"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, March 26, 2012

လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ဘုန်းတော်ကြီးကျောင်းသင်္ကြန်

ရပ်ဝေးမြေခြားကိုရောက်နေကြတဲ့မြန်မာတိုင်း တသသလွမ်းတတ်ကြတာတွေထဲမှာ သင်္ကြန်ပွဲက ထိပ် ဆုံးကပါမယ်ထင်ပါတယ်။ လူမှန်းသိတတ်စအရွယ်ကတည်းက စွဲကပ်လာခဲ့တဲ့ သင်္ကြန်ပိုးများဟာ အ သက်ကြီးလာလေ အရေအတွက်များလေပါ။ အရွယ်အစားကလည်း ကြီးထွားလာလေပါ။ ဒါကြောင့် သင်္ကြန်ပိုးများဟာ မျိုးကောင်းတယ်လို့ဆိုရပါမယ်။

စာရေးသူဟာ ငယ်ငယ်တုန်းကတော့ သင်္ကြန်ပွဲရောက်လေတိုင်း ရေပက်ကစားရတာ ရေပက်ခံရတာကို များစွာနှစ်ခြိုက်ပျော်ပါးခဲ့ဖူးပေမယ့် တက္ကသိုလ်ဝင်တန်း(၁၀ တန်း)အောင်ပြီးနောက်ပိုင်းမှာတော့ ရေပက် ဖို့နဲ့ရေပက်ခံဖို့ သိပ်ပြီးစိတ်ဝင်စားမှုမရှိလှတော့ပါဘူး။  ရေပက်တဲ့သူတွေ ရေပက်ခံထွက်တဲ့ကားတွေကို အဝေးကနေပဲကြည့်လေ့ရှိခဲ့ပါတယ်။ သင်္ကြန်ပွဲနဲ့ပတ်သက်လို့ ပိုပြီးနှစ်သက်မိတာတစ်ခုကတော့ ဆုပေး မဏ္ဍပ်တွေက ယိမ်းအကများနဲ့ သံချပ်တိုင်တာပဲဖြစ်တယ်။ ရေပက်ခံသက်သက်မထွက်ချင်ပေမယ့် အဲဒါ တွေကြည့်ချင် နားထောင်ချင်တာနဲ့ အလိုလို ရေပက်ခံပြီးသားဖြစ်ရတယ်။  

 

သင်္ကြန်ကျင်းပတဲ့နေ့က ဘုန်းကြီးကျောင်းရှေ့ မှာ ...။ (ဓါတ်ပုံ - ဖိုးတာ)
စင်ကာပူရောက်မြန်မာသမီးပျိုလေးများ၏ သင်္ကြန်ယိမ်းအက။ (ဓါတ်ပုံ - ဖိုးတာ)
၁၉၉၂ ခုနှစ်က သင်္ကြန်။ (ဓါတ်ပုံ - ဖိုးတာ)

 

သင်္ကြန်ပွဲတော်လာ မြန်မာလူငယ်လေးများ။ (ဓါတ်ပုံ - ဖိုးတာ)

 

အခုနေများမှာတော့ ရပ်ဝေးမြေခြားကိုရောက်နေတာမို့ သင်္ကြန်ပွဲမနွှဲရတဲ့နှစ်တွေ ကြာညောင်းလှချေ ပေါ့။ သင်္ကြန်ကို လွမ်းမိရခါခါဖြစ်ခဲ့တာလည်း မပြောပါနဲ့တော့။ သို့ပေမယ့် 'အာသာပြေသင်္ကြန်'လေးရှိ တာမို့ ဖြေသာတယ်လို့ ပြောရမှာပါ။ အဲဒါကတော့ တိုပါးယိုးမှာရှိတဲ့ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း(Burmese Buddhist Temple)က သင်္ကြန်ပွဲကိုပြောတာပါ။ ဒါကလည်း ဘုန်းကြီးကျောင်းကော် မတီမှာ ပါဝင်လုပ်အားပေးတာဝန်ယူခဲ့တဲ့ ၁၉၉၀-၉၄ နှစ် တွေတုန်းကဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဘုန်းကြီးကျောင်းဝင်းမြေနေရာက မတိုးချဲ့ နိုင်ပဲ လူတွေသာ တစ်နှစ်ပြီးတစ်နှစ် များပြားကျပ်ညပ်လာ တာမို့ မသွားဖြစ်တော့ပါဘူး။ သင်္ကြန်ပွဲမှ မဟုတ်ပါဘူး။ တစ်ခြားအခါကြီးရက်ကြီးတွေမှာလည်းပဲ မသွား ဖြစ်တော့တာ ကြာခဲ့ပါပြီ။ အသက်ကလေးရလာတာလည်း ပါတာပေါ့လေ။

ဒေါ်လဲ့လဲ့(၀ဲအစွန်)မှ အကသင်ပေးနေစဉ်..။ (ဓါတ်ပုံ - ဖိုးတာ)

 

ကုသိုလ်အရေးပေမို့ လက်မနှေးကြတဲ့ လူငယ်တစ်သိုက်ကလည်း .. ။ (ဓါတ်ပုံ - ဖိုးတာ)
ရေပုန်းကြီးကြီးနဲ့ကို ခေါင်းကနေ လောင်းချပစ်လိုက်တာ ...။ (ဓါတ်ပုံ - ဖိုးတာ)

 

ဆရာတော်ကြီးများ၏ဦးဆောင်လမ်းညွှန်မှုနဲ့ ဘုန်းကြီးကျောင်းကော်မတီရဲ့ ပံ့ပိုးမှုဖြင့် စာရေးသူတို့ဆပ် ကော်မတီများက မြန်မာ့သင်္ကြန်ပွဲအဆင်ပြေချောမောစွာဖြစ်မြောက်ရေးအတွက် အစည်းဝေးများအကြိမ် ကြိမ်ထိုင်ပြီး လုပ်ခဲ့ကြရတယ်။ မဏ္ဍပ်ဆောက်ဖို့၊ အလှူရှင်များမှ မြန်မာအစားအစာများချက် ပြုတ်ရောင်း ချပြီး ရံပုံငွေရှာဖို့၊ ရေကစားနိုင်ဖို့၊ သင်္ကြန်အကများဖြင့် ဖျော်ဖြေ ဖို့နဲ့အခြားသောပြင်ဆင်စရာကိစ္စများ။ မြန်မာသမီးပျိုလေးများကိုအကသင်ပေးဖို့ကို ဒေါက်တာဦးမောင်မောင်ကြီး၏ဇနီး ဒေါ်လဲ့လဲ့နဲ့ မိခင်အချို့  က ဒေါ်လဲ့လဲ့ရဲ့ အိမ်မှာ သင်ပေးခဲ့ကြရတယ်။

အကသင်ပေးသူများက မမောနိုင်မပန်းနိုင် အထပ်ထပ်သင်ပေး ပြပေး ပြင်ပေးခဲ့ကြသလို ကလေးမလေး များအားလုံးကလည်း အားကြိုးမာန်တက်နဲ့ အကတိုက်သင်ယူလေ့ကျင့်ခဲ့ကြတာဟာ ချီးကျူးစရာရယ်ပါ။  

သင်္ကြန်တွင်းကာလပေမို့ လှူချင်တန်းချင် ပေးကမ်းချင်တဲ့ မြန်မာလူမျိုးတို့ရဲ့ သဒ္ဓါတရားကလည်း အတိုင်းထက်အလွန် ၀မ်းမြောက်စွာ သာဓုခေါ်စရာပါ။ လှူဒါန်းကျွေးမွေးချင်တဲ့အလှူရှင်တိုင်းကို နေရာ မပေးနိုင်လို့ ဘုန်းကြီးကျောင်းမှ ကျေးဇူးတင်အားနာစွာ ငြင်းပယ်ခဲ့ရတဲ့အထိပါ။ မြန်မာရိုးရာမုန့်မျိုးစုံကို တစ်နေရာတည်းမှာ ပျော်ပျော်ပါးပါးနဲ့ တထိုင်တည်းစားနိုင်တာ ဘုန်းကြီးကျောင်းက သင်္ကြန်ပါ။ မုန့်လုံး ရေပါ်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကြာဇံချက်၊ ရွှေရင်အေး၊ ကျောက်ကျော၊ မုန့်လက်ဆောင်း၊ အစုံ သုတ် စသဖြင့်စုံလို့ပါပဲ။ တစ်ချို့ မုန့်တွေက အိမ်ကချက်ပြီး ယူလာကြတာ။ တစ်ချို့ မုန့်တွေကိုတော့ ကျောင်းမှာပဲချက်ရင်း ပြင်ရင်း ရောင်းကြတာ။ အားပေးတဲ့သူတွေကလည်း ဘာများသလဲမပြောနဲ့။ တစ် ချို့ မုန့်တွေဆိုရင် အစောကြီးကုန်တာ။ နောက်ကျမှရောက်လာတဲ့သူတွေ မစားရတော့ဘူး။ အိုးတွေ ခွက် တွေ လင်ပန်းတွေ သိမ်းကုန်ကြပြီ။

 

အကိုကာလသားများရဲ့  မလုပ်တတ်လုပ်တတ် မုန့်လုံးရေပေါ်သင်တန်းပေလား ?  (ဓါတ်ပုံ - ဖိုးတာ)

 

သိတဲ့အတိုင်းပါပဲ။ 

ဘုန်းကြီးကျောင်းမှာကျင်းပတဲ့ သင်္ကြန်ပွဲကို လာကြတဲ့မြန်မာတွေက နဲနဲနောနောမှ မဟုတ်တာကလား။ တိုးတိုးဝှေ့ဝှေ့ ကျောင်းကြီးနဲ့ အပြည့်။ ကျောင်းပေါ်မှာကော၊ ကျောင်းအောက်မှာကော၊ ကျောင်းရှေ့ မှာ ကော၊ တိုင်ဂျင်းလမ်းရှိ ပိတောက်ပင်ကြီးအောက်မှာကော ရုံးစုရုံးစုနဲ့။ ဒါတောင် လွန်ခဲ့တဲ့အနှစ် ၂၀ က နော်။

ဘုန်းကြီးကျောင်းမှာလုပ်တဲ့သင်္ကြန်က မြန်မာပြည်မှသင်္ကြန်နဲ့ မနှိုင်းသာပေမယ့် မြန်မာ့သင်္ကြန်ပွဲရဲ့  ပျော် ရွင်ဖွယ်ရနံ့နဲ့အငွေ့အသက်များကို တစ်စုံတစ်ခုသောအတိုင်းအတာအထိ ခံစားထိတွေ့နိုင်ပါတယ်။ 

 

အားလုံး အားလုံး ရယ်လို့ မောလို့ ... ။ (ဓါတ်ပုံ - ဖိုးတာ)

 

ကလေးတွေလဲ ပျော်ကြပါးကြလို့။ (ဓါတ်ပုံ - ဖိုးတာ)

 

ကြည့်လိုက်ကြပါ။

ဘုန်းကြီးကျောင်းသင်္ကြန်ပွဲကိုလာကြတဲ့မြန်မာများရဲ့ မျက်နှာတွေပေါ်က အပျော်များ၊ အရွှင်အလမ်းများ၊ မြူးတူးနေကြပုံများ၊ ခင်မင်ဖော်ရွေမှုများ၊

နောက်ပြီးတော့ စည်းလုံးညီညွတ်မှုများ။


3 comments:

  1. ဆ၇ာ သတိ၇လို့ လာဖတ်သွားတယ် ။ဖတ်လို့ကောင်းတယ်။
    ဂါ၀၇ဖြင့်

    ReplyDelete
  2. tae tae

    ကျွန်းသာယာကို သတိတရလေး လာဖတ်သွားတယ်ဆိုလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ဖတ်လို့ကောင်တယ်ဆိုလို့လည်း ၀မ်းသာမိပါတယ်။ ဆက်လက်ပြီး အားပေးသွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

    ReplyDelete
  3. Excellent Writing Saya Tin Mg Aye!!!!
    Thanks so much.
    (LMN)

    ReplyDelete