"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 10, 2012

စာရေးဆရာကြီးသိပ္ပံမှူးတင်နှင့်ကျွန်တော်

မတ်လ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ ပဲခူးတိုင်း ကျောက်တံခါးမြို့ နယ် ဖဒိုကျေးရွာ အုပ်စုမှာလုပ်တဲ့ စာပေဟောပြောပွဲသတင်းကိုတွေ့တော့ စာရေးဆရာတွေက ဘယ်သူတွေများဖြစ်ကြပါ လိမ့်မလဲလို့ ကြည့်လိုက်တဲ့အခါ ဆရာသိပ္ပံမှူးတင်ရဲ့ အမည်ကို မထင်မှတ်ပဲ သတိပြုမိလိုက်တယ်။ အော် - ဆရာက ယခုအရွယ်အထိကျန်းကျန်းမာမာရှိပြီး သွားနိုင်လာနိုင် ဟောပြောနိုင်ပါသေးလားဆိုပြီး ၀မ်း မြောက်ဝမ်းသာဖြစ်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း ဆရာရဲ့ ဟောပြောချက်များကို ရေဒီယို မှ ကြားခဲ့ရပါသေးတယ်။ ဘာ့ကြောင့်လဲဆိုရင် ဆရာ့အသက်က ဂ၀ ကျော်ခဲ့ပြီပဲ။

စာရေးဆရာကြီးသိပ္ပံမှူးတင်အား စာရေးသူ မြင်ဖူး တွေ့ဖူး သိခဲ့ဖူးတာ ကြာခဲ့ပါပြီ။ ၁၉၆၇-၆၈ ခုဝန်းကျင် လောက်က ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ရှိ သိပ္ပံစာသင်ခန်းမကြီးတစ်ခုမှာ ဆရာလာရာက်ပြီး  စာပေ ဟောပြောခဲ့စဉ်ကဖြစ်ပါတယ်။ အဲဒီအချိန်က စာရေးသူဟာ လူ ရာနဲ့ချီပြီး ဆန့်တဲ့စာသင်ခန်းမကြီး တစ်ခု မှာ ထိုင်စရာနေရာလေးတစ်ခု မရတဲ့အတွက် တံခါးမကြီးဘေးနားရှိ ကော်ရစ်ဒါကနေ ၁ နာ ရီခွဲ ၂ နာရီ ခန့် မတ်တတ်ကလေးရပ်ပြီး ဆရာရဲ့ ဆေးလိပ်ဆန့်ကျင်ရေး၊ ကျန်းမာရေးလိုက်စားရေးနဲ့ အင်္ဂလိပ်စာ လေ့လာတတ်ကျွမ်းရေးစတဲ့ အဖိုးတန်ဟောပြောချက်များကို ကြက်သီးမွေးညင်းထအောင် နားထောင်ခဲ့ ရတာ။ 

ထိုစဉ်က ဆရာသည် စာပေလောကမှာ သိပ္ပံဆောင်းပါးများဖြင့် သျှမ်းသျှမ်းတောက်အောင်မြင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် နှလုံးခွဲစိတ်ကုသတာ အာကာသစူးစမ်းလေ့လာ တာနဲ့ပတ်သက်တဲ့ဆောင်းပါး များဖြစ်ကြတယ်။ ဆရာရဲ့ အသံသြဇာ ပြောဟန်ဆိုဟန် ဇာတိမာန်တွေရယ်၊ လုံချည်အောက်စကို ဒူးရဲ့  အောက်အနားထိမ,ပြီး ခြေသလုံးသားဖော်ခါ လေ့ကျင့်ခန်းလုပ်ပြခဲ့တာတွေရယ်ကို ယနေ့တိုင်မြင်ယောင် မှတ်မိနေပါသေးတယ်။ ဆေးလိပ်သောက်တာနဲ့ပတ်သက်ပြီး ဆရာက သူရဲ့ သမီးနှစ်ဦးအားဆိုဆုံးမတဲ့စ ကားကို တက္ကသိုလ်ကျောင်းသူကျောင်းသားများက အတော်လေးသဘောခွေ့ခဲ့ကြတယ်။

“သမီးရေ. .ဆေးလိပ်သောက်တဲ့လူငယ်လေးတွေဆိုရင်တော့ သေချင်းဆိုးလေးတွေလို့သာ အောက်မေ့ လိုက်ပါ”တဲ့။

ကဲ မှတ်ကရော။

နောက်ပြီး ကျောင်းသူကျောင်သားများအနေဖြင့် အင်္ဂလိပ်စာလေ့လာတတ်ကျွမ်းရေးကိုလည်း ဆရာက အထူးတလည်မှာကြားတတ်ပါသေးတယ်။ ဒါနဲ့ ဆရာရဲ့ ဟောပြောပွဲပြီးတဲ့အခါမှာ စာရေးသူက ဆရာ့ထံ သွားပြီး အင်္ဂလိပ်စာလေ့လာတတ်ကျွမ်းရေးနဲ့ပတ်သက်ပြီး နည်းပေးလမ်းပြပါရန်မေးမြန်းတဲ့အခါ ဆရာ က -

“တူမောင် အင်္ဂလိပ်စာတတ်ကျွမ်းချင်တယ်ဆိုရင် အင်္ဂလိပ်လိုရေးထားတာဟူသမျှ အကုန်ဖတ်ပါ။ ဘာစာ အုပ်စာစောင်ပဲဖြစ်ဖြစ် ဆိုင်တွေကဆိုင်းဘုတ်ပဲဖြစ်ဖြစ် ယုတ်စွအဆုံး လမ်းပေါ်ကစာရွက်အစုတ်ကလေး ပဲဖြစ်ဖြစ် ကောက်ဖတ်ပါ။ ကုန်ကုန်ပြောရရင် ဖင်က မီးခိုးထွက်အောင်ဖတ်ပါ တူမောင်” လို့ စာရေးသူ အား ဆုံးမပြောပြခဲ့ပါတယ်။

ဆရာရဲ့ အဆုံးအမများသည် အဲဒီအချိန်က လူငယ်တစ်ယောက်ဖြစ်ပြီး အင်္ဂလိပ်စာကို သိပ်ပြီးကိုသိချင် တတ်ချင်တော်ချင်တဲ့ မိမိအဖို့ အဖိုးမဖြတ်နိုင်တဲ့နည်းလမ်းကောင်းတစ်ရပ်နဲ့အားဆေးကြီးတစ်ခွက်ဖြစ် ခဲ့ပါတယ်။ နောက် ၁၀ နှစ်ကျော်ခန့်အကြာမှာ ဆရာနဲ့ပြန်ဆုံခွင့်ရတဲ့အခါမှာ ဒီအကြောင်းတွေကို ဆရာ့ အား စာရေးသူက ၀မ်းသာအယ်လဲနဲ့ ပြန်ပြောပြတော့ ဆရာက မျက်ရည်ဝိုင်းပြီး ကြည်နူးပီတိဖြစ်စွာဖြင့် နားထောင်ခဲ့ရှာပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အဲဒီအချိန်မှာ စာရေးသူဟာ အစိုးရထုတ်သတင်းစာ များနဲ့ မဂ္ဂဇင်းများမှာ စာအတော်များများရေးနေပြီး ဆရာရဲ့ သိပ္ပံမဂ္ဂဇင်းမှာလဲပဲ ပင်တိုင်ဆောင်းပါးများ လစဉ်ရေးနေတာမို့ပါ။ ဆရာပိုပြီးဝမ်းသာမိမယ်လို့ထင်ရတာကတော့ အစိုးရထုတ်သတင်းစာများ(The Working People’s Daily နဲ့ The Guardian) မှာလည်းပဲ အင်္ဂလိပ်လို ပေးစာများ (Letters, Forum) နဲ့ ဆောင်းပါးအချို့  ကြိုးကြားကြိုးကြား ရေးသားနေပြီမို့ဖြစ်ပါတယ်။  


ဆရာက စာရေးသူတို့လူငယ်စာရေးဆရာများအား “တူမောင်”လို့ခေါ်လေ့ရှိပြီး သူ့ကိုယ်ကို “အန်ကယ်” လို့သုံးပါတယ်။ သိပ္ပံမဂ္ဂဇင်းမှာ လစဉ်ပင်တိုင်ရေးတဲ့စာရေးဆရာများကို သူ့အိမ်မှာဖိတ်ပြီး နှစ်စဉ်နှစ် တိုင်းကျွေးမွေးတတ်ပါတယ်။ အဲဒီမှာ သိပ္ပံမဂ္ဂဇင်းရဲ့ ဝိုင်းတော်သားများဖြစ်ကြတဲ့ ဒေါက်တာရဲနိုင်(မျက် စိ)၊ ကျော်ဦး (စက်မှု)၊ ရဲမြင့် (စက်မှု)၊ ထီလာစိုးမြင့်ထယ်၊ မေမြို့ ခင်မောင်မြင့် (ဆရာသိပ္ပံမှူးတင်၏ညီ)၊ မြမြလှိုင်၊ ၀င်းစိုးမိုး စတဲ့စာရေးဆရာများနဲ့ စာရေးသူ ခင်မင်သိကျွမ်းခဲ့တာဖြစ်တယ်။ ဆရာရဲ့ မဂ္ဂဇင်းဟာ လည်း စာဖတ်သူအလွန်များပြီး လစဉ်ပဲ ရောင်းမလောက်တဲ့အထိဖြစ်ခဲ့ရပါတယ်။ စာကောင်းတယ်။ သန့် တယ်။ အချက်အလက် ခိုင်ခန့်တယ်။ သိပ္ပံနဲ့ဆေးပညာဆိုင်ရာသရုပ်ဖော်ပုံနဲ့ဓါတ်ပုံများကို ဆေးရောင်စုံ သုံးပြီး လှလှပပ ဝေေ၀ဆာဆာနဲ့ ဖော်ပြနိုင်တယ်။ လစဉ် မဂ္ဂဇင်း အချိန်မှန်(စောပြီးတောင်) ထွက်နိုင် တယ်။ မျက်နှာဖုန်းပုံ စွဲဆောင်အားကလည်း ထူးထူးခြားခြားရှိတာဖြစ်တယ်။

ဆရာနဲ့မိမိတို့သည် ဆရာရဲ့ သားတစ်ဦး အရက်ပြတ်စေရန် စာရေးသူ၏ဆေးခန်းရှိရာ ရွှေဘုံသာလမ်းက အင်းလေးဆေးခန်းမှာ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ ဒါကြောင့် စာရေးသူဟာ ဆရာ၏မိသားစု များနဲ့လည်း သိကျွမ်းခဲ့ပါတယ်။ ဆရာသည် ကမ္ဘာ နေ လ နက္ခတ် တာရာ အစရှိတဲ့ စကြာဝဋ္ဌာ၊ ဂြိုလ်တု ဒုံးပျံ အာကာသသိပ္ပံပညာရပ်များနဲ့ ဆေးသိပ္ပပညာရပ်များကို ထဲထဲဝင်ဝင်လေ့လာပြီး သာမန်စာဖတ်ပ ရိတ်သတ်များ ဖတ်ရှုနားလည်နိုင်အောင်ရေးနိုင် စွမ်းရှိပါ တယ်။ စာရေးသားမှုကောင်းသလို အဟော အပြောကောင်းသူလည်းဖြစ်ပြန်ပါတယ်။

ဆရာအနေဖြင့် ဟောပြောပွဲတွေမှာပြောခဲ့ဖူးတဲ့ အချို့ သောဗဟုသုတများကို နောက်ပိုင်းမိမိတို့ ခန္ဓာဗေဒ (Anatomy)နဲ့ ဇီဝကမ္မဗေဒ(Physiology) ဘာသာရပ်များ သင်ကြားလာရတဲ့အခါကျမှ ပိုပြီးသဘောပေါက် လာခဲ့တာမျိုးရှိခဲ့ပါတယ်။ ဥပမာ လူမှာဦးနှောက် ၂ ခြမ်း (left and right cerebral hemispheres of brain)ရှိပြီး တစ်ခြမ်းဆီမှာ မတူညီတဲ့သီးခြားတာဝန်တွေ (different body functions and skills) ရှိတာဖြစ်လို့ တစ်ဖက်တည်းကိုပဲ တစ်ချိန်လုံးမသုံးပဲ နှစ်ဖက်စလုံးကိုမျှပြီးသုံးသင့်ကြောင်း၊ ကမ္ဘာမြေကြီး လူ့ခန္ဓာကိုယ်နှင့် လျှပ်စစ်အဖိုအမဓါတ်များ(negative and positive charges) ဆက်သွယ်မှုရှိနေတဲ့အ ကြောင်း၊ ကား ကောင်းမကောင်းကို ကားမောင်းသူအနေနဲ့ ကားရဲ့ တုန်ခါမှုမှတစ်ဆင့် တင်ပါးကသိနိုင် တယ်ဆိုတဲ့အကြောင်း (sensory input) စတာ စတာတွေပေါ့။        


စာရေးဆရာကြီးသိပ္ပံမှူးတင်အနေဖြင့် အသက်ရာကျော်ရှည်ပြီး စာပေတာဝန်များကို ယခုထက်ဆတက် ထမ်းပိုး ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

No comments:

Post a Comment