"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, September 10, 2020

တွေ့ဆုံမေးမြန်းခြင်း - ကျွန်းသာယာသတင်းစဉ်အယ်ဒီတာ (၂)

 

မေး။   ။ စောစောက ဆရာပြောသွားတဲ့အထဲမှာ သတိထားလိုက်မိတာတစ်ခုက သတင်းစာကို ဆရာက သုံးတန်း လေးတန်းအရွယ်ကစပြီးဖတ်ခဲ့တယ်ဆိုတာလေးပြောပြပါလားဆရာ။

အယ်။   ။ အဲဒီတုန်းက ကျနော့်ဖခင်တာဝန်ကျတဲ့ရွှေဘိုမြို့ မှာဖြစ်ပါတယ်။ ရဲစခန်းထဲက အရာရှိလုံးချင်းအိမ်မှာနေတာပါ။ ဖခင်က ရဲအုပ်ရာထူးနဲ့ မြို့ တွင်းအရပ်ဝတ်စုံထာက်လုပ်ပါတယ်။ 

စုံထောက်ဆိုတော့ အမှုအခင်းသတင်းတွေကို စုံစမ်းရတယ်။ ရှာဖွေဖ်ာထုတ်ရတယ်။ အရေးယူရတယ်။ အမှုအခင်းဆိုရာမှာ ဖဲဝိုင်း ဂျင်ဝိုင်း မြောက်ပန်းဝိုင်းလိုအမှုကစပြီး ဖေါက်ထွင်းမှု၊ ဓါးပြမှု၊ လူသတ်မှု၊ လက်နက်မှုတွေအထိ အမျိုးစုံဆိုပါတော့။ နောက်ပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းတွေ စုံစမ်းရတာလဲရှိပါတယ်။

စပ်မိလို့ပြောရရင် ဖခင်ကြီးဆီမှာက တောတွင်းလက်နက်ကိုင်အဖွဲအစည်းတွေဖြစ်တဲ့ ကွန်မြူနစ် (အလံဖြူ၊ အလံနီ) ခေါင်းဆောင်တွေ၊ ရဲဘော်ဖြူ/ရဲဘော်ဝါ (ပြည်သူ့ရဲဘော်) ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံများနဲ့ကိုယ်ရေးအကြောင်းအရာအကျဉ်းချုပ်တွေပါတဲ့ပုံနှိပ်ထားတဲ့စာအုပ်လေးရှိတယ်။   

အဲဒီမှာ သခင်သန်းထွန်း၊ သခင်စိုး၊ ဗိုလ်ဖိုးကွန်း၊ ဂိုရှယ်၊ ဗိုလ်ရန်အောင်၊ ရဲဘော်ဌေး အစရှိတဲ့ လက်ဝဲပါတီခေါင်းဆောင်တွေရဲ့ ပုံတွေကို စပြီးတွေ့ မြင်ခဲ့ဖူးတာဖြစ်တယ်။

ဒီတော့ ဖခင်က လုပ်ငန်းသဘောအရ သတင်းထောက်တွေ၊ သတင်းပေးတွေနဲ့ အဆက်အဆံများတယ်။

ဖခင်ဆီက အမှုအခင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုရယူပြီး သတင်းထောက်တွေက သတင်းစာတိုက်တွေပို့လေ့ရှိကြတယ်။ 

ကျနော်မှတ်မိသူတစ်ဦးကတော့ ရွှေဘိုကြေးမုံသတင်းထောက် ဦးဘကြည်ဖြစ်တယ်။ ဖခင်နဲ့သက်တူရွယ်တူလောက်ရှိလိမ့်မယ်ထင်ပါတယ်။  


ဆက်ရေးပါဦးမည်။







No comments:

Post a Comment