"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 24, 2012

သရော်စာဝတ္တုတိုရေးဆရာ မာန်မြင့် ၂ နှစ်ပြည့်

မန္တလေးရောက်စဉ်က ကိုခင်မောင်မြင့်နှင့်ဇနီးဒေါ်ချစ်ကြည်တို့က စာရေးသူတို့အား ဦးပိန်တံတားသို့သွားပို့ပေးခဲ့တယ်။
မန္တလေးက မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားကိုလည်း မာန်မြင့်တို့ဇနီးမောင်နှံက လိုက်ပို့ပေးခဲ့တယ်။

 

ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့က အမျိုးသားတက္ကသိုလ်ဆေးရုံ (National University Hospital) ကို ရည် ရွယ်မထားပဲ ရောက်သွားခဲ့တယ်။

မိမိရဲ့ ဇနီးဖြစ်သူအား ကျန်းမာရေးစစ်ဆေးတာရယ်ပါ။ အထူးကုဆရာဝန်မကြီးနဲ့တွေ့ပြီးတဲ့အခါ ညနေ ၃ နာရီရှိနေပြီ။ နေ့လည်စာက မစားရသေးဘူး။ ဒါနဲ့ အထူးကုဆရာဝန်များဆေးခန်း (Specialist Out- patient Clinic) ကနေ စားသောက်ဆိုင်တွေရှိရာကို လမ်းလျောက်သွားခဲ့ကြ တယ်။ သမီးက အစားအ စာမှာပြီး ငွေချေဖို့ ကောင်တာမှာတန်းစီနေစဉ် မိမိတို့ဇနီးမောင်နှံက စားပွဲတစ်လုံးမှာနေရာယူပြီး ထိုင် လိုက်ကြတယ်။ အလယ်မှာအလှစိုက်ထားတဲ့ ပန်းခြံလေးကိုကျော်ပြီး စားသောက်ဆိုင်တွေကနေ တွေ့ရ တာက ကိုခင်မောင်မြင့်(စာရေးဆရာ မာန်မြင့်) စင်ကာပူကိုလာပြီးဆေးကုသမှုခံယူတုန်းက တက်သွားခဲ့ တဲ့ အသည်းရောဂါကုဋ္ဌာနအဆောက်အဦကြီး။

သူ့ကိုလာပြီးကြည့်ရင်း စောင့်ကြပ်ပေးရင်း အနီးဆုံးဖြစ်တဲ့ဒီစားသောက်ဆိုင်ကိုပဲ လာစားကြရတာ။ ဒါနဲ့ “အော်… ကိုခင်မောင်မြင့်ဆုံးတာ အခုလဆိုရင် ဘာလိုလိုနဲ့ ၂ နှစ်တောင်ရှိသွားပြီနော်”လို့ ဇနီးအား ပြော မိတော့ “ဟုတ်တာပေါ့၊ ဒီလ ၂၁ ရက်နေ့က ၂ နှစ်အတိပဲလေ” လို့ ဇနီးက ရက်အတိအကျဖြင့် ပြောပါ တယ်။

အဲဒီနေ့က စာရေးသူတို့ဇနီးမောင်နှံသည် နံနက်စာစားရန် ဈေးကိုရောက်နေခဲ့ကြတယ်။ စားလို့မပြီးခင် မှာ ကိုခင်မောင်မြင့်ရဲ့ သားငယ် ‘ကိုကြည်သာ’က ဆေးရုံကနေ စာရေးသူထံဖုန်းခေါ် တယ်။ “အန်ကယ် အဘရဲ့ အခြေအနေ မကောင်းဘူး။ အန်ကယ်တို့ဆီ အကြောင်းကြားတာပါ“ တဲ့။ ဒါနဲ့ စားလက်စအစား အစာကို ဆက်မစားတော့ပဲ တက္ကစီငှားကာ ဆေးရုံကိုအပြေးအလွား သုတ်ခြေတင်သွားကြရတယ်။ အိမ် မှာရှိနေတဲ့ သားအတွက်ဝယ်ထားတဲ့မုန့်ထုပ်ကို ဆေးရုံယူမသွားချင်တာနဲ့ ဆိုင်မှာပြန်ပေးခဲ့ပြီး တစ်ဦးဦး ကိုပေးလိုက်ပါလို့ ပြောရတယ်။

အိမ်အနီးအနားကဈေးကိုလာတာဖြစ်လို့ အိမ်နေအ၀တ်ပဲ ၀တ်လာကြတာ။ စာရေးသူက ဘောင်းဘီရှည် ၀တ်ထားပေမယ့် ခြေထောက်မှာ ကတ္တီပါညှပ်ဖိနပ် စီးထားတာ။ အိမ်ပြန်ပြီး အ၀တ်အစား မလဲနိုင်ကြပဲ ဆေးရုံကိုတောက်လျှောက်သွားခဲ့ကြရတယ်။ ဟိုကိုရောက်တော့ ညစောင့်သူနာပြုဆရာမအား ညက အ ခြေအနေတွေ မေးရတယ်။ ခဏကြာတဲ့အခါ နေ့ခင်းစောင့်တဲ့ဆရာမ ရောက်လာတယ်။ ညမှာစောင့် တဲ့ ဆရာမက အိန္ဒိယ နွယ်ဖွားစင်ကာပူနိုင်ငံသူဖြစ်ပြီး နေ့ခင်းဆရာမကတော့ တရုတ်ပြည်ကနေ စင်ကာပူ မှာလာပြီး အလုပ်လုပ်နေသူဖြစ်တယ်။

မေးရတဲ့အကြောင်းက ဒီလို။ မနေ့(စနေနေ့)ည ၁၁ နာရီကျော်ကသူ့အနေအနေဟာ အချွဲကျပ်ပြီးအမော ဖောက်ရာကသက်သာတာနဲ့အိပ်နိုင်သွားတာဖြစ်လို့  စာရေးသူတို့ ဆေးရုံမှအိမ်ကိုပြန်ခဲ့ကြတာဖြစ်တယ်။ စနေနေ့နံနက်ပိုင်းမှာ သူ့အနေအနေက သိပ်အကောင်းကြီးမဟုတ်ပေမယ့် ဆိုးဆိုးဝါးဝါးကြီးမရှိလှသေး ဘူး။ စာရေးသူတို့အိမ်မှချက်လာတဲ့ဆံပြုတ်ကို နေ့ခင်းမှာ သူ စားနိုင်ခဲ့သေးတယ်။ သူ့ဇနီးဒေါ်ချစ်ကြည် က စာရေးသူတို့အိမ်ကိုလိုက်လာပြီး ဇနီးနဲ့အတူ ညစာအတွက်ဆံပြုတ်ချက်နေတုန်း ကိုကြည်သာဆီက သူ့အဘ အချွဲကျပ်ပြီးအမောဖောက်တဲ့အကြောင်းဖုန်းလာလို့ ဆံပြုတ်ကျက်တာနဲ့ ဆေးရုံကို တက်သုတ် ရိုက်သွားခဲ့ကြတယ်။ အဲဒီညက ကိုခင်မောင်မြင့် ဆံပြုတ်မစားနိုင်တော့ပါဘူး။ ည ၁၀နာရီမှာ အဆုတ်နှင့် အသက်ရူလမ်းကြောင်းဆိုင်ရာ အကြောအဆစ်ကုပညာရှင်(cardiopulmonary physiotherapist) က လာရောက်ကုသပေးတာကြောင့် အချွဲတွေထွက်ပြီး အမောရပ်ကာ အိပ်နိုင်သွားခဲ့တာဖြစ်တယ်။

မတ်လ ၂၁ ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာတော့ သူ့အခြေအနေက အများကြီးဆိုးရွားသွားပြီး ကွယ်လွန် သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီအချိန်က မိမိနဲ့ငယ်သူငယ်ချင်းဖြစ်တဲ့မာန်မြင့်ကွယ်လွန်ခြင်းတစ်နှစ်ပြည့်ကို ယခု စာမျက် နှာမှာပဲ အောက်ပါအတိုင်း ရေးခဲ့ပါတယ်။  

 

သူငယ်ချင်း ကိုခင်မောင်မြင့်

ဒီလာမယ့် မတ်လ ၂၁ရက်ဆိုရင် သူငယ်ချင်း ... မင်းအချစ်ဆုံးသူတွေနဲ့  ခွဲခွာလို့သွားတာ တစ်နှစ်တိတိကြီး ပြည့်ပြီလေ။


မနှစ်က ဒီအချိန်မှာ ငါက မင်းရဲ့အနားမှာ တစ်ချိန်လုံးလိုလို ရှိနေခဲ့တာ မင်း အသိပဲ။ ဒါပေမဲ့ သူငယ်ချင်းရာ... စင်ကာပူကိုလာပြီး ဆေးလာကုမယ်လို့ မြန်မာပြည်မှ ငါ့ဆီဖုန်းဆက်ပြော

တုန်းက ဒီလိုဖြစ်သွားလိမ့်မယ်လို့ လုံးဝမထင်ခဲ့မိဘူး။

ငါထင်ထားခဲ့တာက.. ဘာပဲဖြစ်ဖြစ် ဆေးလာကုပြီး ဒီကပြန်သွားမယ်၊ ဟိုမှာ ဒီကပေးလိုက် တဲ့ဆေးတွေ ဆက်စားမယ်၊ အဲဒီမှာရှိတဲ့ ဆရာဝန်ကြီးနဲ့ ဒီက ညွှန်လိုက်တဲ့အတိုင်း ဆေးဆက် ကုမယ် စသဖြင့်ပေါ့လေ။ ဘယ်ထင်ပါ့မလဲကွာ.. သူငယ်ချင်း ဒီမှာ ယခုလောက် မြန်မြန်ကြီး ဆုံးသွားလိမ့်မယ်ဆိုတာ။

 

၁၉၇၀ ပြည်နှစ်များမှာ မိုးဝေမဂ္ဂဇင်းမှာဆက်တိုက်ဖော်ပြခဲ့တဲ့ မာန်မြင့်ရဲ့ သရော်စာဝတ္တုတိုများဟာ ထို စဉ်က တိုးတက်ထက်မြက်သည့်အတွေးအခေါ်ရှိသော လူငယ်စာဖတ်ပရိသတ်များအကြားတွင် ရေပန်း စားခဲ့ပါတယ်။ တစ်ဖက်ကလည်း မြန်မာစာပေသမိုင်းမှာ ‘မိုးဝေမဂ္ဂဇင်းခေတ်’ ရယ်လို့ သမုတ်ပြီးပြောရ လောက်အောင်ကို မိုးဝေမဂ္ဂဇင်းရဲ့ သြဇာတက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပြန်ပါတယ်။ မိုးဝေမဂ္ဂဇင်း ကိုတည်ထောင်ခဲ့ပြီး အယ်ဒီတာချုပ်တာဝန်ယူထားတဲ့ ဆရာနတ်နွယ် (လူငယ်ကဗျာဆရာများ နဲ့စာရေး ဆရာများကတော့ သူ့ကို ‘ဆရာနတ်’လို့ပဲ ချစ်စနိုး ခေါ်ကြတာပါ)သည် သူ့ရေးဖော်များဖြစ်ကြတဲ့ ဆရာ မင်းကျော်၊ ဆရာမောင်နေ၀င်း၊ ဆရာကျော်အောင်စတဲ့ ‘တော်လှန်စာပေ’စာရေးဆရာများနဲ့ ကလောင် လက်ညီညီရေးနေချိန်လည်း ဖြစ်ပါတယ်။

မိမိမှတ်မိသမိုးဝေမဂ္ဂဇင်းဟာ ၁၉၇၀ခုနဲ့ ၁၉၈၀ ခုနှစ်တွေကြားမှာ ကဗျာဆရာများစွာနဲ့ လူငယ်စာရေး ဆရာကလောင်သစ်အမြောက်အများကို စင်တင်မွေးထုတ်ပေးခဲ့တဲ့အထဲမှာ မာန်မြင့်လည်း တစ်ဦးအပါ အ၀င်ဖြစ်ခဲ့ပါတယ်။ မာန်မြင့်ရဲ့ ဝတ္တုတိုလေးတွေကိုဖတ်ပြီးရယ်ရတယ်ဆိုတာက စာဖတ်တဲ့သူတွေကို မ ရယ်ရယ်ရအောင် တမင်’မဟားတရား’ကလိထိုးပြီးရယ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ အဲဒီစာအရေးအသား က စာပေအဆင့်ရှိတဲ့သရော်စာမျိုး မဟုတ်ပါဘူး။ ရယ်ရအောင်သက်သက်ရေးတဲ့ ရယ်စရာဟာသစာမျိုး ပဲဖြစ်တယ်။ မာန်မြင့်ရဲ့ ဝတ္တုတိုလေးတွေမှာ တွေ့ရတာက အဲဒီခေတ်အဲဒီအချိန်ကလူတွေရဲ့  ဖြစ်ပျက်နေ တဲ့  တကယ့်သဘောသဘာဝများကို အရှိအတိုင်း အရင်းအတိုင်း ရိုးရိုးရှင်းရှင်းချပြထားပဲဖြစ်ပြီး ယင်းသို့ ပြုမူဖြစ်ပျက်နေကြတာကိုက မြင်ကြရ တွေ့ကြရသူများအဖို့ သူတို့ကိုယ်နဲ့နှိုင်းစာပြီး ‘ဟင့်’ကနဲ့ ‘ခစ်’ကနဲ လွှတ်ကနဲရယ်မိသွားတာမျိုး ဒါမှမဟုတ် နောက်မှတစိမ့်စိမ့်တွေးမိပြီး တသိမ့်သိမ့်ရယ်မိရတာမျိုးပါ။      

မာန်မြင့်သည် ၁၉၇၀ခုနှစ်က သခင်လွင်ဦးစီးပြီး ဆရာဝင်းခက် အယ်ဒီတာတာဝန်ယူခဲ့တဲ့ ရှုဒေါင့်ဂျာနယ် မှာ ‘၀မ်းနည်းခြင်းအထိမ်းအမှတ်’ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ်လေးဖြင့် စာပေနယ်သို့ ပထမဆုံးခြေလှမ်း စ, ခဲ့တာဖြစ်တယ်။ မိုးဝေမဂ္ဂဇင်းမှာရေးခဲ့တဲ့ ၀တ္တုတိုတွေကို စုပေါင်းပြီး ‘မြန်မာပြည်မှာလုပ်သည်နှင့် အခြား ၀တ္တုတိုများ’ အမည်ဖြင့် သူ၏တစ်အုပ်တည်းသော ၀တ္တုတိုပေါင်းချုပ်ကို ၁၉၇၇ ခုနှစ်က ထုတ်ဝေခဲ့ပါ တယ်။


စာရေးဆရာမာန်မြင့်ကို ရွှေဘိုခရိုင် ကန့်ဘလူမြို့တွင် ဖခင်ဦးလာဘ(သစ်တော)နှင့် မိခင်ဒေါ်သန်းမေတို့ မှ ၁၉၄၉ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ မန္တလေးစက်မှုလက်မှုသိပ္ပံမှ မြို့ပြအင်ဂျင်နီ ယာဘာ သာရပ်ဖြင့် ဒီပလိုမာဘွဲ့ရရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် မတ်လ၌ ကွယ်လွန်သွားချိန်မှာ အသက် ၆၁ နှစ်ရှိပြီး ဇနီးဒေါ်ချစ်ကြည်နှင့်သားနှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။ 

သူကွယ်လွန်သွားခဲ့ပေမယ့် သူ့စာဖတ်ပရိသတ်များကတော့ မြန်မာပြည်မှာလုပ်သည်၊ ခြင်ထောင်၊ နိုင်ငံခြား ပြန်၊ ဆေးလိပ်သမလေး အစရှိတဲ့ သူ့ဝတ္တုတိုတွေထဲမှ ရိတိတိ ထေ့တေ့တေ့ သရော်တော်တော် အရေးအ သားလေးများကို စွဲလမ်းအမှတ်တရ ရှိနေကြဦးမှာပါ။


   


No comments:

Post a Comment