"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 3, 2012

ဆန်စားသတ္တ၀ါ

စာရေးသူက နေ့လည်စာနဲ့ညစာကို ထမင်းမစားရရင် အာသာပြေလေ့မရှိတတ်ဘူး။ ဟင်းများများ မစား ရရင်လည်း ရတယ်။ ထမင်များများ မစားရလို့ကတော့ ခေါက်ဆွဲပဲဖြစ်ဖြစ် ပေါင်မုန့်ပဲဖြစ်ဖြစ် အသားပဲဖြစ် ဖြစ် ဘယ်လောက်များများစားစား ဗိုက်သာဖောင်းကားပြီး ၀ကောင်းဝမယ်။ စားရတဲ့အာသာကတော့ မ ပြေရေးချ မပြေထဲကပဲ။

ကိုယ့်အိမ်မှာ ကိုယ်နေလို့ကတော့ ဒါက ဘာပြသနာဟုတ်ပါ့မလဲ။ ထမင်းကို အဓိကမစားတဲ့နိုင်ငံတွေကို ရောက်တဲ့အခါ ဒါက တကယ့် ပြသနာကြီးဖြစ်ရတော့တာ။ အဲဒီအခါမှာ ထမင်းဆိုင်လိုက်ရှာရတာက အ လုပ်တစ်လုပ်ပေပဲ။ ထမင်းစားချင်လွန်းလို့ ထမင်းဆိုင်ရှာပုံတော်ဖွင့်ခဲ့ရတဲ့ အတွေ့အကြုံလေးတစ်ချို့ ကို ဖေါက်သည်ချပြောပြပါ့မယ်။

၁၉၉၆ ခုနှစ်မှာ ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ ကိုရောက်ခဲ့တုန်းက အတွေ့အကြုံနဲ့စ,ပါမယ်။ 

အဲဒီတုန်းက ဥာဏ်ရည်နိမ့်မသန်စွမ်းမှုသိပ္ပံနည်းကျလေ့လာရေးဆိုင်ရာကမ္ဘာ့ညီလာခံ (10th Interna- tional Association for the Scientific Study of Intellectual Disability World Congress)ကို သွားတက်ခဲ့တာပါ။ ညီလာခံက ထုံးစံအတိုင်း နေ့လည်စာပဲကျွေးပါတယ်။ ကျွေးတဲ့အထဲမှာ ထမင်းမပါ ဘူး။  ညစာကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေါ့။ ညီလာခံကညနေပိုင်းအစီအစဉ်ပြီးတာနဲ့ စာရေးသူနဲ့ စင်ကာပူနိုင်ငံသူတို့က ညီလာခံကျင်းပတဲ့ ဖင်လန်းဒီးယားဟော(Finlandia Hall) ကနေ မိမိတို့တည်းခို တဲ့ ရာမာဒါဟိုတယ်(Ramada Hotel Presidentti) ကိုပြန် ရေမြန်မြန်ချိုးပြီး စားသောက် ဆိုင်ကိုသွား ကြရတယ်။  ညစာကို လွယ်လွယ်ကူကူရှိတဲ့ ‘မက်ဒေါနဲ’ဆိုင်လိုမျိုးက ဘိုစာပဲစားဖြစ်ခဲ့ကြတယ်။ 

ဒီလိုနဲ့ တစ်ရက်ကနေ နှစ်ရက်၊ နှစ်ရက်ကနေ သုံးရက်ဖြစ်လာတဲ့အခါမှာ အာရှတိုက်သားတွေပီပီ ပါးစပ် (လျာ)နဲ့ဗိုက်က ဇာတိပြလာတယ်။ ထမင်းကိုတမ်းတလာတယ်။ ဒါပေမယ့်တစ်ယောက်ကိုတစ်ယောက် ဖွင့်မပြောမိကြပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထမင်းဆိုင်ရှာကြည့်နေခဲ့ကြတယ်။ စာရေးသူက ဟော်တယ်မှာ ရှိတဲ့လမ်းညွှန်စာအုပ်တွေကိုလှန်လှောရှာတယ်။ တွေ့ပေမယ့် ဘယ်နေရာမှန်းမသိဘူး။ မသွားတတ်ဘူး။ သူမက မေးမြန်းစုံစမ်းတယ်။ ဒီလိုနဲ့ စတုတ္ထနေ့ညနေမှာ သူမက အနီးအနားမှာ ထိုင်းစားသောက်ဆိုင် ရှိ ကြောင်း မေးမြန်းပြီး သိလာခဲ့တယ်လို့ ပြောပါတယ်။။ ဘာပြောကောင်းမလဲ။ အဲဒီသတင်းကြားရတော့ ၀မ်းသာမိတာ မပြောပါနဲ့တော့။ 

ဒါနဲ့ ဟိုတယ်ကနေ သိပ်မဝေးတာမို့ လမ်းလျောက်သွားခဲ့ကြတယ်။ ထိုင်းစားသောက်ဆိုင်ရှိတယ်ဆိုတဲ့ နေရာကိုအသွား လမ်းမှာ တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကို မမျှော်လင့်ပဲတွေ့ခဲ့ရသေးတယ်။ ဟိုကို ရောက်တော့ ထိုင်းစားသောက်ဆိုင်က စားသောက်ဆိုင်မဟုတ်ပဲ အနှိပ်ခန်းဖြစ်နေတာနဲ့ တပ်ခေါက်ပြီး အီလည်လည်ကြီးဖြစ်ကာ ပြန်ခဲ့ကြရတော့တယ်။ စင်ကာပူနိုင်ငံသူက “ကျမ နေ့ခင်း လေ့လာရေးခရီး ကပြန်လာတော့ ဒီနေရာမှာရှိတယ်လို့ သေသေချာချာကို ပြောလိုက်တာပဲ”လို့ ရသေ့စိတ်ဖြေပြောရှာပါ တယ်။ ဒါနဲ့ အသွားတုန်းကတွေ့ခဲ့တဲ့တရုတ်စားသောက်ဆိုင်မှာ ထမင်းစားခဲ့ကြရလို့ နှစ်ယောက်သား ဖြေသာခဲ့ကြရပါတယ်။ 

သို့ပေမယ့် အဲဒီဆိုင်ကို နောက်တစ်ခေါက် မရောက်ဖြစ်တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ နောက်တစ် ရက်ညနေမှာ ညီလာခံပိတ်ပွဲ(Closing Ceremony)ရှိတာမို့ ညစာ(dinner) ကျွေးလို့ပါ။ နောက်တစ်ရက် မှာတော့ ညီလာခံကစီစဉ်ပေးတဲ့အလည်အပတ်ခရီးအဖြစ် ရုရှားနိုင်ငံက စိန့်ပီတာစဘတ်မြို့ ကို ကိုယ်စား လှယ် ၃၀ ခန့်နဲ့အတူ သွားကြလို့ဖြစ်တယ်။ ကိုယ်စားလှယ်တစ်ချို့ ကတော့ ဖင်လန်နိုင်ငံနဲ့ပင်လယ်ကွေ့ (Gulf of Finland) ခြားထားတဲ့ အက်(စ)တိုးနီး ယားနိုင်ငံက တောလင်းမြို့ ကို သွားကြလေရဲ့ ။ ညီလာခံ ကစီစဉ်ပေးတယ်ဆိုပေမယ့် ကိုယ့် ပိုက်ဆံနဲ့ကိုယ်မို့ သွားချင်တဲ့သူတွေပဲ သွားကြတာ။

နောက်အတွေ့အကြုံလေးတစ်ခုကတော့ ၂၀၀၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ စီယာတယ်မြို့  (Seattle)ကို ရောက်ခဲ့တုန်းက ဖြစ်တယ်။ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ ကနေ ကုန်းလမ်းနဲ့ကူးလာပြီး ပထမဆုံးရောက် တဲ့နေ့ဖြစ်တယ်။ လာဖို့ကြိုတင်စီစဉ်ထားခြင်းမရှိပဲ ကိုယ့်ဖာသာကိုယ် စိတ်ကူးပေါက်ပြီး ထ,လာ ခဲ့တာ ဖြစ်လို့ နေရေးထိုင်ရေးလည်းလုံးဝစီစဉ်ထားခြင်းမရှိခဲ့ဘူး။ ဒါ ကြောင့် ကနေဒါကနေ အမေရိကန်ကို ၀င် တော့ လူဝင်မှုကြီးကြပ်ရေး(immigration)မှာ အတော်လေးပြောခဲ့ဆိုခဲ့ရတယ်။ ဘယ်မှာတည်းမှာလဲ ဆို တဲ့မေးခွန်းကို စာရေးသူက တည်းမည့် နေရာတိတိကျကျမပြောနိုင်လို့ဖြစ်တယ်။ အစီအစဉ်မရှိပဲအလည် လာတာဖြစ်လို့ ဟိုရောက်တဲ့အခါ ဟိုတယ်တစ်ခုခုမှာတည်းမှာလို့ဖြေတာကို သဘောမတွေ့ဘူး။ ဗင်ကူး ဗားမှာတုန်းက တည်းခိုခဲ့တဲ့ဟိုတယ်က ငွေချေလက်မှတ်နဲ့ ညီလာခံတက်ခဲ့တဲ့သက်သေအထောက်အ ထား စာရွက်တွေကြောင့် အင်တင်တင်နဲ့ဝင်ခွင့်ပေးလိုက်တာ။

 

စီယာတယ်က အိန္ဒိယစားသောက်ဆိုင်။ ဓါတ်ပုံ - ဖိုးတာ (၂၀၀၇)။
အိန္ဒိယစားသောက်ဆိုင်နားက Pioneer Square ပန်းခြံလေးထဲမှာ အမှတ်တရ။ ဓါတ်ပုံ - ဖိုးတာ (၂၀၀၇)။

 

စီယာတယ်ကိုရောက်တော့ နေ့တစ်နာရီကျော်နေပြီမို့ ဗိုက်ကဆာနေပြီ။ ဟိုတယ်ကလည်း ရှာရဦးမယ်။ ဒါနဲ့ ထမင်းစားလို့ရမယ့် အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ တရုတ်စားသောက်ဆိုင်တွေကို ကျောပိုးအိတ်ကြီး တကားကားနဲ့ လမ်းလျောက်ရင်းရှာရတယ်။ လမ်းမကြီးကို အဓိကအမှတ်အသားပြုပြီး ၀ဲယာမှာရှိတဲ့ လမ်း ကြိုလမ်းကြားလေးတွေထဲ တစ်လမ်းဝင်တစ်လမ်းထွက် နဲ့ရှာပုံတော်ဖွင့်ခဲ့ရတယ်။ တစ်နာရီကျော် လောက်ကြာမှ အိန္ဒိယစားသောက်ဆိုင်ကို ကံကောင်းထောက်မစွာ သွားတွေ့ခဲ့တော့တယ်။ ဆိုင်ရဲ့ နာ မည်ကိုတွေ့ရတာနဲ့ကိုပဲ သွားရည်ကကျချင်နေပြီ။ Flavor of India ပါတဲ့။  နေ့လည်စာစားချိန်လည်း ကျော်သွားပြီး ညစာစားချိန်လည်း မရောက်တတ်သေးလို့ လူရှင်းနေပါတယ်။ နောက်ပြီး ချက်ထားတဲ့အ စားအစာတွေကို ပြထားတာဖြစ်လို့ ကြိုက်တာကိုကြည့်မှာစားလို့ အဆင်ပြေတယ်။ ရုပ်ပုံ ကြည့်ပြီးမှာရ တာထက် ပိုကောင်းတယ်။ ဆိုင်ပိုင်ရှင်က မလေးရှားပေါက်ဖြစ်လို့ စင်ကာပူအကြောင်းမေးတာနဲ့ စကား စမည်ပြောဖြစ်ခဲ့သေးတယ်။ ပြီး စာရေးသူကို သူ့ဆိုင်နားကဟိုတယ်ဆီ သူကိုယ်တိုင်လမ်းလျောက်လိုက် ပို့ပေးခဲ့တာ။

စင်ကာပူမှာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စားသောက်ဆိုင်ကိုသွားကြတိုင်း အားလုံးက “မစ္စတာအေးက တော့ ထမင်းပဲစားမှာဆိုတာ သိပြီးသားပါ”လို့ စ,တတ်ကြတယ်။ စာရေးသူ စင်ကာပူကို ရောက်လာစက ဆို ထမင်းကလွဲပြီး တစ်ခြားဘာအစားအစာမှပြောင်းမစားလို့ အမည်လေးတစ်ခုကိုတောင် ပေးထားခဲ့ကြ သေးတာ။ Rice eater တဲ့လေ။

 

                      *                     *                      *

 

အဲ - rice eater ဆိုတာနဲ့ပတ်သက်လို့ တစ်ခြားအဓိပ္ပါယ်သုံးထားတာလေး ကြုံကြိုက်တုန်း ပြောပြရဦး မယ်။

အာရှတိုက်သူတွေကိုမှရွေးပြီး မျက်စေ့ကျလေ့ ကြိုက်လေ့ရှိတဲ့ အနောက်နိုင်ငံသားအကြောင်းကို …

“ဒီအကောင်က ဂျပန်မတွေနဲ့မှ တွဲလေ့ရှိတာကွ”

“ဟုတ်တယ်လေ၊ သူက တကယ့်ဆန်စားသတ္တ၀ါကြီးပဲဟာ”

A Western man with a fetish for Asian women.
"That guy only dates Japanese girls."
"Yeah, he's a real rice eater."


 

No comments:

Post a Comment