"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 20, 2011

စာရေးဆရာမာန်မြင့် နှစ်လည်အမှတ်တရ (မေလ ၁၉၄၉ - မတ်လ ၂၀၁၀)

                       ကိုခင်မောင်မြင့်နှင့်ကန့်ဘလူမှာ မှတ်မှတ်ရရ (နိုဝင်ဘာလ ၁၉၉၁)
                            
               "ဟေ့ သူငယ်ချင်း.... မင်းရောက်နေတယ်ကြားလို့ ငါလာတွေ့တာကွ" (မာန်မြင့်)


                ကိုခင်မောင်မြင့်မိသားစု စင်ကာပူသို့ ပထမအကြိမ်လာစဉ်က လေဆိပ်မှာ......
                
                ဒေါ်စိုးစိုးအေး၊ မညွန့်ညွန့်ဝေ(ကိုခင်မောင်မြင့်၏ သားကြီးကိုကြည်ဇော်မြင့်ရဲ့ ဇနီး)၊     
                ဒေါ်ချစ်ကြည်(ကိုခင်မောင်မြင့်၏ဇနီး)၊ စာရေးဆရာ မာန်မြင့်။
           
               "မင်းဖတ်ဖို့ စာအုပ်တွေ ယူလာခဲ့တယ် သူငယ်ချင်း" လို့ လေဆိပ်မှာ တွေ့တွေ့ချင်း
                သူကပြောခဲ့တယ်။





                      ကိုခင်မောင်မြင့်နှင့် ဦးပိန်တံတား (တောင်တမန်အင်း၊ အမရပူရ)ပေါ်မှာ
                                                           ရယ်ရယ်မောမော.......




                         မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့မှာရှိတဲ့ ကေအယ်လ်မျှော်စဉ်
                                               (KL Tower)ပေါ်ရောက်ခဲ့စဉ်က......
                         စာရေးသူ၊ ကိုဇော်ထွန်းဝင်း၊ စာရေးဆရာ မာန်မြင့်တို့ ဇနီးမောင်နှံနှင့်....


မာန်မြင့်၊ စာရေးဆရာကြီး ကမ္ဘောဇခင်လှိုင် (ခွဲစိပ်ကုဆရာဝန်ကြီး ဒေါက်တာဦးခင်လှိုင် F.R.C.S)နှင့် စာရေးသူတို့ (မေလ ၂၀၀၈)

"ဆရာတင်မောင်အေးတို့လာကြဗျာ ကျနော်တို့ စာရေးဆရာသုံးယောက် အမှတ်တရ ဓါတ်ပုံရိုက်ကြရအောင်"လို့ ဆရာကြီးက ပြောပါတယ်။


သူငယ်ချင်း ကိုခင်မောင်မြင့်

ဒီလာမယ့် မတ်လ ၂၁ရက်ဆိုရင် သူငယ်ချင်း ... မင်းအချစ်ဆုံးသူတွေနဲ့  ခွဲခွာလို့သွားတာ တစ်နှစ်တိတိကြီး ပြည့်ပြီလေ။

မနှစ်က ဒီအချိန်မှာ ငါက မင်းရဲ့အနားမှာ တစ်ချိန်လုံးလိုလို ရှိနေခဲ့တာ မင်း အသိပဲ။ ဒါပေမဲ့ သူငယ်ချင်းရာ... စင်ကာပူကိုလာပြီး ဆေးလာကုမယ်လို့ မြန်မာပြည်မှ ငါ့ဆီဖုန်းဆက်ပြောတုန်းက ဒီလိုဖြစ်သွားလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိဘူး။

ငါထင်ထားခဲ့တာက.. ဘာပဲဖြစ်ဖြစ် ဆေးလာကုပြီး ဒီကပြန်သွားမယ်၊ ဟိုမှာ ဒီကပေးလိုက်တဲ့ဆေးတွေ ဆက်စားမယ်၊ အဲဒီမှာရှိတဲ့ ဆရာဝန်ကြီးနဲ့ ဒီက ညွှန်လိုက်တဲ့အတိုင်း ဆေးဆက်ကုမယ် စသဖြင့်ပေါ့လေ။ ဘယ်ထင်ပါ့မလဲကွာ.. သူငယ်ချင်း ဒီမှာ ယခုလောက်မြန်မြန်ကြီး ဆုံးသွားလိမ့်မယ်ဆိုတာ။

အဆိုးဆုံးဖြစ်ဦး၊
ဒီက ဆရာဝန်ကြီးက ရောဂါရဲ့အခြေအနေမှန်ကို တိတိကျကျသိပြီး ပျောက်ကင်းအောင် ဒါမှမဟုတ်  နှစ်အကြာကြီးနေနိုင်အောင် ကုမရတော့ဘူး၊ စားဆေး ထိုးဆေးတွေယူပြီး မြန်မာပြည်ကိုပဲ ပြန်ပါလို့ အနည်းလေး ပြောလိမ့်မယ်လို့တော့ မျှော်လင့်ထားမိတာ။       

အခုတော့ သူငယ်ချင်းက စင်ကာပူကိုရောက်ပြီး လေးရက်မြောက်တဲ့နေ့မှာ ဒီမှာပဲ ဆုံးသွားခဲ့တာ။ ရင်နာစရာ ကောင်းလိုက်တာကွာ။


အေးပါကွာ... ငါ ကောင်းကောင်းကြီး သဘောပေါက်လိုက်ပါတယ်။ လူ့ဘ၀ဆိုတာ တကယ်က ဘာဆိုဘာမှ အစိုးရနိုင်တာ မဟုတ်ဘူးဆိုတာကိုပေါ့။ သူငယ်ချင်းက စင်ကာပူကိုလာပြီး ငါ့ကို သက်သက်လာနှုတ်ဆက် သွားသလိုပဲ။ ဒါမှမဟုတ် ငါ့ကို တရားလာပြသွားတာလေလား။ သူငယ်ချင်းဆုံးတော့ မင်းရဲ့ဇနီး ဒေါ်ချစ်ကြည် က "ဦးတင်မောင်အေးရယ် အမေရိကားက ဘုန်းဘုန်းကိုလည်း အကြောင်းကြားပေးပါဦး"ဆိုလို့ လော့စ်အင်ဂျလိမြို့မှာ သတင်းသုံးနေတဲ့ မင်းတို့ငါတို့ရဲ့သူငယ်ချင်း ဒေါက်တာဦးညာဏ၀ရဆီ ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ်။ ဘုန်းကြီးကလည်း သူငယ်ချင်းရဲ့ကျန်းမာရေးကို သိတန်သ၍သိထားပြီးဖြစ်လို့ တရားဓမ္မနဲ့မွေ့လျော်နေတဲ့ ရဟန်းဖြစ်နေပေမယ့် ဘယ်စိတ်ကောင်းနိုင်ပါ့မလဲကွာ။

စောစောကပြောခဲ့တဲ့"တပည့်တော်ကို လာပြီးနှုတ်ဆက် သွားတာလေလား၊ တရားလာပြတာသွားတာလေ လား"ဆိုတာပါ ဘုန်းကြီးကို ပြောပြလိုက်တော့ "အေး  အေး  မင်းမှာ ဒီလိုအသိလေး ၀င်သွားတာကို သိရတာ ၀မ်းသာတယ်ကွာ" လို့ မိန့်တော်မူခဲ့တယ်။ 

ကနေဒါနိုင်ငံ ကယ်လ်ဂရီမြို့မှာနေတဲ့ တို့ငယ်သူငယ်ချင်း မြင့်သိန်းထွန်းက သူငယ်ချင်းကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး "တို့နိုင်ငံအနေနဲ့ လူတော်တစ်ဦး စာရေးဆရာကောင်းတစ်ဦး ဆုံးရှုံးသွားရတာပဲ" လို့ပြောခဲ့ရှာ တယ်။

ဒါတင်မဟုတ်သေးဘူးကွ။ အိမ်ကသမီးကပြောသေးတယ်။ "ဘဘဆုံးတာသိကြလို့ သမီးရဲ့ဘလော့(Blog)မှာ တင်ထားတဲ့  ဘဘရဲ့ဝတ္တုတိုကို လူတွေလာဖတ်ကြတာ တွေ့ရတယ်"တဲ့။

သူငယ်ချင်းရာ ဦးညာဏ၀ရတို့ မြင့်သိန်းထွန်းတို့အကြောင်းတွေပြောတော့ တို့များငယ်ငယ်က ကန့်ဘလူမှာ ကျောင်းနေခဲ့ သွားခဲ့လာခဲ့ကြတာတွေ ငါ့မျက်စေ့ထဲ ပြန်ပြီးမြင်ယောင်လာမိတယ်။ မင်းနဲ့ငါက အဲဒီခေတ်က အခေါ်နဲ့ဆို "စာရူးပေရူး" ကောင်လေးတွေ။ မြန်မာဝတ္တုတိုရှည်တွေ ဖတ်တယ်။ ဘာသာပြန်ဝတ္တုတိုရှည်တွေ ဖတ်တယ်။ နိုင်ငံရေးစာအုပ်တွေ ဖတ်ကြတယ်။ ဝေဖန်ရေးနဲ့ လေကန်ရေးတွေ ဘာလုပ်ကြသလဲ မမေးနဲ့။


အဲဒီလို အဝေဖန်ကောင်းလို့ပေါ့ တို့ဆရာမဒေါ်ထိုက်ထိုက်နဲ့ မျက်နှာပျက်မလို ဖြစ်ခဲ့ရတာ။ ဆရာမကတော့ သူတပည့်တွေအကြောင်း သိပြီးသားဆိုတော့ ဘွေမယူလို့သာ တော်တော့တယ်။ စာရေးဆရာ မောင်နေဒွန်း ကို ရုရှားစာရေးဆရာကြီး လီအိုတော်လ်စတွိုင်း၏၀တ္တု "စစ်နဲ့ငြိမ်းချမ်းရေး" (War and Peace) စာအုပ်ကို ဘာသာပြန်တာနဲ့ ပတ်သက်လို့ အားမနာပ ရှုတ်ချဝေဖန်ခဲ့ကြတာ။ ဆရာမြသန်းတင့်က ဘာသာပြန်ပြီး ပုဂံစာအုပ်တိုက်မှ အတွဲ(၁၂)တွဲကို တစ်အုပ်ချင်းထုတ်နေတုန်း "စစ်နဲ့ငြိမ်းချမ်းရေး"၀တ္တုအကျဉ်းချုပ်စာအုပ် တစ်အုပ်ကို မောင်နေဒွန်းက ဖြုန်းစားကြီး ရေးထုတ်ရမလားဆိုပြီးပေါ့။ ပြောမယ့်ပြောတော့ မောင်နေဒွန်း၏ အမျိုးအရင်းကြီးဖြစ်တဲ့ ဆရာမရှေ့မှာ။

မင်းနဲ့ငါက မတွေ့လိုက်ကြနဲ့၊ တွေ့လိုက်တာနဲ့ စာအကြောင်းပေအကြောင်း ပြောလိုက်ကြတာ မမောနိုင် မပမ်းနိုင်ပဲလေ။ မင်းအိမ်နဲ့ ငါ့အိမ်ကလူတွေသာ နားပူကြရတာ မဟုတ်ဘူး၊ အိမ်နားနီးချင်းတွေပါ ကြာတော့ နားမခံနိုင်ကြတော့ဘူး။ "ဒီကောင်လေးနှစ်ကောင် စကားပြောပဲပြောနိုင်ကြတယ်။ ညမှာလဲ ဟုတ်တိပတ်တိ မအိပ်ပဲ ဘာတွေပြောနေကြမှန်း မသိဘူး"တဲ့။ 

စာအုပ်ကောင်းတွေ ပေါပေါများများထွက်ပြီး သူ့ခေတ်သူ့အခါနဲ့ စာအုပ်ဈေးကလဲ သင့်နေသေးတာမို့ မင်းတို့ ငါတို့ ခေတ်ကောင်းမီတယ်လို့ ပြောရမလားပဲ။ စာအုပ်ကောင်းဆိုတဲ့နေရာမှာ မဂ္ဂဇင်းက ၀တ္တုတိုကောင်းတွေ ဖတ်ရတယ်။ ဆရာနတ်နွယ်ရဲ့ "မြန်မာပြည်မြောက်ပိုင်း"၊ ဆရာမောင်ထင်ရဲ့ "ငဘ"၊ တောင်တွင်းဦကိုကိုကြီး ဘာသာပြန်တဲ့ ရုရှာစာရေးဆရာ မက္ကစင်ဂေါ်ကီရဲ့"အမေ"၊ဆရာကျော်အောင် ဘာသာပြန်တဲ့"တောရိုင်းမြေ"၊  ဒသန အတွေးအခေါ်တွေနဲ့ ပတ်သက်လို့ တောင်တွင်ကြီးဆရာတော်ဦးဥက္ကဋ္ဌ၊ ဆရာဦးဆန်းထွန်း၊ ဆရာဦးဆန်းလွင်တို့ရဲ့စာတွေ၊ တော်လှန်စာပေနဲ့ပတ်သက်လို့က ဆရာနတ်နွယ် ဆရာမင်းကျော် ဆရာမောင်နေ၀င်းနဲ့ ဆရာကျော်အောင်တို့ရဲ့စာတွေ။

ဒီအကြောင်းတွေ ရေးရတာက တို့ငယ်သူငယ်ချင်းလည်းဖြစ် စာဖတ်ဖော်ချင်းလည်းဖြစ်ပြီး ရည်မှန်းချက် ခံယူချက်ချင်းနီးစပ်မှုရှိခဲ့ကြတဲ့ မင်းတို့ ဘုန်းကြီးတို့ ငါတို့ရဲ့ ငယ်ငယ်က ရုပ်ပုံလွှာတွေဖြစ်ခဲ့လို့ပေါ့။

သူငယ်ချင်းမှတ်မိဦးမှာပါ။
တို့ငယ်ငယ်တုန်းက ဘုန်းကြီး(အဲဒီတုန်းကတော့ "ဦးပဉ္စင်းညွန့်မောင်"လို့ပဲ ခေါ်ခဲ့ကြတာ)က ပြောခဲ့ဖူးတာ။ "မင်းတို့နှစ်ယေက်က လောကီဘက်မှာ ထူးချွန်အောင်လုပ်ကြ၊ ငါက လောကုတ္တရာမှာ ထူးချွန်အောင် လုပ်မယ်" လို့ ပြောခဲ့တာကိုလေ။ ဘုန်းကြီးနဲ့တွေ့တုန်းက ဒီအကြောင်းကို ပြန်ပြောပြတော့ ဘုန်းကြီးက ရယ်တယ်လေ။

မင်းနဲ့ငါက စာရေးဆရာ သိပ်ဖြစ်ချင်ခဲ့ကြတာ။ "မင်းရဲ့ကလောင်အမည်က 'ကျွန်းအေး' ငါ့ကလောင်အမည်က 'ကျွန်းမြင့်'လို့ယူကြရအောင်"လို့ မင်းက အကြံပြု့ခဲ့ဖူးတယ်။ စာရေးဆရာတွေတော့ ဖြစ်လာကြပါရဲ့။ ကလောင် အမည်ကတော့ မင်းပြောသလို ဖြစ်မလာခဲ့ဘူးကွ။ ဒါပေမယ့် သူငယ်ချင်းပြောခဲ့တဲ့ သူငယ်ချင်းသိပ်ချစ်တဲ့ "ကျွန်း"ကို မင်းရဲ့နှစ်လည်အမှတ်တရအနေနဲ့ ငါရဲ့ဘလော့(Blog)ခေါင်းစည်းမှာ ခန့်ခန့်ငြားငြား ထည့်သုံးထားတာဖြစ်လို့ .......

ချစ်တဲ့သူငယ်ချင်းရေ .... မင်း ၀မ်းမြောက်ပါလေတော့။       

သူငယ်ချင်း ကောင်းရာသုဂတိရောက်ပါစေ။

ချစ်တဲ့ ငယ်သူငယ်ချင်း တင်မောင်အေး။

No comments:

Post a Comment