်။ မုဒုံမှာက 

ဇနီးရဲ့ အိမ်ဆိုတော့ ဆွေမျိုးတွေ အိမ်နားနီးချင်းတွေနဲ့ စကားစမြည်ပြောရတယ်။ နေ့ခင်းဆိုရင် သူ့

ဆွေမျိုးတွေရယ် အိမ်နားနီးချင်းတစ်ချို့ ရယ်နဲ့ အိမ်မှာစည်ကားနေတတ်တယ်။ 

စားကြသောက်ကြ ရယ်ကြမောကြနဲ့ပါပဲ။      














နေ့ခင်းမှာ လက်ဖက်သုတ်နဲ့ထမင်းနယ်ပြီး ရေနွေးကြမ်းသောက်ရင်း စားတတ်ကြတယ်။
(ဓါတ်ပုံ - ဖိုးတာ)

ဇနီးနဲ့သူ့ကြီးမေကြီးက ဧည့်သည်တွေအတွက် လက်ဘက်ရည်ဖျော်တယ်။ လက်ဖက်သုတ်တယ်။

ပေါင်မုန့်အုန်းနို့ဆမ်းလုပ်တဲ့အခါ လုပ်ကျွေးတတ်တယ်။ တစ်ခါတစ်ခါမှာ လမ်းကဖြတ်သွားတဲ့မုန့်

လက်ဆောင့်သည်ခေါ်ပြီး စားကြသေးတယ်။ သူ့အိမ်ကိုပြန်ရောက်သွားတဲ့အခါ ဇနီးက ကလေးပြန်

ဖြစ်သွားပြီး အိမ်နားကအအေးဆိုင်ကို သူ့ညီမလေးတွေလွှတ်ပြီး ရေခဲခြစ်ဝယ်ခိုင်းလို့ စားချင်စားနေ

တာ။ အရပ်ထဲမှာ ဘုရားပွဲရှိရင်တော့ ပွဲဈေးကဘူးသီးကျော်ပူပူနွေးနွေးနဲ့ ထမင်းစားရင်း ညနေစာပြီး

သွားရတာမျိုးလည်းရှိရဲ့ ။ နံနက်စောစောမှာ အိမ်ရှေ့ ဆွမ်းလောင်းရုံက အကြီးလှဂုဏ်ရဲ့ ဘိတ်မုန့်စား

တဲ့အခါစားတယ်။ ကားဂိတ်ဖက်ထိ လမ်းလျောက်ထွက်တဲ့ပြီး နံပြားနဲ့စားတော်ပဲ ဒါမှမဟုတ် မုန့်ဟင်း

ခါးသွားစားတတ်ကြတယ်။










တနင်္ဂနွေနေ့ညနေမှာ မော်လမြိုင်သို့ပြန်ဖို့ကားဂိတ်ကို ဆိုက်ကားလေးငြိမ့်ငြိမ့်စီးပြီး သွားကြရတယ်။ 

ထုံး စံအတိုင်း နောက်ထွက်မယ့်ကားက ခေါင်းခန်းကိုဦးထားလို့ အချိန်ရတုန်းလေး အနားကတရုတ်

ဆိုင်မှာ အချိုအချဉ်ထုတ်တွေ တစ်ပတ်စာဝယ်လေ့ရှိတယ်။ ညနေပိုင်းမှာ ပြန်လာတဲ့အခါ နေက

အေးနေတတ်ပြီ။ နေရောင်နီဆွေးဆွေးက ရာဘာပင်တွေရဲ့ ထိပ်ဖျားမှာ တဖြည်းဖြည်းမှိန်ကျနေကြပြီ။ 

ငှက်ကလေးတွေ အဖွဲ့အအုပ်နဲ့ လယ်ကွင်းတွေပေါ်ကဖြတ်ကာ အိပ်တန်းပြန်ကြတာလည်း တွေ့ရတတ်

သေးတယ်။ ပြေးနေတဲ့ကားရဲ့ ပြတင်းကနေ တိုးဝှေ့ တိုက်ခတ်လာတဲ့ ညနေခင်းရဲ့ လေနုအေးလေးကို 

ရှုရှိုက်ရင်း ဆည်းဆာရဲ့ အလှခံစားရတာ တကယ့် ခရီးသွားအရသာတစ်ပါးရယ်ပါ။   
















မော်လမြိုင်ကိုပြန်ရောက်တဲ့အခါ များသောအားဖြင့် မိုးချုပ်စလေးပဲရှိတတ်တယ်။ ဒါကြောင့် သိမ်ကုန်း 

လမ်းထိပ်မှာဆင်းပြီး အိမ်ကိုတောက်လျောက်မပြန်သေးပဲ သိမ်ကုန်းလမ်းထဲမှာရှိတဲ့ အကိုကြီးတို့အိမ်

ကို ၀င်လေ့ရှိတယ်။ မိမိတို့ဒီလိုအချိန်လောက်မှာ ပြန်လာတတ်မှန်းသိနေတာမို့ အကိုကြီးတို့ကမျှော်

နေတတ်တယ်။ အဲဒီမှာ အမကြီးရဲ့ လက်ရာ လက်ဘက်ရည်ကျကျသောက်ရင်း စကားစမြည်ပြောကြ

ပြီး ည ၉ နာ ရီလောက်မှ အိမ်ကိုလမ်းလျောက်ပြန်ကြတယ်။ ၁၀ မိနစ်လောက်ပဲ လျောက်ရတာပါ။

ဆေးရုံဆိုတော့ အ သေတိုက်ဘေးက ဖြတ်သွားရတာ လေးတစ်ခုပဲရှိတယ်။ လမ်းမီးကတော့ သိကြ

တဲ့အတိုင်းပဲလေ။ လင်း တဲ့ရက်လင်း။ မလင်းတဲ့ ရက် မလင်းနဲ့ပေါ့။ ပိုပြီးသေချာတာက မလင်းရက်တွေ 

ခပ်များများ။

မိမိတို့မော်လမြိုင်မှာရှိနေတုန်း အပတ်စဉ်သွားနေကျ မုဒုံခရီးအပြင် ကျိုက္ခမီရေလည်ဘုရားကြီး၊ စက်ဆဲ 

ကမ်းခြေ၊ ဘီလူးကျွန်းရွာလွတ်စတဲ့ခရီးတွေကိုလည်း အကိုကြီးအမကြီးတို့မိသားစုနဲ့အတူ တပျော်တပါး

ကြီးသွားခဲ့ကြသေးတယ်။   






 














ဆက်ပြီးရေးပါဦးမယ်။    






No comments:

Post a Comment