"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, September 24, 2020

ဒုတိယအကြိမ် ၀န်ထမ်းဘ၀ (၄)

 

Zoom Meeting (Photo - Internet)


မနေ့က မိမိတို့အထူးကြပ်မတ်ဆေးကုသဆောင်ကြီး (Medical Isolation block) ရှိ အစည်းအဝေးနှင့်ဆွေးနွေးခန်းမ (Meeting/Conference Room) တွင် ပညာရှင်ပေါင်းစုံအဖွဲ့အစည်းအဝေး (Multi-Disciplinary Team Meeting - MDT meeting) ပြုလုပ်ခဲ့သည်။

ပညာရှင်ပေါင်းစုံအဖွဲ့အစည်းအဝေးကို မိမိ ပထမဆုံးတက်ဖူးခြင်းဖြစ်သည်။

ယခင်က မိမိသည် ဆေးရုံ၏လိုအပ်ချက်အရ အချိန်ပြည့်လုပ်ကိုင်ခဲ့သော်လည်း ငှားရမ်းပညာရှင် (Locum Physiotherapist) ဖြစ်ပြီး ၀န်ထမ်းမဟုတ်သဖြင့် ဤအစည်းအဝေးတက်ရန်မလိုပေ။

ဝန်ထမ်းအဖြစ်ပြောင်းပြီး အချိန်ပိုင်းလုပ်သောအခါတွင်လည်း မိမိက မနက်တစ်ပိုင်းသာလုပ်ပြီး အစည်းအဝေးက နေ့ခင်း ၁ နာရီနောက်ပိုင်းတွင်သာပြုလုပ်လေ့ရှိသဖြင့် မတက်ဖြစ်ပေ။ 

ဒီအတောအတွင်း ကိုဗစ်-၁၉ အခြေအနေကဆိုးလာသည့်အတွက် အလုပ်တွေကများလာ တင်းကျပ်မှုတွေကလည်း ပိုတိုးလာပြန်သဖြင့် အစည်းအဝေးလုပ်တာတွေ နည်းသွားတော့သည်။

ယခုအစည်းအဝေးအကြောင်းကို ပြန်ဆက်ပါမည်။

မိမိတို့အဖွဲ့တွင် အကြီးတန်းအတိုင်ပင်ခံသမားတော်ကြီး ၁ ဦး၊ စိတ်ကျန်းမာရေးအတိုင်ပင်ခံဆရာဝန်ကြီး ၂ ဦး၊ ဆ ရာဝန် ၂ ဦး၊ သူနာပြုအုပ်ကြီးနှင့်စီနီယာသူနာပြုဆရာမကြီး ၂ ဦး၊ ဆေးဝါးဗေဒပညာရှင် ၁ ဦးနှင့်အကြောအဆစ်ကုပညာရှင် ၁ ဦးတို့ပါရှိကြပြီး အခြားတစ်ဖွဲ့တွင် ဆေးလူမှုဆက်ဆံရေးမှူး (Medical Social Worker) ၂ ဦးပါရှိသည်။

အစည်းဝေးတက်ရောက်ကြသူအားလုံး တစ်နေရာတည်းမှာ အတူမတွေ့ဆုံနိုင်သဖြင့် အကြီးတန်းအတိုင်ပင်ခံသမားတော်ကြီးကတစ်နေရာ၊  ဆေးလူမှုဆက်ဆံရေးမှူး ၂ ဦးက တစ်နေရာ၊ ကျန်သူများအားလုံးက တစ်နေရာ စသဖြင့် နေရာ ၃ ခုမှသူများ ဖန်သားပြင်ပေါ်တွင် Zoom Meeting လုပ်ရသည်။

လူနာဆောင် (Ward) ၃ ဆောင်တွင်တက်ရောက်ပြီး ကုသမှုခံယူလျက်ရှိသည့် လူနာ ၄ ဦးအကြောင်းကို ဆွေးနွေးတိုင်ပင်ကြခြင်းဖြစ်သည်။

အဆိုပါလူနာ ၄ ဦးတွင် မိမိ၏လက်ရှိလူနာ ၁ ဦးနှင့် လူနာဟောင်း ၂ ဦးပါရှိသည်။

ယခုအစည်းအဝေးအတွက် မိမိတို့အားလုံး ကိုယ့်တာဝန်ပိုင်းနှင့်ကိုယ် ဆေးကုသမှုမှတ်တမ်းများ ကြိုတင်ပြင်ဆင်ခဲ့ကြရသည်။ 

မိမိသည် မိမိ၏လက်ရှိလူနာ ၁ ဦးအတွက် လူနာနှင့်သက်ဆိုင်သည့်အကြောင်းအရာများကို အေအိုင်စီ (AIC - Agency for Integrated Care) သို့ ကြိုတင်ပေးပို့ထားရသည်။ 

မိမိတို့အားလုံး၏ကုသမှုမှတ်တမ်းများကို အကြီးတန်း ဆေးလူမှုဆက်ဆံရေးမှူးများကဖတ်ရှုလေ့လာပြီး အေအိုင်စီသို့ ပေးပို့လျက် လူနာများအတွက်လိုအပ်သောဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ 

မနေ့က အစည်းအဝေးတွင် ဆေးလူမှုဆက်ဆံရေးမှူးများက AIC နှင့်ဆွေးနွေးခဲ့သည့်အဖြေများကို မိမိတို့အား ရှင်းလင်းပြောပြပြီး လူနာများနှင့်သူတို့၏မိသားစုများအတွက် မိမိတို့ဆေးရုံမှ အကောင်းဆုံးဆောင်ရွက်ပေးနိုင်မည်များကို အောက်ပါအချက်အလက်များအခြေခံလျက် ဆွေးနွေးခဲ့ကြသည်။

  • လူနာတစ်ဦးစီ၏ရောဂါအခြေအနေများ (ရုပ်ပိုင်းနှင့်စိတ်ပိုင်း)
  • လှုပ်ရှားသွားလာမှုနှင့်တစ်ကိုယ်ရေစောင့်ရှောက်နိုင်စွမ်းများ
  • စိတ်ခံစားမှုအခြေအနေများ
  • လူနာနှင့်မိသားစုများ၏လိုအပ်ချက်များနှင့်ဆန္ဒသဘောထားများ 
  • မိသားစုကြုံတွေ့နေသည့်အခက်အခဲများ (လူနာနှင့်မိသားစုဆက်ဆံရေး၊ ငွေရေးကြေးရေးစသည်)
  • လူနာများကို ရယူလက်ခံကြမည့်အဖွဲ့အစည်းများ (ဥပမာ - Nursing Home - NH)၊ Psychiatric Nursing Home) ၏ စည်းမျဉ်းစည်းကမ်းများ

ဆွေးနွေးကြသည့်အကြောင်အရာများက စိတ်ဝင်စားဖို့ကောင်းသည်။

ရောဂါသတ်မှတ်ချက် (diagnosis) အကြောင်းပါသည်။ 

တစ်ချို့ သောရောဂါအမျိုးအစားရှိသည့် လူနာများကို NH များက လုံးဝလက်ခံမှုမပြုနိုင်သည့်အကြောင်းပါသည်။

လူနာ၏အခြေအနေမှာ သူ့အိမ်တွင်နေနိုင်သည်ဖြစ်သော်လည်း၊ လူနာကိုယ်တိုင်ကနေလိုပါသော်လည်း သူ့မိသားစုက ပြန်လည်လက်မခံချင်သည့်အကြောင်းပါသည်။

မိမိတို့ဆေးရုံရှိ လူနာဆောင်များကလည်း ကြာရှည်လက်ခံထားနိုင်သည့်လူနာအရေအတွက် ကန့်သတ်မှုရှိနေကြောင်းပါသည်။

ထိုကြောင့် မိမိ၏ဒုတိယအကြိမ်ဖြစ်သော ဆေးရုံဝန်ထမ်းဘ၀သည် စိတ်ဝင်စားစရာများ၊ သိစရာများ၊ လေ့လာသင်ယူစရာများဖြင့် ရှေ့ ခရီးဆက်ရပေဦးမည်။ 



No comments:

Post a Comment