"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, March 3, 2011

အိမ်ခင်တဲ့လူမျိုး





မိမိအနေဖြင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေခဲ့သည်မှာ အနှစ် ၂၀ ပင်ရှိခဲ့ပြီဖြစ်သည်။
သို့သော် မိမိ မွေးဖွားကြီးပြင်းခဲ့ရာ အမိမြေကို အမြဲထာဝရ သတိရလျက်ရှိဆဲ။

မိဖများရှိစဉ်က အမိအဖတို့ကို သတိရသည်။
ပြီး ဆွေမျိုးမောင်နှမများကို သတိရသည်။
သူငယ်ချင်း အပေါင်းအသင်းများကို သတိရသည်။

ဇာတိချက်ကြွေ မွေးရပ်မြေကို လွမ်းသည်။

တချိန်တည်းမှာ မြန်မာ အစားအစာများကို တမ်းတမ်းတတ ရှိသည်။

ရာသီအပြောင်းအလဲ မရှိသည့်နိုင်ငံမှာ နေနေရသဖြင့် ရာသီစက်ဝန်း အပြောင်းအလဲရှိသော မြန်မာ့ နွေမိုးဆောင်းတို့ကို လွမ်းမိသည်။ 

ရာသီအလိုက် ကျင်းပလေ့ရှိသည့် ပွဲတော်များကိုလည်း မလွမ်းပဲ မရှိ။

 ပွဲတော်များနှင့်အတူ ဗုံသံ၊ လင်ကွင်းသံ၊ ၀ါးလက်ခုတ်သံနှင့် နှဲသံတို့ကိုပါ လွမ်းရစမြဲ။

ပြီး ဘယ်နိုင်ငံမှာမှ မတွေ့ရသည့် မြန်မာ့အငြိမ့်တို့ မြန်မာ့ဇာတ်တို့ မြန်မာ့ရုပ်သေးတို့ကို ကြည့်ချင်သည်။
မြန်မာ့ ခေတ်ဟောင်းခေတ်သစ် တေးသီချင်းမျာကိုလည်း နားထောင်ချင်လှသည်။

မြန်မာဝတ္တုစာပေများကို ဖတ်ချင်သည်။
စာပေဟောပြောပွဲများကို နားထောင်ချင်သည်။

နိုင်ငံရပ်ခြားသို့ ရောက်နေသည့် မိမိတို့ မြန်မာလူမျိုးများ ဒီလိုဖြစ်ကြရသည်မှာ တကယ်က အဆန်းတော့ မဟုတ်လှ။

မြန်မာလူမျိုးများသည် ပင်ကိုယ်အားဖြင့် မိမိတို့လူမျိုး၊ မိမိတို့နိုင်ငံနှင့် မိမိတို့ယဉ်ကျေးမှု့ဓလေ့ထုံးစံများကို အသွေးထဲ အသားထဲက ချစ်တတ်ကြသူများ၊ မြတ်နိုးတန်ဖိုးထားတတ်ကြသူများ ဖြစ်ကြသည်။

တနည်းဆိုရသော်....

မိမိတို့ မြန်မာလူမျိုးများသည် ဘယ်နေရာကိုပင် ရောက်ရောက်၊ ဘယ်လောက်ပင် ကြာနေပါစေ အိမ်ကိုသာ ခင်သောသူများ ဖြစ်နေကြပါ၏။                                                                   တင်မောင်အေး (ကန့်ဘလူ)                       










No comments:

Post a Comment