"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, August 8, 2020

အလုပ်နားရက်





စင်ကာပူနိုင်ငံမှာ ယခုနှစ်ဖြစ်သော ၂၀၂၀ ခုနှစ်တွင် တွင် ပိတ်ရက်လှလှလေးတွေ အတော်များလေသည်။

တကယ်က ဒီအကြောင်းကို ပြီးခဲ့သောနှစ်မကုန်ခင်ကတည်းက သတင်းစာတွင်ဖတ်ခဲ့ရပြီးဖြစ်သည်။

သို့သော် မိမိသည် ထိုစဉ်က ဆေးရုံတစ်ခု ငှားရမ်းပညာရှင် (Locum physiotherapist) အဖြစ်သာ အလုပ်လုပ်နေသဖြင့် ယင်းအလုပ်ပိတ်ရက်ရှည်များ (long weekends) ကို များစွာစိတ်ဝင်စားမှုမရှိခဲ့ပေ။

မိမိသည် ဆေးရုံရှိအကြောအဆစ်ကုဌာန၏ပညာရှင်လိုအပ်မှုအရ နေ့တစ်ဝက် သို့မဟုတ် တစ်နေ့လုံးအလုပ်လုပ်ခဲ့ပြီး လုပ်ခကို နာရီဖြင့်တွက်ပေးပါသည်။

ထိုကြောင့် ပုံမှန်လစာထက် ၀င်ငွေပိုကောင်းသော်လည်း ဆေးရုံဝန်ထမ်းများကဲ့သို့ အခြားသောအခွင့်အရေးများ မရရှိပေ။
အလုပ်ပိတ် အလုပ်မလုပ်ရက ၀င်ငွေမရှိပါချေ။

သို့သော် ယခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးအပတ်ကစပြီး မိမိအား ဆေးရုံဝန်ထမ်းအဖြစ်ပြောင်းလဲခန့်ထားသဖြင့် မနက်ခင်းနေ့တစ်ဝက် အလုပ်လုပ်နေသည်။

ဝန်ထမ်းအဖြစ် လစာအပြင် CPF ထည့်ဝင်ငွေ လစဉ်ရသည်။ ခွင့်ရသည်။ ဆေးခွင့်ရသည်။ ဆေးဖိုးကုန်ကျစရိတ် တစိတ်တပိုင်းကျခံပေးသည်။ နှစ်လယ်နှင့်နှစ်ကုန်တွင်ပေးသောဘောနပ်စ်များရသည်။ ဒါ့အပြင် အလုပ်စွမ်းရည်အပေါ်ပေးသည့်ဘောနပ်စ် (performance bonus) ကိုလည်း ရသေးသည်။

ယခုနှစ်တွင် အလုပ်ပိတ်ရက်ရှည် ၇ ကြိမ်ရှိသည်။

သောကြာ ၄ ရက်နှင့် တနင်္လာ ၃ ရက်စသဖြင့် စနေ တနင်္ဂနွေနေ့များဖြင့်ကပ်လျက် အပိုနားရက် ၇ ရက်ရခြင်းဖြစ်သည်။

ယခုနှစ် စင်ကာပူနိုင်ငံအမျိုးသားနေ့ဖြစ်သော သြဂုတ်လ ၉  ရက်သည် တနင်္ဂနွေနေ့တွင်ကျရောက်သဖြင့် လာမည့် တနင်္လာနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးသည်။

ထိုကြောင့် ဒီနှစ်၏ဆဋ္ဌမမြောက်ပိတ်ရက်ရှည်ကို စတင်ခံစားနေပါပြီ။



No comments:

Post a Comment