"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 23, 2014

စာအုပ်အဟောင်းဆိုင်များ





၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက်



ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာပြည်ကို အလယ်ပြန်သွားခဲ့တာ အခါတိုင်းလုပ်နေကျအလုပ်တစ်ခု မလုပ်ဖြစ်ခဲ့ဘူး။ 
ခွင့်ရက်က နည်းတာရယ်၊ ကန့်ဘလူမှာ မိမိကိုစောင့်နေကြမယ့် အကြောအဆစ်လူနာများအတွက် အချိန်ပိုပြီးပေးချင်တာရယ်ကြောင့်ပါ။ 
ဟုတ်ပါတယ်။

မြန်မာပြည်ကိုသွားတဲ့ အဓိကရည်ရွယ်ချက်ကိုက အကြောအဆစ်လူနာများကြည့်ဖို့နဲ့လိုအပ်တဲ့စမ်း သပ်ကုသပေးမှုတွေ လုပ်ပေးဖို့ပဲဖြစ်လို့ပါ။ နောက်တစ်ခုက မြန်မာပြည်ကို ရောက်တုန်းရောက်ခိုက် မှာ အဲဒီမှာရှိနေကြတဲ့ မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်လေးများကို မိမိလေ့လာဆည်းပူး သိရှိထားသော စာတွေ့လက်တွေ့ အကြောအဆစ်ကုပညာရပ်များကို မျှဝေသင်ကြားပြသပေးဖို့ကလည်း ရှိနေပါသေးတယ်။ 

ဒါကြောင့် အချိန်ကသိပ်နည်းတာဖြစ်လို့ လုပ်စရှိတာတွေနဲ့လုပ်ချင်တာအချို့ ကို မလုပ်နိုင်ခဲ့သလို တွေ့ချင်တဲ့သူအချို့ ကိုလည်း မတွေ့ဖြစ်ခဲ့တော့ပါဘူး။ 
သို့ပေမယ် ကန့်ဘလူမြို့ နဲ့ရွာနီးချုံစပ်မှ အကြောအဆစ်ဝေဒနာရှင် ၂၅၀ ကျော်ကို မျိုးဆက်သစ်အ ကြောအဆစ်ကုပညာရှင် ၁၃ ဦး၏အကူအညီနဲ့ ၃ ရက်တိတိ ကြည့်ရှုစမ်းသပ်ကုသပေးနိုင်ခဲ့တာကို တော့အားရ၀မ်းသာဖြစ်ရပါတယ်။ 
ကန့်ဘလူကနေ ရန်ကုန်ကိုရောက်ပြန်တော့လဲ သံလျင်မှာရှိတဲ့ဆေးခန်းတစ်ခုမှာ အကြောအဆစ် ကုပညာရှင်လူငယ် ၂ ဦးနဲ့ဆရာဝန်တစ်ဦးတို့ကို သူတို့၏လူနာအချို့ နဲ့လက်တွေ့သင်ကြားပြသပေးခဲ့ရလို့ နေ့တစ်ဝက်ကျော် အချိန်ကုန်ခဲ့ရပြန်ပါတယ်။ 
အားလုံးထဲမှာ အဆိုးဆုံးကတော့ ရန်ကုန်က ကားလမ်းတွေပေါ်မှာ နေရာအနှံ့ ကားတွေနဲ့ ပိတ်ဆို့ ကျပ်ညပ်နေကြတာကြောင့် ခရီးမတွင်ဘဲ တန်ဖိုးရှိတဲ့အချိန်တွေ အလဟသ၁ အဟောသိကံ ပေးဆပ်ခဲ့ရတာပဲဖြစ်ပါတယ်။ 
ဒါနဲ့ ရန်ကုန်မှာ မိမိ ရောက်နေကျ ဗိုလ်ချုပ်လမ်း၊ ပန်းဆိုးတန်းလမ်းနဲ့ စာပေဗိမာန်တစ်ဝိုက်က စာ အုပ်အဟောင်းဆိုင်များကို လုံးဝမရောက်နိုင်တော့ဘူး။ အတော်လေးကို စိတ်မကောင်းစရာကြီးပါ။ ၁၉၉၁ ခုနှစ်ကစပြီး မိမိ မြန်မာပြည်ကိုပြန်ခဲ့တဲ့အခေါက်တိုင်းမှာ စာအုပ်တစ်အုပ်မှ ၀ယ်မလာဖြစ်ဘဲ စင်ကာပူကို လက်ချည်းဗလာ ပြန်လာခဲ့တာ အခုတစ်ခေါက်ပဲ ရှိဖူးလို့ပါ။ 
မိမိ ရန်ကုန်မှာ ကျောင်းတက်ခဲ့စဉ်ကကော ကျောင်းပြီးလို့ အလုပ်ထဲရောက်တော့ကော စာအုပ်အ ဟောင်းဆိုင်တွေကို အပတ်တိုင်းလိုလို ရောက်လေ့ရှိပါတယ်။ ဗိုလ်ချုပ်ဈေးနဲ့ ဓားလွယ်ခုတ်မှာရှိတဲ့ ရွှေဘုံသာရဲရိပ်သာဘေးကလမ်းကြားမှာ အင်္ဂလိပ်စာအုပ်အဟောင်းလေးတွေ ရတတ်ပါတယ်။ အ ထူးသဖြင့် အဲဒီအချိန်က ရီးဒါးဒိုင်ဂျက် (Reader’s Digest) စာအုပ်အဟောင်းတွေကို ပြား ၃၀ ပြား ၅၀ ပဲ ပေးရတာပါ။ သုံး လေး ငါးလကြာတဲ့စာအုပ်တွေရယ်ပါ။ ရီးဒါးဒိုင်ဂျက်နဲ့ အရွယ်တူ ပုံစံတူဖြစ် သော ဆိုဗီယက်ယူနီယံ (ရုရှား) နိုဗိုစတီ (Novosti) စာပေတိုက်က အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ စပွတ်နစ်စာစောင် (Sputnik)များနဲ့ စာပေဗိမာန်က အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ Spectrum စာ စောင် (စာမျက်နှာ ၂၀၀ ခန့်) အဟောင်းများကို လည်း ပြား ၃၀ လောက်နဲ့ ရတတ်ပါသေးတယ်။ 

နောက်ပြီး စီဘားဆေးဝါးကုမ္ပဏီ(CIBA Phamaceutical Company)က ကြွေစက္ကူနဲ့ထုတ်တဲ့ ရုပ်လုံး ကြွ ကြော်ငြာစာစောင်လေးများ (Clinical Symposia) ကိုလည်း ၁ ကျပ်၊ ၁ ကျပ်ခွဲလောက်နဲ့ ရတတ်ပါသေး တယ်။ ဒီစာစောင်တွေကို ဆေးကိုယ်စားလှယ်တွေက ဆရာဝန်များနဲ့အထူးကုဆရာဝန်ကြီးများကို ဆေးနမူ နာများနဲ့အတူ တွဲပြီးပေးလေ့ရှိပါတယ်။ ဆရာဝန်များဆီကမှတစ်ဆင့် ဒီစာစောင်လေးများဟာ စာအုပ်အ ဟောင်းတဲ့ဆိုင်တွေကို ရောက်သွားကြတာဖြစ်တယ်။


ဓာတ်ပုံ - အင်တာနက်။



စာရေးသူက ထိုစဉ်က သိပ္ပံမဂ္ဂဇင်းမှာ လပေါင်း ၃၀ တိတိ လစဉ်ပင်တိုင်ရေးခဲ့သော ဆေးပညာပေးဆောင်းပါး များအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းပြသရုပ်ဖော်ပုံကောင်းကောင်းများကို အဲဒီစာစောင်က ယူသုံးခဲ့တာပါ။ စာ စောင်လေးတွေမှာပါတဲ့ သရုပ်ပြပုံ လေးတွေသာ ကောင်းတာမဟုတ်ပဲ ပုံကိုရှင်းပြတဲ့ ပုံစာတွေကလည်း ဆိုလို  ရင်းကို တိတိကျကျ နားလည်စေတာဖြစ်တယ်။
သိပ္ပံမဂ္ဂဇင်းမှာပါရှိခဲ့တဲ့ အဲဒီဆောင်းပါးအားလုံးကို စုစည်းပြီး "ခန္ဓာကိုယ်ကပြောပြသောရောဂါများနှင့်ကာကွယ်ကုသရေး" ဟူသောအမည်ဖြင့် ဘာရတီစာပေ (ဂုဏ်ထူးစာပေ)က ၁၉၉၃ ဇန်န၀ါရီလမှာ စာအုပ်ထုတ်ဝေဖြန့်ချီ ပေးခဲ့ပါတယ်။

Reader's Digest မဂ္ဂဇင်းမှာပါရှိတဲ့ J D Ratcliff ရဲ့  "I am Joe's Liver/Heart/Kidney ..." အစရှိတဲ့ဆောင်းပါးတွေကို အဓိကမှီငြမ်းပြီး အခြားသောဆေးပညာရပ်စာအုပ်များအားကိုးကားလျက် ရေးသားခဲ့တာဖြစ်ပါတယ်။


စာအုပ်အဟောင်းဆိုင်မှဝယ်ခဲ့သော အဖုံးမပါစာအုပ်။



အဖုံးပါရှိသော မူရင်းစာအုပ် (၁၉၉၁)။











                






လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဘားလမ်းအထက်နားရှိ ဗိုလ်ချုပ်လမ်းဘေးပလက်ဖောင်းပေါ်က စာအုပ် အ 
ဟောင်းဆိုင်မှာ စာအုပ်အဟောင်းတွေကို လျောက်ကြည့်ရင်း မိမိ၏စာအုပ် ၂ အုပ်ကိုတွေ့လို့ ၀ယ်ခဲ့ပါသေး
တယ်။ တစ်အုပ်ကကျန်းမာရွှင်ပျော် ငါးဆယ်ကျော်”ဖြစ်ပြီး၊ နောက်တစ်အုပ်ကတော့ ဒေါက်တာAINSLIE 
၏ MEARES ၏ RELIEF WITHOUT DRUGS စာအုပ်ကို မိမိက အစမှအဆုံး ဘာသာပြန် ရေး သားထား
ပြီး ဘာရတီစာပေ(ဂုဏ်ထူးစာပေ)က ၁၉၉၁ ခုနှစ်မှာ ထုတ်ဝေဖြန့်ချီပေး တဲ့ ”ဆေးဝါးမပါ ရောဂါဝေဒနာ 
သက်သာပျောက်ကင်းနည်းများ ဖြစ်ပါတယ်။ ဒီစာအုပ်မှာက ရှေ့ အဖုံးမရှိတော့ပေမယ့် တတိယစာရွက်က
စပြီး ကျန်တဲ့စာမျက်နှာအားလုံး (စာမျက်နှာပေါင်း ၃၆၄ မျက်နှာ) ပြည့်ပြည့်စုံစုံ ပါပါတယ်။  


စာအုပ်အဟောင်းဆိုင်တွေမှာ စာအုပ်အမျိုးအစားအတော်လးစုံစုံရတတ်ပါတယ်။ စာပေ ယဉ်ကျေးမှု နိုင်ငံ
ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ခရီးသွား၊ ဘာသာပြန်၊ ဘာသာစကား အစရှိလို့ပေါ့။ စာရေးသူတို့ 
အရွယ်ရောက်တဲ့ ၁၉၆၃ခုနှစ်နောက်ပိုင်းကာလဖြစ်သော အဲဒီအချိန်က မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီးနေ၀င်း 
ဦးဆောင်သော တော်လှန်ရေးကောင်စီ ခေါ် စစ်အစိုးရ၊ ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့စစ်ခေါင်း 
ဆောင်တစ်စုတို့က စစ်ယူဖောင်းချွတ်ပြီး တိုက်ပုံပြောင်းဝတ်ကာ ဆိုရှယ်လစ်တံဆိပ်နဲ့တိုင်းပြည်ကိုမျက် 
လှည့်ပြအုပ်ချုပ်တဲ့ကာလတွေဖြစ်လို့ မြန်မာစာအုပ်ကောင်းအချို့ ဟာ ပြန်လည်ထုတ်ဝေခွင့်မရရှိပါဘူး။ 

အထူးသဖြင့်တော့ နိုင်ငံရေးစာအုပ်တွေဖြစ်ကြပါတယ်။ အချို့ စာအုပ်တွေကတော့ ပုံနှိပ်ခွင့်အပိတ်မခံရပေ 
မယ့် အကြောင်းကြောင်းကြောင့် ပြန်ပြီးမရိုက်ဖြစ်တာလည်း ရှိတတ်ပါသေးတယ်။ ဒီအခါမှာ စာအုပ်အ 
ဟောင်းဆိုင်များတွင် အဲဒီစာအုပ်တွေကို ရှာနိုင်ရင်ရှာနိုင်သလောက် တစ်ခါတစ်ခါတွေ့ရတတ်တာမျိုးရှိ ပါ
တယ်။ စာရေးသူအဖို့ကတော့ စနေတနင်္ဂနွေလိုရက်အားရက်တွေမှာ ရန်ကုန်မြို့ထဲကိုသွားပြီး စာအုပ် အ
ဟောင်းဆိုင်များတွင် စာအုပ်တွေမွှေနှောက်ရှာဖွေရတဲ့အရသာကို နှစ်ခြိုက်နေခဲ့မိပါတယ်။ 


မမျှော်လင့်ပဲ မိမိဖတ်ချင်တဲ့စာအုပ်လေးတွေများ တွေ့မိလို့ကတော့ စိတ်ထဲမှာပျော်လိုက်ရတာ မပြောပါ
နဲ့တော့။ မြို့ ထဲကအပြန်ခရီး ဘတ်စ်ကားပေါ်မှာ စာအုပ်အဟောင်းလေးကို ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး ဖတ်
လာရတာကိုက အရသာထူးလှပေစွ။ မိမိအနေနဲ့ မြို့ ထဲကို မသွားဖြစ်တဲ့အခါများမှာ မြေနီကုန်းလေဟာပြင်
ဈေးထဲက စာအုပ်အဟောင်းဆိုင်ကိုတော့ ရောက်သွားတတ်ပါသေးတယ်။ အဲဒီမှာက တစ်ဆိုင် နှစ်ဆိုင်
လောက်ပဲရှိတာပါ။ မြို့ ထဲကလောက်တော့ မများဘူး မစုံဘူးပေါ့။    



အဲ  စင်ကာပူကိုရောက်လာပြန်တော့လဲ စာအုပ်အဟောင်းတွေကို မွှေနှောက်ပြီးဝယ်တဲ့အလုပ်က လွတ်
ကင်းနိုင်ရိုးလားဗျ။ 



အမျိုးသားစာကြည့်တိုက် (National Library Board) က စာအုပ်အဟောင်းတွေကို တစ်နှစ်တစ်ခါ ချရောင်းတဲ့ နေရာတွေကိုလည်း တကူးတကရောက်အောင်သွားပြီးဝယ်လေ့ရှိတာ ဒီကနေ့အထိပါပဲဆိုပါတော့။ 

ပထမ ၃ ကြိမ်လောက်က World Trade Centreရဲ့ ဘေးနားက ယခု Vivo City နေရာမှာရှိခဲ့ဖူးတဲ့ ဂိုဒေါင်လိုအဆောက်အဦတွေမှာ ရောင်းပေးခဲ့တာဖြစ်ပါတယ်။ အထက်မှာပြထားတဲ့ဓာတ်ပုံကိုကြည့်ရင် ယခင် World Trade Centre အဆောက်အဦပုံနဲ့ သူ့ဘေးက အမိုးခုံးခုံးနဲ့ဂိုဒေါင်လိုအဆောက်အဦ ၂ လုံးကို တွေ့နိုင်ပါတယ်။ 

ဒီနောက်မှာ မိမိမှတ်မိသလောက်တော့ Suntec City အပေါ်ထပ်မှာ တစ်ကြိမ်လုပ်ပြီး ယခုလက်ရှိ Expo နေရာကို ပြောင်းရွေ့ ရောက်သွားခဲ့တာ ဒီကနေ့အထိပါ။       







No comments:

Post a Comment