"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, March 28, 2011

သင်္ကြန်သတင်းများ

ယခုတလောထွက်တဲ့ မြန်မာပြည်က ဂျာနယ်တွေနဲ့မဂ္ဂဇင်းတွေမှာ မကြာမီရောက်လာတော့မယ့် သင်္ကြန်နဲ့ပတ်သက်တဲ့သတင်းတွေ ဖတ်နေရတယ်။ တကယ်က သင်္ကြန်နတ်ဆိုတာ အကြီးသားလား။

စာရေးသူတို့ ငယ်ငယ်တုန်းကဆိုယင် သင်္ကြန်ကျမှာကို ဟိုလ,အတော်ဝေးဝေးကတည်းက စိတ်ကူးနဲ့တွေးပြီး မြူးခဲ့ကြရတာလေ။ နောက်နှစ်လသုံးလကြာယင် ဖြေရတော့မယ့် အတန်းတင်စာမေးပွဲကြီးအတွက် ပူပန်နေတဲ့ ကြားကကို စာမေးပွဲကြီးဖြေလို့ပြီးတာနဲ့ မကြာမတင်မှာ သင်္ကြန်ရောက်တော့မယ်ဆိုပြီး ကျိတ်ပုံးတွေးလေးနဲ့ မြူးခဲ့ရတာမျိုး။ တကယ်တမ်းသင်္ကြန်ရောက်လာပြီဆိုတဲ့အခါမယ်တော့ ပျော်လိုက်ကြရတာ မိုးမမြင်လေမမြင်ပဲ။

ဒါပေမဲ့ ယခုနှစ်မယ်တော့ သင်္ကြန်မှာ မပျော်နိုင်မဲ့အသံတွေ ကြားနေရပါလား။ အပျော်အပါးထက် ကုသိုလ်လုပ်ကြမယ်ဆိုတဲ့ လူငယ်တစ်ချို့ရဲ့အသံတွေ ကြားလာရတယ်။  ပြီးခဲ့တဲ့နှစ်ကသင်္ကြန်မှာ ဗုံးပေါက်ခဲ့တာနဲ့ပတ်သက်ပြီး ဒီနှစ်သင်္ကြန်မှာလည်ဖို့ ကြောက်နေကြပြီတဲ့။ ဒီလိုသင်္ကြန်မှာဗုံးပေါက်တာကို ၀ါရင့်နိုင်ငံရေးသမားကြီး သခင်တင်မြက "ဗုံးပေါက်တယ်ဆိုတာ အနှောက်အယှက်ပေးတာပဲ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မာ့ဓလေ့ထုံးစံအတိုင်း ပျော်ပွဲရွှင်ပွဲလုပ်နေတဲ့အချိန်မှာ စိတ်ယုတ်မာရှိတဲ့လူတွေရဲ့ လုပ်ကြံမှုလို့ပဲ ထင်ပါတယ်"လို့ ပြောခဲ့တာ အမှတ်ရမိနေပါတယ်။ 

နောက်ပြီး သင်္ကြန်နဲ့သက်ဆိုင်တဲ့ လုံခြုံရေးအစီအစဉ်တစ်ရပ်အဖြစ် CCTV ကင်မရာတွေတပ်ရမယ်ဆိုပြန်တော့ တစ်ချို့က ကြိုကြိုတင်တင် တွေးပြီး စိုးရိမ်ပူပန်မိတာလေးတွေ ရှိကြပါသတဲ့။ ဒီ CCTV ကင်မရာတွေနဲ့ ရိုက်ထားတဲ့ပုံတွေကို အင်တာနက်ပေါ် မတင်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲတဲ့။

(မတ်လ ၃၁ ရက်မှာ ဆက်ရေးထားပါတယ်။)

သင်္ကြန်နဲ့ပတ်သက်လို့ အစိုးရက စည်းကမ်းချက်တွေအများကြီး ထုတ်ပြန်ထားပါသတဲ့။

ရန်ကုန်တိုင်းအတွင်းမှာ ပုံမှန်ပြေးဆွဲနေတဲ့လိုင်းကားစီးရေ ဂ,၀၀၀ ကျော်ရှိတဲ့အထဲက အစီးရေ ၃,၀၀၀ ကျော်သာ သင်္ကြန်ကာလအတွင်း ပြေးဆွဲပေးမှာဖြစ်လို့ သွားရေးလာရေးမှာ အခက်အခဲတွေ ရှိကြမှာပါ။  သို့ပေမဲ့ ဘတ်စ်ကားခနဲ့ ရထားခများကိုတော့ ပုံမှန်နှုန်းအတိုင်းပဲ ကောက်ခံကြရန် ညွှန်ကြားထားတယ် ဆိုပါတယ်။ နောက်ပြီးတော့ ကားတွေကိုလည်း သတ်မှတ်ထားတဲ့ယာဉ်စည်းကမ်းအတိုင်း မောင်းကြဖို့နဲ့ အရက်သေစာ သောက်စားမှု မရှိကြစေရန် အဖွဲ့ငယ်များဖွဲ့ပြီး စစ်ဆေးကြီးကြပ်သွားမှာပါတဲ့။

အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ကြားသိရတာက  Iron Cross အဖွဲ့က ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့မှာ အခမဲ့ဖျော်ဖြေပွဲအဖြစ် ကျင်းပသွားမယ့်သတင်းပဲဖြစ်ပါတယ်။ "ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေရဲ့ ၈၀ရာခိုင်နှုန်းကမန္တလေးတက္ကသိုလ်မှာ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေပါ။ 
ကျွန်တော်တို့ပျော်ချင်တဲ့အတွက် မန္တလေးသင်္ကြန်ကို ချစ်ခြင်းမေတ္တာတစ်ခုတည်း ရင်မှာပိုက်ပြီး သွားရောက်ဖျော်ဖြေမှာပါ" လို့ အဆိုတော်လေးဖြူက ပြောခဲ့တယ် ဆိုပါတယ်။

သင်္ကြန်သတင်းအားလုံးထဲမှာ ၀မ်းသာပီတိအဖြစ်ရဆုံး သတင်းတစ်ပုဒ်ကတော့ လူငယ်အတော်များများဟာ သင်္ကြန်အတွင်းမှာ အပျော်အပါးထက် တရားစခန်းတွေမှာဝင်ကြပြီး ဘုရားအလုပ် တရားအလုပ်များ လုပ်ကြမယ်ဆိုတာပဲဖြစ်တယ်။ တစ်ချို့ကလည်း လူငယ်အချင်းချင်းစုပြီး မိမိတို့တတ်အားသ၍ ကျောင်းကန် ဘုရားတွေမှာ လှုဒါန်းကြဖို့ စိတ်သန်နေကြပါသတဲ့။

လူငယ်များအားလုံး နှစ်သစ်ကူးသင်္ကြန်အခါမှာ အစစ်အမှန် ပျော်ရွှင်မှုများ ရရှိနိုင်ကြပါစေလို့။ 



No comments:

Post a Comment