"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 5, 2011

ဒို့ဗမာ နိုင်ပြီ

မြန်မာ့အားကစား အဆင့်အတန်းနဲ့ ပတ်သက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတာ ကြာလှပါပကော။

စိတ်ပျက်လက်ပျက် ဖြစ်ရရုံတင် မဟုတ်သေးဘူး။ စိတ်ဆိုး ၀မ်းနည်းကြီးပါ ဖြစ်ရတာ။ ရင်ထုမနာလည်း ဖြစ် သေးတာ။

ဒီလို ခံစားနေခဲ့ရတာ ဘယ်တုန်းလောက်ကတည်းကလဲ ဆိုတာတောင် ခပ်မေ့တေ့တေ့ ဖြစ်နေပါပြီ။

ဟုတ်တယ်လေ-အတော်ကြီးကို ကြာလွန်းလှပြီပဲ။

ဒါပေမဲ့ ၁၉၆၀-၇၀ ၀န်းကျင်လောက်က အရှေ့တောင်အာရှမှာ မြန်မာအားကစားသမားတွေ အောင်ပွဲအလီလီ ခံနိုင်ခဲ့တာ၊ ရေပန်းစားခဲ့တာတွေကိုတော့ ယနေ့အထိ ရင်ခုံစွာဖြင့် အမှတ်တရ ရှိနေဆဲပဲလေ။ မနေ့တနေ့က လို မျက်စေ့ထဲမှာ ပျက်ပျက်ထင်ထင် မြင်နေတုံးပဲ။ ဂုဏ်ယူရလျက်ပဲ။

ဘောလုံးမှာဆိုယင် မာဒေးကား ဖလား (Merdeka Cup) ၊ ပတ်ချွန်ဟီး ဖလား (Park Chung-Hee, President's Cup)၊ အရှေ့တောင် အာရှ ချန်ပီယံ။ တစ်ကြိမ်ထဲ ရဖူးတာ မဟုတ်ဘူး။ နောက်ပြီး ပြေးခုံပစ် ရေကူး လက်ဝှေ့ အလေးမ ကြိုက်တာစမ်း၊ "မြန်မာ ဘာစွာခဲ့သလဲ မမေးနဲ့" လို့ ပြောရလောက်တယ်။

ဒီနေ့လူငယ်တွေ သိရအောင် နဲနဲလောက် ပြောပြပါမယ်။

မလေးရှားနိုင်ငံက ဧည့်ခံကျင်းပခဲ့တဲ့ မာဒေးကား ဖလားကို ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို အနိုင်ယူပြီး (အဲဒီအချိန်က စင်ကာပူကို စကားထဲ ထည့်ပြောဖို့ မလိုသေးဘူး) သုံးကြိမ်တိုင်တိုင် ချန်ပီယံ ရခဲ့တယ်။ ၁၉၆၄၊ ၁၉၆၇ နဲ့ ၁၉၇၁ ခုနှစ်တွေမှာ ဖြစ်တယ်။

တခါ ကိုရီးယားနိုင်ငံက ဧည့်ခံကျင်းပခဲ့တဲ့ သမတ ပတ်ချွန်ဟီး (Park Chung-Hee Cup) ဖလားကိုလည်း စော စောကပြောခဲ့တဲ့ နိုင်ငံတွေကို အနိုင်ကြဲလို့ သုံးနှစ်ဆက်တိုက် ချန်ပီယံ ရခဲ့တယ်။ ၁၉၇၁ ခုနှစ်မှာ တောင်ကို ရီးယားနဲ့ ပူးတွဲချန်ပီယံ (ဂိုးမရှိ သရေပွဲ)။ ၁၉၇၂ ခုနှစ် ဖိုင်နယ်မှာ အင်ဒိုနီရှားကို ၃-၁ နဲ့နိုင်ပြီး လွတ်လွတ် ကျွတ်ကျွတ် ချန်ပီယံ (တတိယ-တောင်ကိုရီးယာ)။ ၁၉၇၃ ခုနှစ်မှာ ခမာ (ကမ္ဘောဒီးယား)နဲ့ ပူးတွဲချန်ပီယံ (ဂိုးမရှိ သရေပွဲ)။


မြန်မာအားကစားသမားတွေရဲ့ အောင်နိုင်မှု့တွေကို ပြန်တွေးမိတိုင်း ကျောထဲကစိမ့်ပြီး ကြက်သီ်းမွေးညင်းတွေ ထ,အောင်  "ဒို့ဗမာ နိုင်ပြီ ...ဒို့ဗမာ နိုင်ပြီ" လို့ ကြွေးကြော်ခဲ့ရတယ်ဆိုတာကို ဒီကနေ့ လူငယ်တွေအဖို့ ဒဏ္ဍာရီ ပုံပြင် တစ်ခုလို ဖြစ်နေမလားပဲ။

သို့ပေမဲ့ တနေ့က မြန်မာသတင်းစာထဲမှာ မြန်မာမြားပစ်အားကစားမောင်မယ်တွေ ကမ္ဘာ့ထိပ်သီး မြားပစ်နိုင် ငံများကို ဖြတ်ကျော်ပြီး ဆုတံဆိပ် ၁၀ ခု (ရွှေ ၅၊ ငွေ ၁၊ ကြေး ၄) ဆွတ်ခူးသွားခဲ့တဲ့ သတင်းကိုဖတ်လိုက်ရ တော့ ဘာပြောကောင်းမလဲ ၀မ်းသာပီတိ ဖြစ်ရတာ။ အရှေ့တောင်အာရှတင် မဟုတ်ဘူး။ အာရှလောက် လည်း မဟုတ်သေးဘူး။  ကမ္ဘာ့အဆင့်ပါ။ 

ပြိုင်ပွဲက "အာရှပတ်လည် ပြိုင်ပွဲ" ဆိုပေမဲ့ လာပြိုင်ကြတာက အမေရိကန်၊ ရုရှား၊ ပြင်သစ် စတဲ့  ကမ္ဘာ့ထိပ်သီး မြားပစ်နိုင်ငံတွေက အားကစားသမားတွေ။ နှယ်နှယ်ရရ မဟုတ်ဘူး။ တကယ်က ကမ္ဘာ့အဆင့်ပြိုင်ပွဲ ဖြစ် တယ်။ 

မြန်မာ့အားကစား တချိန်ကလို ထွန်းတောက်အောင်မြင်ပါစေဟု လေးလေးနက်နက် ယုံကြည်စွာဖြင့် ဆန္ဒပြု့ လျက် ....

တင်မောင်အေး(ကန့်ဘလူ)



  



  

No comments:

Post a Comment