"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 26, 2011

တင်မောင်အေး (ကန့်ဘလူ)၏ ဖိုးတာ

စာရေးသူ၏အမှာ

ဒီနေရာမှာ မိမိဖြတ်သန်းခဲ့ရသော ဘ၀ရုပ်ပုံလွှာများကို ဟို..ငယ်စဉ်ကာလများမှ ယနေ့အချိန်အထိ ထင်ဟပ်ရေးသားသွားမည်ဖြစ်သည်။ တနည်းဆိုရသော် ကိုယ်တိုင်ရေး အထုပ္ပတ္တိပင်ဖြစ်သည်။

ဤတွင် အမေးရှိလာနိုင်သည်။

မိမိသည် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မည်သို့သော ထူးချွန်မှု အောင်မြင်ကျော်ကြားမှုတွေရှိနေသဖြင့် အထုပ္ပတ္တိရေးရန် လိုအပ်ရပါသနည်း။ မိမိတို့မြန်မာလူမျိုးများ နားလည်လက်ခံထားတတ်ကြသည်မှာ
အထုပ္ပတ္တိဟုဆိုက ထူးချွန်အောင်မြင်ကျော်ကြားသူတို့၏အကြောင်းသာဟူ၍။ သူလိုငါလိုသူများ၏အကြောင်း မဖြစ်တန်ရာကောင်းဟူ၍။

စာရေးသူကမူ လူတိုင်းလူတိုင်းသည် စိတ်ဝင်စားစရာကောင်းသည်။ လူတစ်ယောက်စီမှ လေ့လာစရာတွေ အတုယူစရာတွေ မှတ်သားစရာတွေ ရှိနေသည်။ ကမ္ဘာပေါ်တွင် လူဦးရေ(၆.၈)ဘီလီယံ ရှိနေကြသော်လည်း မည်သူ၏အဖြစ်အပျက်နှင့်အတွေ့အကြုံမှ နောက်အခြားလူတစ်ဦး၏ အဖြစ်အပျက်နှင့် အတွေ့အကြုံဖြင့် ချွတ်စွပ်တူသည်ဟု မရှိစကောင်း။

လူတစ်ဦးစီသည် မပြောချင်တာပဲ ရှိကောင်းရှိမည်။ သို့မဟုတ် မပြောတတ်တာပဲ ရှိကောင်းရှိမည်။ သို့မဟုတ် ပြောခွင့်မသာလို့ပဲ ဖြစ်ကောင်းဖြစ်မည်။ သူ့ဘ၀  သူ့အကြောင်းကို တစ်ခုတစ်လေမျှ လုံးဝပြောစရာမရှိဟု မိမိ မယုံကြည်ပါ။  

ဖိုးတာ၊ မိခင်ကြီးနှင့် ညီလေး ဖိုးချာ (တင်မောင်ထွေး)


စနေသား ဖိုးတာ

ကန့်ဘလူမြို့။
၁၃၁၀ခု သီတင်းကျွတ်လဆန်း (၇)ရက်။
၁၉၄၈ခုနှစ် အောက်တိုဘာလ (၉)ရက်။

ဖိုးတာလေးကိုမွေးစဉ်က မိခင်ကြီးမှာ အသက်ဖြင့်ရင်းလျက် မွေးခဲ့ရရှာသည်။ 

ဖိုးတာလေး၏ကိုယ်ဝန်အား နေ့စေ့လစေ့လွယ်ထားရစဉ်  မိခင်ကြီးသည် အဆိပ်ရှိသောမြွေ အကိုက်ခံရသည်။ ထိုခေတ်ထိုအခါက ကိုယ်ဝန်ဆောင်မိခင်လောင်းများ မြွေကိုက်ခံရက မိခင်ကော ကလေးပါ အသက်ဆုံးပါးဖို့ များလေရာ မိခင်ကြီး၏ကျန်းမာရေးအတွက် အားလုံးစိုရိမ်မကင်း ဖြစ်ခဲ့ကြရသည်။ 

မွေးတာက ယောကျာင်္းလေး၊ နောက်ပြီး မွေးတဲ့နေ့ကလည်း စနေနေ့ကြီး။ 
တစ်ခါ အမေလည်း စနေ။ သားကလည်း စနေ။ မွေးတဲ့အချိန်ကလည်း "နေတက် ရေတက်"။ သားဦးစနေ မဟုတ်တာပဲ ကံကောင်းပေသေးတော့။

ဆွေမျိုးအားလုံးမှာ ပူပင်သောက လှိုင်းတံပိုးကြီး အရိုက်ခံရကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြလျက် "အမေရဲ့အသက်ကိုပဲ ရအောင်ကုကြပါ။ ကလေးကတော့ သူ့ကံရှိတဲ့အတိုင်းပေါ့" ဟုဆိုပြီး မိခင်ကြီးအား ဖိဖိစီးစီး ဆေးဝါးကုသခဲ့ကြ၏။ 

မိခင်ကြီး၏ကျန်းမာရေးအခြေအနေကို အတော်လေးစိတ်ချရတော့မှ မျက်နှာတစ်ခုလုံး မြွေဆိပ်များဖုံးပြီး မဲညစ်နေသည့် ဖိုးတာလေးအား သတိရကြတော့၏။ ဖိုးတာလေး အသက်မှ ရှိပါသေးလေစ။ မည်သူမှ ရေရေရာရာ မသိကြ။ နောက်တော့ ဖိုးတာလေး မသေသေးမှန်း သိကြရသဖြင့် "ဟဲ့ ဟဲ့၊ ကလေးကိုလဲ လုပ်ကြပါအုံးကွယ်တို့" ဟုဆိုကာ ဆွေမျိုးအားလုံး ပြာယာခပ်ကုန်ကြ၏။     

အမှန်က ဖိုးတာလေး၏မိဖနှစ်ပါးနှင့် ဆွေမျိုးများသည် မိခင်ကြီးကိုယ်ဝန်ရှိပြီဆိုသည်ကို စ,သိရကတည်းက "ဒီတစ်ခါတော့ ကလေးအဖတ်တင်ပါစေ"ဟု အားလုံး ဆုတောင်းခဲ့ကြလေသည်။ ဖိုးတာလေး၏ရှေ့က ကလေးနှစ်ယောက်တွင် ပထမကလေးဖြစ်သော *သားဦးလေးတုန်းက သုံးလသားအရွယ်မှာ ဆုံးပါးသွားပြီး ဒုတိယကလေးမှာလည်း နှစ်လသားအရွယ်မှာပင် ဆုံးပါးခဲ့ရပြန်ပါသည်။ ကလေးနှစ်ယောက်လုံး အဖတ်မတင်(အသက်မရှင်)၍ ဖြစ်သည်။ (*"သဦး"ဟု အသံထွက်ပါ။ "ပထမမွေးဖွားသည့် သားသမီး"ဟု အဓိပ္ပါယ်ရ၏။ ဤနေရာတွင် ပထမဆုံးမွေးသည့် သားယောက်ျား 'သားဦး"အား မဆိုလိုပေ။)၊

သို့ဖြင့် ဖိုးတာလေးသည် ကျေးဇူးရှင်မိခင်၏၀မ်းကြာတိုက်မှ မထွက်လာရမီ သန္ဓေသားဘ၀ကပင် သေမင်းအား ရင်ဆိုင်အံတု အသက်လုအနိုင်ယူခဲ့ပြီး လူ့ဘ၀ထဲသို့ ရောက်ရှိလာခဲ့၏။

ကျေးဇူးရှင်ဖခင်ကြီး ဦးအေးမောင်

ဂျူဒိုအေးမောင်

ဖခင်ကြီးအား ၁၉၂၇ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ရွှေဘိုမြို့ လမ်းလေးဂွရပ်၌ အဖဦးကြီး အမိဒေါ်အေးမြိုင် တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၁၀ ယောက်တွင် အကြီးဆုံးသားဖြစ်သည်။  ရွှေဘိုမြို့နှင့်ဟင်္သာတမြို့များ၌ ပညာသင်ကြားခဲ့သည်။ ၁၉၄၂ ခုနှစ်၌ အသက် ၁၅နှစ်အရွယ်မှာပင် ဂျပန်များ၏ချွေးတပ်ဆွဲမည့်ရန်ကို ကြောက်ရသဖြင့် ဂျပန်ခေတ်ရဲအဖွဲ့တွင် ၀င်ရောက်လျက် အမှုထမ်းခဲ့သည်။

၁၉၄၅ခုနှစ်တွင် မိခင်ကြီးဒေါ်တင်မေနှင့် အိမ်ထောင်ပြုခဲ့ပါသည်။

စာရေးသူသည် ငယ်စဉ်ကတည်းက ဖခင်ကြီးကို ချစ်လည်းချစ် ကြောက်လည်းကြောက်ခဲ့ရသည်။ အားကျလေးစားခြင်းများလည်း ရှိခဲ့ရသည်။ ဖခင်ကြီးသည် အရက်သေစာ လုံးဝမသောက်။ ဖဲရိုက်ခြင်း ဂျင်ဝိုင်းသွားခြင်း စသည့်လောင်းကစားများ လုံးဝကင်းရှင်းသည်။ သို့ပေမယ့် ဆေးလိပ် အထူးသဖြင့် စီးကရက်တော့ သောက်သည်။ စီးကရက်သောက်သည်မှာ လက်က မချသလောက်ပင်ဖြစ်သည်။

အခြား တစ်ဖက်မှလည်း အားကစားကို အလွန်လိုက်စားပြန်သည်။

နေ့စဉ်လိုလို ဘောလုံးကန်လေ့ကျင့်ကစား၏။ ရွှေဘိုရဲစခန်းအတွင်းရှိ အရာရှိရိပ်သာတင်းနစ်ကွင်းမှာ တခါတရံ တင်းနစ်ရိုက်ကစားသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်ရဲဘောလုံး အသင်းများ၏ ပြိုင်ပွဲများတွင် ရွှေဘိုခရိုင်ရဲဘောလုံးအသင်း၏ကပ္ပတိန်အဖြစ် ပါဝင်ကစားခဲ့သည်။

စာရေးသူသည် ဖခင်ကြီးထံမှ လေ့လာစရာများ အားကျအတုယူဖွယ်ရာများ အမြောက်အများရှိခဲ့သည်။ ဖခင်ကြီးသည် အလွန်စည်းကမ်းရှိသူ အလွန်စည်းကမ်းကြီးလှသူဖြစ်သည်။ သူယုံကြည်ရာ သို့မဟုတ် သူအနေဖြင့် လုပ်သင့်လုပ်အပ်သည်ဟု မှတ်ယူသည်များကို နောက်မဆုတ်တမ်း ရဲရဲဝံ့ဝံ့လုပ်တတ်သူ ဖြစ်သည်။  







 ကျေးဇူးရှင်မိခင်ကြီး ဒေါ်တင်မေ

ဖိုးတာတို့ ညီအကိုမောင်နှမများ၊ ရဲဋ္ဌာနာဝန်း၊ ရွှေဘိုမြို့။








စက်ဘီးလေးနဲ့ကျောင်းတက်တဲ့ ဖိုးတာ။
အမျိုးသားစာပေဆုရစဉ်က  ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏   ပြည်ထောင်စုနေ့  ပြခန်းတွင်ပြသခဲ့သည့် ဓါတ်ပုံ။
 






သမီး ဘွဲ့ယူပြီး အိမ်ပြန်ရောက်တော့ ...။


မောင်စိုးမောင်တင်၊ မသန္တာတင်၊ ဒေါ်စိုးစိုးအေးနှင့် ဦးတင်မောင်အေးတို့ မိသားစု။

မသန္တာတင်တို့ မောင်နှစ်မ။
အိမ်ရှင်မ၏လက်ရာ ဘူးသီးကျော်ကို ၀ရန်တာမှာ မြိန်ရေရှက်ရေစားကြစဉ်..


No comments:

Post a Comment