"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 5, 2011

ငါတို့ခေတ်က တက္ကသိုလ် (ရွှေကူမေနှင်း)

 အမကြီး'ရွှေကူမေနှင်း'ရဲ့ "ငါတို့ခေတ်က တက္ကသိုလ်"စာအုပ်ကြော်ငြာကို ဂျာနယ်တစ်စောင်မှာ တွေ့ရသဖြင့် ရန်ကုန်မှ မိတ်ဆွေကြီး ကိုလွင်သိန်း(နေလ စာပေဖြန့်ချိရေး)ဆီ ချက်ချင်း ဖုန်းဆက်ပြီး အမကြီးထံမှ မေတ္တာ လက်ဆောင် တောင်းပေးရန် အကူအညီ တောင်းရတယ်။ တိုက်ဆိုင်ချင်တော့ ကိုလွင်သိန်းတို့ ဆိုင်နားက လက်ဖက်ရည်ဆိုင်ကို အမကြီးရောက်လာတာနဲ့ ကိုလွင်သိန်းက ပြောပြလိုက်တော့ ဒေါ်မေနှင်းက အသင့်ပါ လာတဲ့ သူ့စာအုပ်မှာ အမှတ်တရ စာရေးပြီး တခါတည်းပေးခဲ့တာပဲတဲ့။
ကျေးဇူးကမ္ဘာပါ အမကြီးရေ။ 

စာရေးဆရာမကြီး ဒေါ်မေနှင်းကို ရန်ကုန်မှာ သိခဲ့ ရင်းနှီးခဲ့တာက ကြာခဲ့ပါပြီ။ နောက်ပြီး တစ်ရပ်ကွက်ထဲမှာ အတူ နေခဲ့ကြတာ။ ဒါကြောင့် အမကြီးက " ကိုတင်မောင်အေးရေ ...... ရှင်က ၀ဂ္ဂီက အစောကြီး ထွက်သွား တော့ ကိုယ်တို့ဒုက္ခတွေ မခံရဘူးပေါ့။ ကိုယ်က အစောကြီး ထွက်သွားတဲ့ ရှင့်ကို သတိရပါတယ်။ သိတယ် ဟုတ်လား။ အခု စာအုပ်ပေးခွင့်ရတာ ၀မ်းသာတယ်။ ကြိုက်ရင် Eng: လိုပြန်ပြီး ကမ္ဘာဈေးကွက်ထဲ ပို့ပါလား။ ဒီက လူတွေ မတတ်နိုင်ဘူးလေ။" လို့ သူ့စာအုပ်ထဲမှာ လက်ရေးနဲ့ ရေးပေးလိုက်သေးတာ။ '၀ဂ္ဂီ'ဆိုတာ လှည်း တန်းလမ်းဆုံနဲ့ မြန်မာ့အသံကြားမှာရှိတဲ့ ၀ဂ္ဂီရပ်ကွက်ကို ပြောတာပါ။

ဒါနဲ့ အမကြီးရေးပေးလိုက်တဲ့ သူ့ဖုန်းနံပတ်ကိုဆက်ပြီး စကားပြောဖြစ်ခဲ့ကြတယ်။ ပေးလိုက်တဲ့ စာအုပ်ကို ကို လွင်သိန်းရဲ့သားက မြန်မာပြည်မှ ယူလာပေးကြောင်း၊ ကျေးဇူး သိပ်တင်ကြောင်းနဲ့ အမှတ်တရရှိနေကြောင်း တွေပေါ့။

စာအုပ်ရရချင်း အိမ်အပြန် ဘတ်စ်ကားပေါ်မှာ ဖတ်ခဲ့ဖြစ်တယ်။ မဖတ်ရတာ ကြာပြီဖြစ်တဲ့ အမကြီးရဲ့ လှပ ညက်ညောတဲ့ အရေးအသား၊ ပီပြင်တဲ့ ဇာတ်ကောင် စရိုက်လက္ခဏာတွေ၊ သိမ်မွေ့တဲ့ ခံစားမှု အဖွဲ့အနွဲ့တွေ၊ နောက်ပြီး စာအုပ်ခေါင်းစဉ်ထဲမှာပါတဲ့အတိုင်း ဒေါ်မေနှင်းတို့ခေတ်က ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ပျိုမြစ်နုနယ် ပြီး တက်ကြွ နိုးကြားလှတဲ့ လူငယ့်အားမာန် နောက်ခံပန်းချီကားချပ် တစ်ချပ်။

"ငါတို့ခေတ်က တက္ကသိုလ်"စာအုပ်ထဲက ဇာတ်ကောင်တွေဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ တကယ်ရှိနေဆဲဖြစ် တဲ့ သူတွေ။ တစ်ချို့ ကွယ်လွန်သွားခဲ့ကြပြီ (ဥပမာ - စာရေးဆရာကြီး သော်တာဆွေ။ စာရေးဆရာလည်းဖြစ် မြန်မာစာ ပါမောက္ခလည်းဖြစ်တဲ့ ဦးဖိုးကျော်မြင့်)။ တစ်ချို့က သက်ရှိထင်ရှား ရှိနေကြဆဲ။  အဲဒီအထဲက တစ်ချို့ က မိမိသိတဲ့ ရင်းနှီးတဲ့ စာရေးဆရာများ။

ဒေါ်မေနှင်းထက် (၇)နှစ်လောက် နောက်ကျပြီးမှ တက္ကသိုလ်ကိုရောက် သွားခဲ့တဲ့ စာရေးသူဟာ 'တကသ(ရန် ကုန်တက္ကသိုလ် ကျောင်သားများသမဂ္ဂ) ရွေးကောက်ပွဲ' ဆိုတာကို မမြင်ရ မတွေ့ရတော့ဘူး။ တကသ အ ဆောက်အဦကြီးလည်း မရှိတော့ဘူး။ ကျောင်းသားတပ်ဦးလည်း မြေပေါ်မှာ မရှိတော့ဘူး။ စာတွေထဲမှာပဲ ဖတ်ဖူးခဲ့တာ။ 

ဆေးဘက်ပညာသိပ္ပံကျောင်းသားအဖြစ် ရန်ကုန်တက္ကသိုလ်မှာ (၂)နှစ် တက်ခဲ့ရတဲ့ မိမိအနေနဲ့ ခန့်ငြားလှတဲ့ ဘွဲ့နှင်းသဘင်ခန်းမရယ်၊ ဖြူဖြူမြင့်မြင့် သစ်ပုပ်ပင်ကြီးရယ်၊ ဘွဲ့နှင်းသဘင်ခန်းမအဆောက်အဦကို ဦးတိုက် ထားတဲ့ အဓိပတိလမ်းရယ်၊ တက္ကသိုလ်ဝန်းထဲက ဦးချစ်လက်ဖက်ရည်ဆိုင်တွေကိုပဲ တွေ့ရတော့တာ။ မှတ် မှတ်ရရ ဖြစ်ခဲ့ရတာ။

ရန်ကုန်တက္ကသိုလ်ဆိုတာ ဟိုခေတ်ဟိုအခါက အာရှမှာ ထင်းရှားခဲ့တဲ့ တက္ကသိုလ်ကြီး။ အလှပဆုံး တက္ကသိုလ် တစ်ခုအဖြစ်လည်း လူသိများခဲ့တာ။ နောင်တစ်ချိန် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စာပေလောက မှာ ထင်ရှားလာမည့် ပုဂ္ဂိုလ်များကို မွေးထုတ်ပေးခဲ့တဲ့ ဘူမိနက်သန်။ ဒီတက္ကသိုလ်ကြီးမှာ တက်ပြီး ပညာရင်နို့ သောက်စို့ခွင့်ရခဲ့တာ ဂုဏ်ယူမဆုံး ဖြစ်မိတယ်။

အမကြီး ရွှေကူဒေါ်မေနှင်းရဲ့ "ငါတို့ခေတ်က တက္ကသိုလ်"စာအုပ်ကို ဖတ်ရတော့ စာရေးဆရာဖန်တီးလိုက်တဲ့ ဇတ်ကောင်တွေရဲ့ သက်ဝင်လှုပ်ရှားမှုနဲ့အတူ ကျွန်တော်တို့ခေတ်က ရန်ကုန်တက္ကသိုလ်ပုံရိပ်ကို အောက်မေ့ သတိရ လွမ်းဆွတ်လိုက်ရတာ။     ။                                                                 တင်မောင်အေး(ကန့်ဘလူ)

No comments:

Post a Comment