"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 23, 2020

ကျွန်းသာယာ သတင်းစဉ် (၉)

 






***



အရေးကြီးသတင်း




သံလွင်မြစ်ရေကြီး
စိုးရိမ်ရေမှတ်ကျော်သွား



ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့ နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်ကိုကျော်လွန်မြင့်တက်လာပြီး ဂျို့ ချောင်း-ရွှေဂွန်း-မြိုင်ကြီးငူကားလမ်းမအနိမ့်ပိုင်းနေရာများနှင့်ရွှေဂွန်းကျေးရွာမြေနိမ်ပိုင်းရပ်ကွက်များအတွင်းသို့ရေ၀င်ရောက်လျက်ရှိကြောင်းသိရသည်။



မွန်ပြည်နယ် မိုးသည်းထန်
မြို့ လေးမြို့ ရေကြီးရေလျှံ


မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် သြဂုတ် ၂၂ ရက်နေ့က မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့်ကျိုက်မရောမြို့ များရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံဖြစ်သောကြောင့် နေအိမ်အချို့ မှမိသားစုဝင်များကို အမြင့်ပိုင်းနေရာများသို့ အရေးပေါ်ပြောင်းရွေ့ မှုများလုပ်ပေးနေရကြောင်းသိရသည်။


ဧရာဝတီမြစ်ရေ ညောင်ဦးတွင်
စိုးရိမ်ရေမှတ်ရောက်နိုင်

သြဂုတ် ၂၂ ရက် နံနက် ၁၁ နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့ တွင် စိုးရိမ်ရေမှတ်အောက်မှာ ၂ ပေခန့်ရှိပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်နိုင်ကြောင်းသိရသည်။


ချင်းတွင်းမြစ်ရေကြီး
မြို့ အချို့  စိုးရိမ်ရေမှတ်ကျော်နေ


သြဂုတ် ၂၂ ရက် မွန်းလွှဲ ၁၂ နာရီခွဲတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့ တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့်လည်းကောင်း၊ ဖောင်းပြင်မြို့ တွင် စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲခန့်လည်းကောင်း၊ မော်လိုက်မြို့ တွင် စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့်လည်းကောင်း၊ ကလေးဝမြို့ တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်လည်းကောင်း၊ မင်းတပ်မြို့ တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့်လည်းကောင်း၊ မုံရွာမြို့ တွင် စိုးရိမ်ရေမှတ်သို့လည်းကောင်း ရောက်ရှိနေကြောင်းသိရသည်။



စစ်တွေမြို့ တွင် ညမထွက်ရအမိန့်ထုတ်ပြန်


ရခိုင်ပြည်နယ်
သြဂုတ် ၂၂ ရက်အထိ
ဓာတ်ခွဲအတည်ပြုလူနာ
၆၇ ဦး ရှိသွားပြီ။



ရခိုင်ပြည်နယ် 
 အထက ကျောင်းအားလုံး ယာယီပိတ်ထားမည်

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖွင့်လှစ်ထားသော အထက်တန်းကျောင်းများအားလုံးကို ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ဆုံးဖြတ်ချက်ဖြင့်  သြဂုတ် ၂၁ ရက်မှစ၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။


တစ်နိုင်ငံလုံးရှိ အထက အားလုံး 
ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှုအခြေအနေ

အခြေခံပညာအထက်တန်းအဆင့်ကျောင်းပေါင်း ၇၁၇၃ ကျောင်းရှိသည့်အနက် အဆင်သင့်ဖြစ်သော(Aအဆင့်) ကျောင်း ၆၅၂၆ ကျောင်းကို ပြန်လည်ဖွင့်လှစ်ရန်ခွင့်ပြုခဲ့ပြီး ဖြည့်ဆည်းရန်လိုအပ်ချက်ရှိနေသေးသော ကျန်ရှိသည့်ကျောင်းအားလုံးကို ဆန်းစစ်အကဲဖြတ်မှုများအမြန်ဆုံးထပ်မံဆောင်ရွက်ကာ သတ်မှတ်ထားသောအချက်အချက် များပြည့်စုံခြင်းရှိပါက ဖွင့်လှစ်ခွင့်ပေးရန်စီစဉ်သွားမည်ဖြစ်ကြောင်းကို သြဂုတ် ၂၅ ရက်နေ့ သတင်းစာပါရှိသည့် ပညာရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရသိရသည်။ 


ရခိုင်ပြည်နယ် 
 စေတနာ့ဝန်ထမ်းလူငယ်များ လုပ်အားပေးကြမည်

(မြန်မာ့အလင်း(သြဂုတ် ၂၅၊ ၂၀၂၀)

မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)အရ ဒေသအလိုက် ဦးစားပေးနည်းဗျူဟာလုပ်ငန်းစဉ်များဖော်ဆောင်လျက် သစ်လွင်ဆန်းသစ်သောစိတ်ကူးစိတ်သန်း၊ တွေးခေါ်ဖန်တီးမှုများ၊ အပြုသဘောဆောာင်သော သုံးသပ်အကြံပြုခြင်း၊ အချင်းချင်းအတွေ့အကြုံနှင့် အသိအမြင်များဖလှယ်ခြင်းဖြင့် အားလုံးလက်တွဲပူးပေါင်းအကောင်အထည်ဖော်ကြရန်တိုက်တွန်းကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအား ကာကွယ် ထိန်းချုပ် ကုသ တုန့်ပြန်နိုင်ရန် အစိုးရ၏ လုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်းလူငယ်များက မည်သည့်ဒေသတွင်နေထိုင်စေကာမူ တစ်ခုတည်းသောပြည်ထောင်စုစိတ်ဓာတ်ဖြင့် အလှည့်ကျတစ်လခန့်ကြာ လုပ်အားပေးတာဝန်ထမ်းဆောင်းနိုင်ကြစေရန် စီစဉ်လျက်ရှိကြောင်း၊  ပါဝင်ကူညီရန်လိုအပ်ကြောင်း၊ ထိုကြောင့် ကိုဗစ်-၁၉ ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့ဒေသအလိုက်ပါဝင်ခဲ့ကြသော စေတနာ့ဝန်ထမ်းလူငယ်များအနေဖြင့် မိမိတို့ဆန္ဒအလျောက် ရခိုင်ပြည်တွင် ပါဝင်ဆောင်ရွက်နိုင်ကြကြောင်းကို သြဂုတ် ၂၄ ရက်မွန်းလွဲပိုင်းက video conferencing စနစ်ဖြင့်ပြုလုပ်သည့် လူငယ်ရေးရာကော်မတီဝင်လူငယ်များအား အသိပေးဆွေးနွေးခြင်းတွင် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားကြောင်းသသရသည်။   


ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာပေါင်း 
၄၄၁ ဦးရှိလာ (၂၂ -၈-၂၀၊ ည ၈ နာရီအထိ)




ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး 

ဘက်စုံစနစ်တကျဆောင်ရွက်သွားမည်

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုသည် ၅ ရက်ကြာအချိန်တိုလေးမှာ(သြဂုတ် ၁၆-၂၂ ရက်) ၆၇ ဦးရှိပြီး စစ် တွေ၌ဖြစ်ပွားသည့်ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလာသောကူးစက်မြန်အမျိုးအစားဖြစ်နိုင်သဖြင့် ဆေးသုတေသနတွင် မျိုးဗီဇစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်အချိန်တပြေးညီချိတ်ဆက်လျက် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အခြားနေသေများသို့မပြန့်ပွားစေရန်ဆောင်ရွက်နေကြောင်း၊ စစ်တွေသူနာပြုနှင့်သားဖွားသင်တန်းကျောင်းဆင်း သူနာပြု ၅၆ ဦးအား ရခိုင်ပြည်နယ်အတွက် သြဂုတ် ၂၃ ရက်ကပင်ခန့်ထားလိုက်ကြောင်း၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ၁ ဦး၊ အဏုဇီဝဗေဒပညာရှင် ၂ ဦး၊ မိမိတို့ဆန္ဒအလျောက်တာဝန်ထမ်းဆောင်ကြမည့် ဒုပြည်နယ်ကျန်းမာရေးဦးစီးမှူး ၁ ဦး၊ လက်ထောက်ဆရာဝန်(မေ့ဆေးအထူးကု) ၃ ဦး၊ လက်ထောက်ဆရာဝန်(ဆေးပညာအထူးကု) ၁ ဦး၊ လက်ထောက်ဆရာဝန် ၁၃ ဦးတို့အား ဆေးဝါး ဆေးပစ္စည်းများနှင့်အတူ အထူးလေယာဉ်ဖြင့်ထပ်မံပို့ဆောင် ထပ်မံအားဖြည့်ပေးသွားမည်ဖြစ်ကြောင်း၊ သြဂုတ် ၂၂ ရက်က video conferencing စနစ်ဖြင့်ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးဦးမြင့်ထွေးက ပြောကြားကြောင်းသိရသည်။


 ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး 
တပ်မတော်က ဆေးအထောက်အကူပစ္စည်းလှူဒါန်းပေးပို့ 

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ပိုမိုများပြားလာနေသဖြင့် ရောဂါကူးစက်ပြန့်နှံ့ မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက်အသုံးပြုနိုင်ရန် Surgical Mask ခြောက်သိန်း၊ Personal Protective Equipment (PPE) ၀တ်စုံ ၂၅၀၀၊ N95 Mask ၂၅၀၀၊ Goggles ၂၅၀၀၊  Examination Glove ၄၀၀၀၊ Surgical Glove ၃၀၀၀၊ Face Shield ၂၀၀၊  Hand Gel ဘူး ၇၀၀၊ Hand Sanitizer ဘူး ၂၀၀၊  Non Contact Infrared Thermometer ၄၀၊ Bleaching Powder ၁၀ ပုံး၊ Sodium Hypochloride (15 L) ၁၀ ပုံး၊ ဆေးဖျန်းပုံး ၅ ပုံး၊ OT Gown အစုံ ၂၀၀၀၊ OT Cap အစုံ ၂၀၀၀၊ Biosafety Cabinet Unit ၁ လုံးနှင့် Test Kit အချောင်း ၂၀၀ တို့ကို နေပြည်တော်လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် စစ်တွေလေဆိပ်သို့ပေးပို့လှူဒါန်းကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။


ရခိုင်အမျိုးသားပါတီက
အခက်အခဲရှိအိမ်ထောင်စုများအား စားနပ်ရိက္ခာများပေးအပ်  

စစ်တွေမြို့  လမ်းမတော်တောင်ရပ်ကွက် အောင်ဇံဝေလမ်းရှိ လော့ဒေါင်းချပိတ်ပင်ထားခြင်းကြောင့် အခက်အခဲရှိနေကြသည့်အိမ်ထောင်စု ၁၁၅ စုအတွက် တစ်မိသားစုလျှင် ဆန် ၁၂ ပြည်ပါဆန်တစ်အိတ်စီ၊ ဆီတစ်ဘူးစီနှင့်ဆပ်ပြာမှုန့်ထုတ်များအား သြဂုတ် ၂၅ ရက်က ကူညီပေးအပ်ကြောင်းသိရသည်။ 




ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ

 နှာခေါင်းစည်းများ ဈေးတင်ရောင်းက
ဥပဒေဖြင့်အရေးယူမည်

ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အသုံးပြုသော နှာခေါင်းစည်းများကို ဈေးနှစ်ဆ သုံးဆတင်ရောင်းချလာကြသဖြင့် သက်ဆိုင်ရာက စစ်ဆေးးပြီး အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အနည်းဆုံးထောင်ဒဏ် ၆ လမှ ၃ နှစ်အထိချမှတ်ခံရမည့်အပြင် ဒဏ်ငွေ ကျပ် ၅ သိန်းလည်းချမှတ်ခံရမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနညွန်ကြားရေး မှူးဦးဆွေတင့်ကြူးကပြောကြောင်းသိရသည်။ 


ရန်ကုန်တွင် နှာခေါင်းစည်းများ
မတန်တဆဈေးတက် ၀ယ်နေကြရ


ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုရုတ်တရက်များလာခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်တွင် ဆေးဝါးပစ္စည်းရောင်းချသူများက နှာခေါင်းစည်းများကို မတော်မတရားဈေးတင်ကာ ရောင်းချလာကြသဖြင့် ပြည်သူများက မကျေမနပ်ဖြစ်လာကြသည်။ 

ယခုအခါ ဈေးကွက်အတွင်း၌နှာခေါင်းစည်းဈေးနှုန်းမှာ သုံးဆနှင့်ငါးဆအကြားသို့ ချက်ချင်းခုန်တက်သွားကြသည်။ ထိုကြောင့် နှာခေါင်းစည်းများချုပ်လုပ်ရောင်းချသည့် အသင်းဝင်စက်ရုံများအနေဖြင့် နှာခေါင်းစည်းများကို ပုံမှန်ဈေးနှုန်းအတိုင်းရောင်းချပေးရန်တိုက်တွန်းကြောင်းနှင့် နှာခေါင်းစည်းဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသို့ဆက်သွယ်စုံစမ်းလာက ပုံမှန်ဈေးဖြင့်ရောင်းချပေးမည့်စက်ရုံများနှင့်ချိတ် ဆက်ဆောင်ရွက်ပေးမည့်အကြောင်းသိရသည်။ 
ဆက်သွယ်စုံစမ်းရန်- +95 1 2314029, 2300253


လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း 


  
 

မဲ
ဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံရေး
အိမ်တိုင်ရာရောက်လုပ်ပေးနေ

 ဓာတ်ပုံ-မြန်မာ့အလင်း သြဂုတ် ၂၄၊ ၂၀၂၀။

မန္တလေးတိုင်းဒေသကြီးတွင် ပထမအကြိမ်ကပ်ထားကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းများမှ ပြင်ဆင် ကန့်ကွက်တောင်းဆိုရန်လျှောက်ထားသူများအတွက် ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ဒုတိယအကြိမ်ထပ်မံကြေညာမည့် မဲဆန္ဒရှင်စာရင်းများတွင် ပြည့်စုံမှန်ကန်မှုရှိစေရန် အိမ်တိုင်ရာရောက်ကွင်းဆင်းစိစစ်မှုများကို သြဂုတ် ၁၅ ရက်ကစတင်ပြီး ၄င်းလကုန်မှာ အပြီးပြင်ဆင်ဖြည့်စွက်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။   

  


စာတစ်ကြောင်းသတင်း
(News In One Sentence)


ရခိုင်ပြည်နယ်သို့လာသည့် ကုန်ကားများအတွက် စနစ်သစ်ပို့ဆောင်ရေး

ကိုဗစ်-၁၉  ကာလအတွင်း ရခိုင်ပြည်နယ်တွင် ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွတ်စေရန် အခြားသောတိုင်းနှင့်ပြည်နယ်တို့မှ ရခိုင်ပြည်နယ်သို့လာရောက်ကြမည့်ကုန်တင်ကားများသည် သက်ဆိုင်ရာမြို့ များသို့ တိုက်ရိုက်ပို့ဆောင်ခွင့်မရှိဘဲ သံတွဲနှင့်ကျောက်ဖြူခရိုင်တို့အတွက် ဂွမြို့ ၊ တောင်ကုတ် စစ်တွေ မြောက်ဦးနှင့်မောင်တောခရိုင်တို့အတွက် အမ်းမြို့ တွင်ဆုံရပ်သတ်မှတ်လျက် ယာဉ်မောင်းများလဲလှယ်မောင်နှင်သယ်ပို့ပေးသည့်စနစ်ဖြင့်သာ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်က The Daily Eleven သတင်းစာအရ သိရသည်။  


ဦးဌေးအောင်အား နိုင်ငံတော်အကြည်ညိုပျက်မှုပုဒ်မဖြင့်ဖမ်းဆီးလိုက်ပြီ

 စံတော်ချိန်နေ့စဉ်သတင်းစာ (၂၂၊၈၊၂၀)

ပုဇွန်တောင်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ကော့မှူးမြို့ နယ်မှပြိုင်မည့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဌေးအောင်အား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၁၂၄(က) ဖြင့် တရားစွဲဆိုခြင်းကြောင့် သြဂုတ် ၂၀ ရက်ညနေပိုင်းတွင် ၀ရမ်းဖြင့်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ 



 သူတို့အပြော 

 သူတို့စကား 


စီးပွားရေး

ဂျပန်လုပ်ငန်းရှင်များက
မြန်မာ့စီးပွားရေးလုပ်ငန်းများကို အထူးစိတ်ဝင်စားကြ
 မစ္စတာ အိချိရော့မာရုယာမ - ဂျပန်သံအမတ်ကြီး

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ကြားကပဲ နိုင်ငံဖွံ့ ဖြိုးတိုးတက်ဖို့ 
အစိုးရ၊ြ ပည်သူကြိုးစားဆောင်ရွက်နေတာကို အင်မတန်
လေးစားပါတယ်။
ချီးကျူးပါတယ်။ 

ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံဟာ တန်ဖိုးရှိ အလေးထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ ဂျပန်နိုင်ငံက လုပ်ငန်းရှင်အများစုကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း
လုပ်ကိုင်ဖို့  စိတ်ဝင်စားမှုအများကြီးရှိပါတယ်။

ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး
၈၀% ကျော် ဆုံးရှုံးနေ

ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် ကိုဗစ်-၁၉  ဖြစ်သည့်ကာလတွင် ရပ်ဆိုင်းထားပြီး ဇွန်လမှစတင် တချို့ သောလုပ်ငန်းများ အနည်းငယ်ပြန်လည်ဆောင်ရွက်လျက်ရှိသော်လည်း ရောဂါအခြေအနေမှာမပြီးပြတ်သေးသည့်အတွက် ပြည်တွင်းစီးပွားရေးအခြေအနေပုံမှန်အတိုင်းဖြစ်လာနိုင်ရန် ခန့်မှန်းရခက်ကာ လက်ရှိအခြေအနေတွင် ပြည်တွင်းစီးပွားရေးမှာ ၈၀ ရာခိုင်နှုန်းကျော်ဆုံးရှုံးမှုများဖြစ်ပွားနေကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းကပြောသည်။

 

နိုင်ငံရေး


ဖတ်စရာ မှတ်စရာသတင်း

နိုင်ငံရေးစွမ်းဆောင်ရည်၊ နိုင်ငံရေးအကျင့်သီလ

နိုင်ငံရေးကျင့်ဝတ်နှင့်နိုင်ငံရေးယဉ်ကျေးမှုရှိပြီး

(ကိုယ့်မိသားစု၊ ကိုယ့်အုပ်စု၏အကျိုးစီးပွားသက်သက်သာမလုပ်သည့်)

ပြည်သူ့ကောင်းကျိုးများကိုဆောင်ရွက်ပေးမည့်ပါတီကိုသာ

ရွေးခြယ်ကြရန်မှတစ်ပါး အခြားမရှိတော့ပြီ။

မန်မာ့အလင်းအယ်ဒီတာအာဘော် - သြဂုတ် ၂၃၊ ၂၀၂၀ 


အားကစားသတင်း

ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက်  
အောင်လအန်ဆန်ပြင်ဆင်နေပြီ

ဘစ်ဒက်ရှ်နှင့်အောင်လအန်ဆန်တို့ 'ဘတပြန် ကျားတပြန်'

ကိုဗစ်-၁၉ ကြောင့်ရွေ့ ဆိုင်းထားခဲ့ရသော အောင်လအန်ဆန်၏
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို လာမည့်အောက်
တိုဘာ ၂၅ ရက်တွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ဂျပန်
နိုင်ငံတွင်ပြန်လည်ထိုးသတ်မည်ဖြစ်ရာ အောင်လအန်ဆန်သည် 
၎င်းပြိုင်ပွဲအတွက် ကိုယ်ခန္ဓာကြံ့ ခိုင်မှုအပိုင်းအား အထူးအလေးပေးလေ့ကျင့်နေကြောင်းသိရသည်။ 


နာရေးသတင်း

စာရေးဆရာ မောင်စင်ကြယ် (ခ) 
မန်းညွန့်မောင် 
မဲလ်ဘုန်းမြို့  ကွယ်လွန်

ဓာတ်ပုံ - KIC

အမျိုးသားစာပေဆု (မြန်မာ)နှင့်စာပေလွတ်လပ်ခွင့်ဆုရ (အမေရိကန်) စာရေးဆရာ မောင်စင်ကြယ်(ခေါ်)မန်းညွန့် မောင်သည် သြစတေးလျနိုင်ငံ မဲလ်ဘုန်မြို့  သြဂုတ်လ ၂၃ ရက် ဒေသစံတော်ချိန်ညနေ ၃ နာရီကျော်တွင် နှလုံးရောဂါဖြင့်ကွယ်လွန်သွားကြောင်း ကရင်အမျိုးသားစာပေတိုက်တည်ထောင်သူ စောဝင်းဘတ်ကပြောသည်။ 

ကွယ်လွန်ချိန်တွင် အသက် (၈၆) နှစ်ရှိပြီဖြစ်သည်။

မောင်စင်ကြယ်အား ၀ါးခယ်မမြို့ နယ် ရွှေလောင်း ရေကျော်ရွာ အဖ မန်းစံဖေ၊ အမိ ဂါ့စောမြိုင်တို့မှမွေးဖွားခဲ့ပြီး အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၊ သမ္မတ မန်းဝင်းမောင်တို့ ၁၉၅၁ ခုနှစ်မှာတည်ထောင်ခဲ့သည့် ပြည်ထောင်စုကရင်အဖွဲ့ ချုပ် (UKL) တွင် အတွင်းရေးမှူးတာဝန်ထမ်ဆောင်ခဲ့သည်။  

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ အရေးအခင်းပြီးသောအခါ နယ်စပ်သို့ထွက်သွားကာ ကေအဲန်ယူဌာနချုပ်(မာနယ်ပလော)ရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတွင် အတွင်းရေးမှူး၊ ခေတ်ပြိုင်ဂျာနယ်တွင် အယ်ဒီတာ တာဝန်တို့ကိုလည်းကောင်း၊ သြစတေးလျနိုင်ငံ မြန်မာစာရေးဆရာများအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း ကွယ်လွန်ချိန်အထိလုပ်ဆောင်သွားခဲ့သည်။  

ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်ရီ သားသမီး ၃ ဦးနှင့် မြေးတစ်ဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။






အာဆီယံသတင်း

စင်ကာပူမှာ အလုပ်လုပ်ခွင့်ရ 

နိုင်ငံခြားသား၏အနည်းဆုံးလစာ တိုးမြှင့်သတ်မှတ်

Photo - the new paper

လာမည့်စက်တင်ဘာ ၁ ရက်ကစပြီး Employment Passes (EPs) အီးပီအလုပ်လုပ်ခွင့်လက်မှတ်အသစ်လျှောက်ထားသူနိုင်ငံခြာသားပညာရှင် (Foreign Professionals) တို့သည် အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၄,၅၀၀ ရရှိသူများဖြစ်ရမည်ဟုသတ်မှတ်လိုက်သည်။

ယခင် သတ်မှတ်ချက်အဟောင်းဖြစ်သော စင်ကာပူဒေါ်လာ ၃,၉၀၀ မှ ပြောင်းလဲတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ 

စီးပွားရေးကဏ္ဍ (financial services) တွင် လုပ်ကိုင်လျက်ရှိသည့် အီးပီအလုပ်လုပ်ခွင့်လက်မှတ်ကိုင်ဆောင်ထားသူနိင်ငံခြားသားများအနေဖြင့် လာမည့်ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၅,၀၀၀ ရရှိသူများဖြစ်ရမည်ဟုပြင်ဆင်သတ်မှတ်လိုက်ပြီး အက်စ်ပတ်စ်အလုပ်လုပ်ခွင့်လက်မှတ် (S Passes) ကိုင်ဆောင်ထားသူနိင်ငံခြားသားများသည်လည်း လာမည့်အောက်တိုဘာ ၁ ရက်နေ့မှစပြီး အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၂,၅၀၀ ရရှိရန်လိုအပ်ကြောင်းကို ပြည်သူ့အင်အားဝန်ကြီးဌာန (MOM)က သြဂုတ် ၂၇ ရက်နေ့ကကြေညာခဲ့သည်။

the new paper, August 28, 2020           (သတင်းဘာသာပြန် ကျွန်းသာယာ) 


***********************



တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး
အမေရိကန်က တရုတ်ကိုသတိပေးပြီ  

အငြင်းပွားနေသည့်တောင်တရုတ်ပင်လယ် - Photo VOA

တရုတ်နိုင်ငံ၏ဒေသတွင်းစစ်ရေးချဲ့ ထွင်မှုကိုအားပေးသည်ဟုအကြောင်းပြလျက် အမေရိကန်က တရုတ်ကုမ္ပဏီအချို့ နှင့်တစ်သီးပုဂ္ဂလ ၂၄ ခုကို ကန့်သတ်ပိတ်ဆို့လိုက်ခြင်းကြောင့် နှစ်နိုင်ငံတင်းမာမှုရှိနေချိန်တွင် တရုတ်ကပဲ့ထိန်း တာလတ်ဒုံးပျံ ၄ ခုကို ဟိုင်နန်းနှင့်ပါရာဆဲကျွန်းများအကြားရှိ အငြင်းပွားနေသည့်တောင်တရုတ်ပင်လယ် (South China Sea) ထဲသို့ သြဂုတ် ၂၆ ရက်နေ့ကပစ်လွှတ်ခဲ့သည်။

နိုင်ငံအတော်များများက ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသောပင်လယ်ပြင်ကို တရုတ်က တစ်ဖက်သတ်ပိတ်ဆို့ကာ စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေသဖြင့် ဗီယက်နမ်နိုင်ငံက ကန့်ကွက်ထားသည်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး မတ်အက်စ်ပါက တရုတ်၏စည်းမဲ့ကမ်းမဲ့အပြုအမူနှင့်ပတ်သက်ပြီး အင်ဒိုပစိဖစ်ဒေသတွင် အမေရိကန်သည် တစ်လက်မမျှနောက်ဆုတ်ပေးလိမ့်မည်မဟုတ်ကြောင်းအလေးအနက်ပြောကြားလိုက်သည်။

China Launches 4 Missiles into South China Sea, August 27, 2020           (သတင်းဘာသာပြန် ကျွန်းသာယာ) 


 ကမ္ဘာနှင့်ကိုရိုနာသတင်း 


Globally, as of 2:22pm CEST, 24 August 2020, there have been 23,311,719 confirmed cases of COVID-19, including 806,410 deaths, reported to WHO.


သြဂုတ် ၂၄ ရက်နေ့လည် ၂ နာရီ ၂၂ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် 

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - ၂၃ သန်းကျော် (၂၃,၃၃၁,၇၁၉ ဦး) 

၂) ပိုးတွေ့သေဆုံးလူနာပေါင်း - ၈ သိန်းကျော် (၈၀၆,၄၁၀ ဦး)  ရှိသွားပြီ။











No comments:

Post a Comment