"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 17, 2011

မလေးရှားသို့ လူမမာမေးခရီး

ပြီးခဲ့တဲ့သောကြာနေ့က မလေးရှားကို ဇနီးနှင့်အတူ မထင်မှတ်ပဲ ရောက်သွားခဲ့ရတယ်။

စာရေးသူနဲ့ မိသားစုလိုခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဦးခင်ထွန်းက သူရဲ့နှလုံးသွေးကြောကျဉ်းနေတာကို ကွာလာလန်ပူမှာရှိတဲ့ Institut Jantung Negara (National Heart Institute) တွင် ကုသမှုခံယူရမှာမို့ပါ။ သူ မြန်မာပြည်က ထွက်မလာခင်ကတည်းက စင်ကာပူကိုအလည်လာမယ့် သူ့မိတ်ဆွေတစ်ဦးကတဆင့် ခွဲစိပ်ကုသရေးနဲ့ပတ်သက်လို့ စာရေးသူထံ မေးမြန်းစုံစမ်းခဲ့တာဖြစ်တယ်။ မြန်မာပြည်မှာရှိတုန်းကတော့ သြစတေးလျက နှလုံးခွဲစိပ်ကုဆရာဝန်ကြီးများနဲ့ ပြသခဲ့ပြီးပြီလို့ သိရတာပဲ။

စာရေးသူ ရန်ကုန်ဆေးဘက်ပညာသိပ္ပံမှာ ပထမနှစ်ဖြေပြီးကျောင်းပိတ်လို့  ကန့်ဘလူကိုပြန်လာတော့ ဆရာ ဦးခင်ထွန်းကို စပြီးသိခဲ့ရတာ။ သူက ပခုက္ကူဇာတိဖြစ်တယ်။ ကန့်ဘလူကို အထက်တန်းပြဆရာအဖြစ်နဲ့ ရောက်လာခဲ့တာဖြစ်တယ်။ နောက်တစ်ခါ ၁၉၇၅ ခုနှစ်မှာ စာရေးသူ ရန်ကုန်သမိုင်းမသန်မစွမ်းဆေးရုံကနေ မော်လမြိုင်ပြည်နယ်ဆေးရုံကြီးကို ပြောင်းသွာတော့ တစ်ခါပြန်ပြီးဆုံကြရပြန်တာ။ သူက မော်လမြိုင်ဆရာ အတတ်သင်သိပ္ပံမှာ ဆရာ/အဆောင်မှူးလုပ်နေတယ်။ မော်လမြိုင်မှာ အသိမိတ်ဆွေမရှိလှသေးတာဖြစ်လို့ သူ့မိသားစုထံ မကြာခဏဆိုသလို အလည်ရောက်တတ်တယ်။ ရောက်တဲ့အခါတိုင်း ဆရာ့ဇနီးမမခင်က ထမင်းဖြစ်ဖြစ် လက်ဖက်ဖြစ်ဖြစ် တစ်ခုခုအမြဲကျွေးလေ့ရှိတယ်။ အထူးသဖြင့်တော့ မမခင်ရဲ့လက်ရာဖြစ်တဲ့ ပုန်းရည်ကြီးနဲ့ဝက်သားကို စာရေးသူ အကြိုက်ဆုံးပဲ။ 

စာရေးသူ ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီးသို့ပြောင်းလာပြီးနောက်မှာ ဆရာဦးခင်ထွန်းက မော်လမြိုင် တက္ကသိုလ်ကို ကထိကအဖြစ်ပြောင်းရွေ့တာဝန်ယူကြောင်း ကြားသိခဲ့ရတယ်။ မိမိ စင်ကာပူကိုရောက်လာချိန် မယ်တော့ ဦးခင်ထွန်းက ကျန်မာရေးဦးစီးဋ္ဌာနမှာ ညွှန်ကြားရေးမှူးတာဝန် ယူခဲ့တာဖြစ်တယ်။ နောက်ပိုင်း စာရေးသူ မြန်မာပြည်ကိုပြန်လည်ရင်း မော်လမြိုင်ကိုရောက်တော့ စာရေးသူနဲ့ညီအကိုလိုရင်းနှီးတဲ့ ပြည်နယ် အထူးကုဆရာဝန်ကြီးဇနီးမောင်နှံက သူတို့လင်မယား တစ်မြို့တစ်ရွာစီတာဝန်ကျနေတာကို ဦးခငိထွန်းမှ တစ်ဆေးရုံထဲတာဝန်ကျအောင် အကူအညီပေးခဲ့ကြောင်း ပြောပြကြပါတယ်။ စာရေးသူရဲ့မိတ်ဆွေခွဲစိတ်ကု ဆရာဝန်ကြီးက အပြောင်းအရွေ့ကိစ္စတင်ပြဖို့ ကျန်မာရေးဦးစီးဋ္ဌာနက ညွှန်ကြားရေးမှူးရဲ့အခန်းထဲဝင်သွား တော့ ဦးခင်ထွန်းက ဆိုင်းမဆင့်ဗုံမဆင့် "ခင်ဗျား ကိုတင်မောင်အေးရဲ့မိတ်ဆွေ မဟုတ်လား" လို့ မေးလိုက်တဲ့ အကြောင်းပြောပြပြီး ရယ်ကြရသေးတယ်။ စာရေးသူ မော်လမြိုင်ကိုရောက်တိုင်း ဦးခင်ထွန်းတို့မိသားစုနဲ့ ဒေါက်တာဦးမျိုးဆွေကြည်၊ဒေါက်တာဒေါ်တင်တင်လှိုင်တို့မိသားစုကို သွားတွေ့လေ့ရှိသလို သူတို့ကလည်း ယခင်ကလိုပဲ ရင်းရင်းနှီးနှီးအမြဲဧည့်ခံလေ့ရှိကြတာပါ။
 
ဦးခင်ထွန်းတို့သားအဖက ကွာလာလန်ပူကို ရောက်တော့ စာရေးသူထံ ဖုန်းဆက်ပြီးအကြောင်းကြားလို့ စာရေးသူကဇနီးဖြစ်သူနဲ့တိုင်ပင်ပြီး လူမမာမေးရင်း အားလည်းသွားပေးရင်း ကွာလာလန်ပူကို သွားခဲ့ကြတာ။

မော်လမြိုင်က ဆရာဦးခင်ထွန်း၏အိမ်တွင် အမှတ်တရ....(၂၀၀၆) (၀ဲမှ... သမီးမသန္တာတင်၊ စာရေးသူ၊ ဦးခင်ထွန်း၊ ဒေါ်ခင်ခင် (ဦးခင်ထွန်း၏ဇနီး)၊ ဒေါ်စိုးစိုးအေး၊ သား စိုးမောင်တင်။


စာရေးသူ အလုပ်မအားတာနဲ့ ဇနီးနဲ့သမီးတို့ကိုပဲ ဘတ်စ်ကားလက်မှတ် အ၀ယ်ခိုင်းရတယ်။ အစကတော့ ပင်နီစူးလားမှာဆိုင်ဖွင့်ထားတဲ့ မြန်မာခရီးသွားအေးဂျင့်ကို လေယာဉ်လက်မှတ် စီစဉ်ခိုင်းသေးတယ်။ အဲဒါ မရတာနဲ့ သွားမယ့်နေ့ နေ့လည်ကမှ ဘတ်စ်ကားလက်မှတ် ကတိုက်ကရိုက်ဝယ်လိုက်ရတယ်။ မိုးချုပ်သွား- မိုချုပ်ပြန်လက်မှတ်တောင် ကံကောင်းထောက်မပြီးရတာ။ ည ၁၀ နာရီသွားပြီး၊ ည ၁၁ နာရီကြီးပြန်ခဲ့ရတာ။ ဘာပဲပြောပြော မိတ်ဆွေကို ခွဲခန်းမ၀င်မီတွေ့ပြီး အားပေးစကားပြောရတယ်။ ခွဲခန်းထဲက ထွက်လာလာချင်း သူ သတိပြန်မရမီ သွားပြီးကြည့်နိုင်ခဲ့တယ်။ စင်ကာပူကို ပြန်မလာခင်လေးမှာ သူ သတိပြန်ရလာတဲ့အထိ စောင့်ကြည့်ပြီး စကားပြောနူတ်ဆက်နိုင်ခဲ့တာဖြစ်လို့ ၀မ်းသာကျေနပ်မိတယ်။

ဦးခင်ထွန်း ခွဲခန်းဝင်မယ့်နံနက်က ဆေးရုံမှာ အမှတ်တရ...

ဒီကအသွားတုန်းက ဘွန်လေး(Boon Lay)ကားဂိတ်က ည ၁၀ နာရီမှာ ကားစ,ထွက်တယ်။ စင်ကာပူ လ၊၀၊က (immigration)ကို ရောက်တော့ ည၁၀ နာရီ ၂၃ မိနစ်ရှိပြီ။ Causeway ကိုဖြတ်တော့ မီးထိန်ထိန်ညီးပြီးအဝေးမှာ ကျန်ခဲ့တဲ့ စင်ကာပူမြို့ကို ပြန်ပြီးလှည့်ကြည့်မိသေးတယ်။ မိုးရွာထားပြီးစမို့ အပြင်ရာသီဥတုက ခပ်အေးအေး၊ ကားထဲမှ လေအေးစက်ကလဲ ခပ်အေးအေးဖြစ်လို့ ခရီးသွားလို့ သိပ်ကောင်းတာ။ အလုပ်မှာ ဒီနေ့တစ်နေ့လုံး အလုပ်များခဲ့ပေမဲ့ မအိပ်ချင်သေးတာနဲ့ လမ်းတစ်လျောက်လုံးလိုလို ကြည့်ခဲ့ဖြစ်တယ်။ တစ်ဖက်ကလာတဲ့ ကားတွေရဲ့မီးလုံးတွေက တစ်ခါတစ်ခါ မျက်နှာကို 'လင်း'ကနဲထိုးတတ်တယ်။ ကိုယ့်ဖက်အခြမ်းဖက်မှာရှိတဲ့ ရှေ့ကကားတွေရဲ့ အနောက်မီးလုံးနီနီလေးတွေကတော့ အဝေးမှာထွန်းထားတဲ့ မီးပုန်းနီနီလေးတွေလို လှနေချေသေးတော့။

ည ၁၀ နာရီခွဲတော့ မလေးရှား လ၊၀၊က (immigration)ကို ရောက်တယ်။ အားလုံး ချောချောမောမောပါပဲ။ ဘာမှ ကြန့်ကြာမှုမရှိဘူး။ ည ၁၁ နာရီ ၁၅မိနစ်မှာ လမ်းဘေးက ဓါတ်ဆီဆိုင်တစ်ဆိုင်မှာ ဆီဝင်ထည့်တာ ကားတွေများနေလို့ မိနစ်၂၀လောက် ကြာတာတစ်ခုပဲရှိတယ်။ ဆီဖြည့်ပြီး နောက် ၄၅ မိနစ်လောက် ဆက်မောင်းတာနဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်ကို ရောက်သွားခဲ့တယ်။ စားသောက်ဆိုင်ကြီးကိုဦးတိုက်ပြီး စီစီရီရီ ရပ်ထားတဲ့ အဝေးပြေးဘတ်စ်ကားတွေက သောက်သောက်လဲပဲ။ တစ်စီးနဲ့တစ်စီးရပ်ထားတဲ့ကြားမှာ လူတစ်ယောက်ပင် အနိုင်နိုင်သွားနိုင်တယ်။ အဲဒီမှာ စာရေးသူတို့ ထမင်းမစားချင်တာနဲ့ ပဲပေါက်စီစားရင်း ကော်ဖီပူပူလေး သောက်ဖြစ်ကြတယ်။ စားသောက်ဆိုင်မှာ ၄၅ မိနစ်လောက် စားသောက်ချိန်ရတယ်။     

နံနက် ၃ နာရီခွဲမှာ ကွာလန်လာပူကိုရောက်တယ်။ ကားက Times Square ကုန်တိုက်ကြီးရှေ့မှာ ဂိတ်ဆုံးတာ။ အဲဒီကမှ တက္ကစီစီးပြီး ဦးခင်ထွန်းတက်နေတဲ့ IJN(National Heart Institute)နှလုံးရောဂါအထူးကုဆေးရုံကြီးကို သွားရတယ်။ သူ့အခန်းကို ရောက်တော့ ၄ နာရီထိုးဖို့ သုံးလေးမိနစ်ပဲ လိုတော့တာ။ သူနဲ့သူ့သား'ကိုနိုင်'တို့ နိုးနေကြပြီ။ စာရေးသူတို့ကို မျှော်နေလားမှ မသိတာ။ ဒါနဲ့ စကားတွေအတော်လေး ပြောဖြစ်ကြတယ်။ သူ့ကျန်းမာရေး အကြောင်းနဲ့ မော်လမြိုင်က မိတ်ဆွေတွေအကြောင်း..စုံလို့ စုံလို့ပဲ။ စကားတွေအကြာကြီး ပြောနေရင် လူမမာ အနားမရမှာစိုးရိမ်တာနဲ့ နံနက် ၅ နာရီကျော်မှာ ဆေးရုံနဲ့မျက်နှာချင်းဆိုင်က ဟိုတယ် (Hotel Putra KL)မှာ တည်းခိုလိုက်ကြတယ်။ ဟိုတယ်မှာ တစ်နာရီခွဲလောက်နားပြီး စာရေးသူတစ်ယောက်ထဲ ဆေးရုံကို ပြန်သွားခဲ့တယ်။ ဇနီးက ကုန်းကျော်တံတားကို အတက်အဆင်းခဏခဏမလုပ်နိုင်တာနဲ့ ဟိုတယ်မှာပဲ ကျန်ခဲ့တာ။  

Hotel Putra KL ကို လမ်းကျော်တံတားကြီးပေါ်မှ တွေ့ရ ....



ဦးခင်ထွန်းတက်သည့် IJN(National Heart Institute)နှလုံးရောဂါအထူးကုဆေးရုံကြီး။


ဧပြီလ ၂၁ ရက်နေ့က ဆက်ရေးဖြစ်တယ်။ 
ဆေးရုံနဲ့ဟိုတယ်ကို လမ်းကျော်ပြီး ဆက်သွယ်ထားပေးတဲ့ ကုန်းကျော်တံတားက မြင့်တဲ့အပြင် လှေကားထစ် တွေကျပြန်တော့လဲ မတ်စောက်စောက်ကြီး။ ဒူးနာတတ်တဲ့ ဇနီးအဖို့ ခဏခဏ မတက်နိုင်ဘူး။ နံနက် ၇ နာရီမထိုးခင်လေးမှာ ဦးခင်ထွန်းရဲ့အခန်းကို ရောက်သွားခဲ့တယ်။ ခွဲခန်းဝင်ဖို့ အ၀တ်တောင်မလဲရသေးဘူး။ ဒါနဲ့ ၁၅ မိနစ်လောက် စကားပြောဖြစ်ကြသေးတယ်။ ခဏနေတော့ သူနာပြုဆရာမ၀င်လာပြီး ခွဲခန်းဝင်ဖို့ အ၀တ်စားလဲရန် လာပြောတာနဲ့ စကားဖြတ်လိုက်ကြတယ်။ ပြီး . ဦးခင်ထွန်းကို အိပ်စင်လှည်းပေါ်တင်ပြီး ခွဲခန်းရှိရာ အောက်ထပ်ကို ဓါတ်လှေကားနဲ့ဆင်းခဲ့ကြတယ်။ လူနာကို ခွဲစိပ်ခန်းထဲ ခေါ်သွင်းမသွားခင်မှာ  အကြောင်းကိစ္စရှိရင်ဆက်သွယ်နိုင်ဖို့ သူနာပြုဆရာမက ဦးခင်ထွန်းရဲ့သားထံမှမိုဘိုင်းဖုန်းနံပတ်တောင်းပြီး ခွဲစိပ်ချိန် ၅ နာရီခန့်ကြာမယ်လို့ ပြောပါတယ်။   

လူနာကို ခွဲစိတ်ခန်းထဲ သွင်းသွားတော့ စာရေးသူနဲ့ကိုနိုင်တို့ ဆေးရုံထဲက စားသောက်ဆိုင်ဘက်ကို သွားခဲ့ကြတယ်။ဆိုင်မှာ နောက်မြန်မာမိသားစုတစ်စုနဲ့တွေ့လို့ မိတ်ဆက်စကားပြောဖြစ်ကြတယ်။ သူတို့လဲ နှလုံးသွေးကြောကျဉ်းတာကို ခွဲစိတ်ကုဖို့(Coronary artery bypass surgery/bypass graft surgery)လာကြတာ။  လူနာက အသက် ၆၅နှစ်ရှိပြီ။ ဦးခင်ထွန်းက ၇၃ နှစ်လေ။ လူနာနှစ်ဦးလုံး ခွဲခန်းထဲကို ရှေ့ဆင့်နောက်ဆင့်ပဲ ၀င်သွားကြတာ။ နေ့လည်တစ်နာရီလေက်မှာ ခွဲခန်းထဲက ပြန်ထွက်လာကြတော့လဲ ရှေ့ဆင့်နောက်ဆင့်ပါပဲ။ အားလုံး ကောင်းကောင်းမွန်မွန်ပါ။ စာရေးသူတို့အားလုံး လူနာနှစ်ဦးစလုံးအတွက် ၀မ်းသာလိုက်ကြရတာ ဘာပြောကောင်းမလဲ။ သူ့လူနာဘယ်လိုလဲ ကိုယ့်လူနာဘယ်လိုလဲ စသဖြင့် တစ်ဦးအတွက်တစ်ဦး စိတ်ပူပြီး မေးလိုက်ကြရတာ မိသားစုတစ်ခုထဲလိုကို ဖြစ်သွားခဲ့ကြရော။

ဟုတ်တာပေါ့။ ခွဲစိတ်ကုသမှုခံယူရတယ်ဆိုတာ ရောဂါသေးသေးကြီးကြီး အသက်အန္တရာယ်ရှိနိုင်တာချည်း ပဲ။ ကာယကံရှင်လူနာများအဖို့ကော ကျန်တဲ့မိသားစုဝင်တွေအတွက်ကော စွန့်စားရတာမျိုးပါ။   

    
သန့်ရှင်းသပ်ရပ်လှပသည့် ဆေးရုံအ၀င်ဧည့်ကြိုခန်း။


စားသောက်ပြီးတော့ ကိုနိုင်ကိုနူတ်ဆက်ပြီး ဟိုတယ်ကို ပြန်ခဲ့တာ ကုန်းကျော်တံတားပေါ်ရောက်ခါစ ရှိသေး မိုးက ဗြုံးစားကြီးရွာချလို့ ဟိုတယ်ကိုပြန်မရပဲ နံနက် ၈ နာရီ မိနစ် ၄၀ ကနေ ၉ နာရီ မိနစ် ၂၀ ကျော်တဲ့အထိ တံတားပေါ်မှာ သောင်တင်ခဲ့ရတယ်။ အရေးထဲ ဖုန်းကလဲ ခေါ်လို့မရပြန်ဘူး။ စင်ကာပူကနေ မလေးရှားကို လာခဲ့တုန်းက ပြောလို့အဆင်ပြေရဲ့သားနဲ့ အခုတော့မှ တစ်စိမ်းတွေလို ပါပဲလား အောက်မေ့ရသေးတယ်။ ဟိုတယ်ထဲက ထီးကလေးနဲ့ထွက်လာတဲ့ဇနီးကိုမြင်ရမှ စိတ်သက်သာရာရတော့တယ်။ ကျေးဇူးတင်လိုက်တာ မယ်မင်းကြီးမရယ်။ သူကလဲ ညက ကားပေါ်မှာ တစ်ညလုံးအိပ်ရေးတွေပျက်ခဲ့လို့ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေရာက လန့်နိုးပြီး ထလာခဲ့တာတဲ့။ ဟင်း . နိုးများမနိုးရင်ဖြင့် ဒုက္ခ။
                                                            

ဧပြီလ ၂၉ ရက်နေ့က ဆက်ရေးဖြစ်တယ်။ 
ထီးကလေးနဲ့ ဇနီးသည်'မေခလာ' လာကယ်ပေလို့ ဟိုတယ်ကို မိုးရေမစိုပဲ ပြန်ရောက်နိုင်ခဲ့တယ်။ ဟိုတယ်က ကျွေးတဲ့နံနက်စာကို ၁၀ နာရီမထိုးခင်လေးမှာ စားလိုက်ရသေးတယ်။ ညက ကားပေါ်မှာ ကောင်းကောင်း     မအိပ်ခဲ့ရတာဖြစ်လို့ အိပ်ယာပေါ် ခေါင်းချလိုက်တာနဲ့ တုံးကနဲအိပ်ပျော်သွားခဲ့တယ်။ ဒါပေမဲ့ နေ့ခင်း ၁ နာရီ လောက်မှာ ဦးခင်ထွန်း ခွဲစိတ်ခန်းကပြန်ထွက်လာမှာဖြစ်လို့ နေ့ ၁၂ နာရီ ၄၀ မိနစ် နိုးစက်ချပြီး အိပ်ရတာ။ နေ့ခင်း ၁ နာရီလောက်မှာ ဆေးရုံကိုရောက်တော့ ဦးခင်ထွန်း ခွဲခန်းကထွက်မလာသေးဘူး။ သူနဲ့အတူတူ ၀င်သွားခဲ့တဲ့သူက ခွဲခန်းမှ ပြန်ရောက်ခါစ။ သတိတော့ မရသေးဘူး။ 

မကြာပါဘူး။ ၁၅မိနစ်နေတော့ ဦးခင်ထွန်းရောက်လာတာပါပဲ။ သတိမရသေးတာမို့ မိမိတို့အပြင်ကိုထွက် ပြီး ထိုင်နေတုန်း ကိုနိုင်နဲ့သူ့သူငယ်ချင်းနှစ်ယောက် နေ့လည်စာသွားစားရာမှ ပြန်ရောက်လာကြ တယ်။ ညနေ ၅ နာရီ ၆ နာရီလောက်မှသတိပြန်ရမယ်လို့သူနာပြုဆရာမက လာပြောတာနဲ့ စာရေးသူနဲ့ဇနီးတို့ အရှေ့တောင် အာရှမှာ အကြီးဆုံးကုန်တိုက်ကြီးဖြစ်တဲ့ Times Square Shopping Mall သို့ တက္ကစီစီး ပြီးသွားခဲ့ကြတယ်။ ဒီ ကုန်တိုက်ကြီးက အထပ် ၁၂ ထပ်ရှိပြီး တခြားနာမည်ကျော်ကုန်တိုက်ကြီးတွေနဲ့ ယှဉ်ရင် တော်တော်လေးကို ကျယ်ကျယ်ဝန်းဝန်းရှိတာ။ ကျပ်ကျပ်ညပ်ညပ် တိုးတိုးဝှေ့ဝှေ့ကုန်တိုက်တွေ နဲ့ကွာခြားလှတာမို့ သွားရလာရ ကြည့်ရရှုရတာ သက်တောင်သက်တာ အများကြီးရှိတာ။    


'တိုင်းမ်စ် စကွဲယား' ကုန်တိုက်ကြီးတွင် ဒေါ်စိုးစိုးအေး အမှတ်တရ ..

Times Square မှာ ပထမဆုံးလုပ်ရတာက နေ့လည်စာကိစ္စပါ။ ကိုယ်စားချင်တဲ့အစားအစာရှိတဲ့ဆိုင်ကို ဟိုရှာ ဒီရှာလုပ်ရင်း ထူးမခြားနားသီချင်းလိုပဲ နောက်ဆုံးမယ်တော့ KFCမှာပဲ စားခဲ့ဖြစ်တာ။ ညနေစာကျမှသာ တရုတ်စားသောက်ဆိုင်မှာ စားခဲ့ကြတယ်။ လူမမာမေးလာတာဖြစ်လို့ ယခင်အခေါက်တွေကလို ဟိုကုန်တိုက် သွား ဒီကုန်တိုက်သွားနဲ့ ဈေးမ၀ယ်ဖြစ်ခဲ့ဘူး။ ဒီမှာပဲ တွေ့တာလေးတွေ ၀ယ်ခဲ့ဖြစ်တယ်။ ဇနီးက သူ့အတွက် လက်ကိုင်အိတ်၊ သားအတွက်က အင်္ကျီ၊ သမီးအတွက်က နားတွဲလောက်ပဲ ၀ယ်ခဲ့တာ။ မိမိအတွက် ရှုးဖိနပ်ရှာ တာ စိတ်ကြိုက်မတွေ့လို့ မရခဲ့ဘူး။    

Times Square ကနေ ဆေးရုံကိုပြန်ရောက်တော့ ညနေ ၅ နာရီခွဲရှိပြီ။ ဦးခင်ထွန်းသတိပြန်ရမဲ့အချိန်ကိုမှန်းပြီး ပြန်လာခဲ့ကြတာ။ ဧည့်ကြိုခန်းမကကောင်တာမှာ ဧည့်သည်ဝင်ခွင့်ကာဒ်(visitor pass) ၀င်တောင်းတဲ့အခါမှာ တာဝန်ကျက တယ်လီဖုန်းနံပတ်တောင်းတာနဲ့ မိမိက ပေးလိုက်တော့ သူကဖြတ်ကနဲ စာရေးသူကိုမော့ကြည့် တယ်။ မလေးရှားဖုန်း မဟုတ်လို့လေ။ ဒါနဲ့ စာရေးသူက စင်ကာပူက လာတာလို့ပြောပြရတယ်။ စင်ကာပူက လာတာဆိုတော့ နောက်တစ်မျိုးပြောင်းပြီး တောင်းပါလေကော။ ကားလိုင်စင်ပြပါတဲ့။ ကိုယ့်ကားနဲ့လာတာ မဟုတ်ဖူး။ အမြန်ကားနဲ့လာခဲ့တာလို့ပြောပြလိုက်တဲ့အခါမယ်တော့ တာဝန်ကျအမျိုးသားခမြာ အတော်လေး အကြံအိုက်သွားပြီး လက်ရှော့သွားကာ ဧည့်သည်ဝင်ခွင့်ကာဒ် ၂ ခုကို ရှောရှောရှူရှူပေးလိုက်ပါတော့တယ်။  နေ့ခင်းကလာတုန်းကတော့ နိုင်ငံကူးလက်မှတ်တွေ (passport) ပေးထားခဲ့ရတာ။ ပြန်တော့မှဧည့်သည်ဝင်ခွင့် ကာဒ်နဲ့ နိုင်ငံကူးလက်မှတ်တွေ ပြန်ပြီးလဲယူရတာ။ 
အထူးကြပ်မတ်ဆောင်ထဲဝင်သွားတဲ့အခါ ဦးခင်ထွန်းသတိပြန်မရသေးတာနဲ့ သူနာပြုဆရာမလုပ်ကိုင်နေတာ တွေကို လေ့လာကြည့်နေမိတယ်။ ဒီညနေပိုင်းဆရာမက မနက်ကဆရာမလောက်လုပ်တာကိုင်တာ သေသေ သပ်မရှိတာ သတိပြုမိတယ်။ ဥပမာ စက်တွေနဲ့လူနာကို ဆက်သွယ်ပေးထားတဲ့ပလပ်စတစ်ကြိုးတွေ(tube)ကို တစ်ချိန်လုံးအသွားအပြန်တက်နင်းနေတာ။ လုံးဝမြင်လို့ကိုမရဘူး။ ပါးစပ်ကမပြောမိအောင် အတော်လေးကို  ချုပ်ထိမ်းထားရတယ်။ သူစီးထားတဲ့ဖိနပ်က အပြင်ဖက်ကိုလဲ စီးသွားနေတာ။ ခဏကြာတော့ တာဝန်ကျဆရာ ၀န်ရောက်လာလို့ စကားပြောဖြစ်တယ်။ လူနာအတွက်စိတ်မပူဖို့၊ မကြာခင်မှာ သတိရလာမှာဖြစ်ကြောင်း၊ သတိရလာပြီးတဲ့အခါ သူ့ဖာသာအသက်ရှုလို့ရမယ် ချောင်းဟပ်နိုင်မယ်ဆိုယင် ပါးစပ်ကပိုက်ကို ဒီနေ့ပဲဖြုတ် ပေးမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါနဲ့ စာရေးသူက မိမိသည် အကြောအဆစ်ကုပညာရှင်တစ်ဦးဖြစ်ကြောင်း၊ စင်ကာပူမှာ အလုပ်လုပ်နေကြောင်း၊ ဦးခင်ထွန်းအား ခွဲခန်းမ၀င်မီနှင့်ခွဲစိတ်အပြီးလုပ်ရမည့်လေ့ကျင့်ခန်းများ (Pre-operative and Post-operative Physiotherapy Exercises) ဖြစ်တဲ့ အသက်ရူလေ့ကျင့်ခန်း (breathing exercise)နဲ့ ခြေကျင်း ၀တ်လေ့ကျင့်ခန်း (ankle exercise)များကို ပြထားပေးကြောင်းပြောပြတဲ့အခါ သူက အတော်လေးဝမ်းသာသွားပုံရပါတယ်။ လိုအပ်ရင် ဦးခင်ထွန်းကို အကြောအဆစ်ကုပညာရှင်နဲ့ ပြပေးမယ် ပြောပါတယ်။ သူလဲ နောက်အပတ်ထဲ စင်ကာပူကိုရောက်ဦးမဲ့အကြောင်း အလာပသလာပအနေနဲ့ ပြောသွား ပါသေးတယ်။ 

ညနေ ၆ နာရီလောက်မှာ ဦးခင်ထွန်းသတိရလာခဲ့တာမို့ အားပေးစကားအနည်းငယ်ပြောပြီး လူနာအနားယူရ လေအောင် အပြင်မှာပဲနေခဲ့ကြတယ်။ ဧည့်ချိန်ဖြစ်လို့ ဆေးရုံမှာ လူနာလာကြည့်ကြတဲ့သူတွေ အများကြီးပဲ။ မလေးလူမျိုးတွေကော အိန္ဒိယလူမျိုးတွေကော တရုတ်လူမျိုးတွေကော မြန်မာလူမျိုးတွေကော စုံလို့စုံလို့ပါ။ ည ဂ နာရီမှာ ဧည့်ချိန်ကုန်ပြီဖြစ်တာကြောင့် ဦးခင်ထွန်းကို နူတ်ဆက်ပြီး Times Squareကုန်တိုက်ကို တက္ကစီနဲ့လာခဲ့ကြတယ်။ ည၁၁နာရီမှကားထွက်မှာဖြစ်လို့ ကုန်တိုက်ထဲမှာပဲ အချိန်ဖြုန်းကြရတာ။ တနေ့လုံးသွားလိုက် လာလိုက်ရှိခဲ့တာကြောင့် လူက ပင်ပမ်းနေပြီလေ။ 

ဒါနဲ့ အဝေးပြေးကားဂိတ်ကရုံးခန်းထဲရှိ ထိုင်ခုံမှာ မတ်တတ်လေးပဲ ရသေ့စိတ်ဖြေ ငိုက်ခဲ့ရတယ်။ ကားကလဲ ဂိတ်မထိုးသေးဘူး။ 

ဘာပဲဖြစ်ဖြစ် ဘတ်စ်ကားရောက်လာလို့ ထိုင်ခုံအိအိစက်စက်လေးပေါ်မှာ ကျောမှီလေးကို အနောက်ဖက်နဲနဲ စောင်းပြီး လှဲချလိုက်ရတဲ့အခါမယ်တော့ စာရေးသူတို့ရဲ့အပြန်ခရီးဟာ လောကနိဗ္ဗာန်တမျှပါပဲ။   

 

  

No comments:

Post a Comment