"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, September 26, 2020

ဆန်းတက်စစ်တီးကုန်တိုက်ကြီးသို့ အလည်အပတ်

 


ဆန်းတက်စစ်တီးကုန်တိုက်ကြီး၏အ၀င်မျက်နှာစာနေရာ

စင်ကာပူနိုင်ငံမှာ ပထမဆုံးကိုဗစ်-၁၉ လူနာကို ယခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီးနောက် ဧပြီလ ၇ ရက်မှ မေလ ၄ ရက်အထိ ဆားကစ်ဘရိတ်ကာ (Circuit breaker) ကာလအဖြစ်သတ်မှတ်ခဲ့သည်။

ထိုအခါ စာသင်ကျောင်းများကို အိမ်တွင်သင်ကြားပေသည့်စနစ် (Home-based learning) သို့ပြောင်းလဲစေပြီး စားသောက်ဆိုင်များတွင် ထိုင်မစားရတော့ဘဲ ၀ယ်ယူသွားခြင်းနှင့်ပို့ပေးခြင်း (take-away, drive-thru and delivery) တို့သာ လုပ်ခွင့်ပြုသည်။ 

အရေးကြီးသောလုပ်ငန်းများမှအပ ကျန်လုပ်ငန်းများ (non-essential work places) ကို ပိတ်စေကာ အိမ်ကအလုပ်လုပ်စေသည်။

ထိုနောက် ဆားကစ်ဘရိတ်ကာကာလကို မူလနောက်ဆုံးသတ်မှတ်ထားသည့် မေ ၄ ရက်မှ ဇွန် ၁ ရက်သို့ပြောင်းရွေ့ တိုးမြှင့်သတ်မှတ်လျက် အဖြစ်သတ်မှတ်ခဲ့သည်။

ဤသို့ဖြင့် မိမိတို့လင်ကိုယ်မယားနှစ်ဦး၏ မြို့ ထဲသို့အသွားအလာ အလည်အပတ်ခရီးများကို ထိခိုက်လေတော့သည်။ 

မိမိက မြို့ ထဲသို့မသွားဖြစ်သော်လည်း အလုပ်လုပ်နေသောကြောင့် စနေ တနင်္ဂနွေကလွဲပြီး တစ်ပတ် ၅ ရက် အိမ်အပြင်သို့ ခရီးထွက်ဖြစ်နေသည်။

မိမိ၏ဇနီးကမူ ယခင်ကကဲ့သို့မြို့ ထဲသို့ လယ်လယ်မသွားနိုင်ရုံမက တစ်ခါတစ်ခါ မိမိအလုပ်လုပ်သောဆေးရုံသို့ လာကြိုရင်း တစ်နာရီကျော်ကြာသည့်ခရီးရှည်ကားနှင့်ရထားစီးခြင်းလည်း မလုပ်ဖြစ်တော့ပေ။

သို့သော် ဒီကနေ့မှာတော့ မိမိတို့ရပ်ကွက်ထဲကဈေးတွင် နံနက်စာစားပြီးနောက် လပေါင်းများစွာ မသွားသည်မှာကြာပြီဖြစ်သောမြို့ ထဲသို့ ပထမဆုံးအကြိမ် ခရီးထွက်ဖြစ်ခဲ့ပါသည်။


ဆန်းတက်စစ်တီးကုန်တိုက်ကြီးသို့အသွား ဘတ်စ်ကားပေါ်မှာ ..


နံနက်စာစားပြီးသောအခါ အိမ်မှာကုန်နေသည့် တစ်သျှူးထုတ်များကို ကုန်စုံဆိုင်တွင်ဝင်ဝယ်သည်။

ပြီးတော့ မုန့်ဆိုင်ကိုဝင်ပြီး သားအတွက် ရိုးရိုးပေါင်မုန့်နှင့်ဝက်အူချောင်းညှပ်ပေါင်မုန့်များဝယ်ရသည်။

ဈေးကားမှတ်တိုင်မှ အမှတ် ၅၀၂ အမြန်ကားစီးကာ မရောက်တာလအတန်ကြာပြီဖြစ်သောမြို့ ထဲသို့ ကားအပျော်စီးဖြစ်သည်။

အမြန်ကားက ဂျူရောင်းအိစ်အရပ်ရှိ IMM ကုန်တိုက်ကြီးကိုရောက်သည်။ 

 ဂျူရောင်းအိစ်တနေရာ

ထိုနောက် ကလဲန်မင်တီဘူတာကိုဖြတ်ပြီး စင်ကာပူနိုင်ငံ၏နာမည်ကျော်ဈေးဝယ်ဒေသကြီးဖြစ်သော အော်ချတ်ကိုရောက်သည်။ 

အဲဒီကမှ ဘရပ်စ်ဘာစာလမ်းအတိုင်း ယခင်အခေါ် ဆန်းတက်စစ်တီး (Suntec Singapore International Convention and Exhibition Centre) သို့သွားပါသည်။

ဘရပ်စ်ဘာစာလမ်းပေါ်မှတွေ့ရသော Civilian War Memorial အမှတ်တရကျောက်တိုင်


ဆန်းတက်စစ်တီးမှာ ဆင်းလိုက်ကြ၏။

မြေညီထပ်မှအောက်သို့ဆင်းလိုက်သောအခါ ဆိုင်အပြင်အဆင်များ ယခင်နှင့်လုံးဝမတူဘဲ မမှတ်မိလောက်အောင် မြင်ကွင်းကပြောင်းလို့နေသည်။ 

ယခင်က ဆိုင်အနည်းငယ်ဖြင့်ကျယ်ကျယ်ဝန်းဝန်းရှိခဲ့ရာမှ ယခုအခါ စားသောက်ဆိုင်အတော်များများ ခပ်စိတ်စိတ်ရှိပြီး သစ်သစ်လွင်လွင်ရှိနေကြသည်။

ဓာတ်ပုံ - အင်အာနက်

Fluff Stack တွင် အိမ်ရှင်မက ကော်ဖီသောက်ရင်း 

ခဏအနားယူကြသည်။

ထိုနောက် နောက်တစ်ထပ်အောက်ကိုဆင်းလျက် 

မိမိကကော်ဖီရိုးရိုးသောက်သည်။ ဒီအထပ်မှာတော့ 

ဆိုင်အရေအတွက်နှင့်အပြင်အဆင်များ ထူးထူးခြားခြားပြောင်းလဲမှုမတွေ့ရ။



ဆက်ရေးပါဦးမည်။



No comments:

Post a Comment