"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 24, 2011

ဧည့်သည်

အိမ်ရှိရင် ဧည့်သည်လာတတ်တာ အထူးအဆန်းမှ မဟုတ်တာ။
စာရေးသူတို့မြန်မာတွေအဖို့ ကိုယ့်အိမ်ကို ဧည့်သည်လာရင် ဧည့်ဝတ်ကျေတတ်ကြတယ်။
ရေနွေးတန်ရေနွေး လက်ဖက်တန်လက်ဖက် မရှိ ရှိတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် ဧည့်ခံကျွေးမွေးလေ့ ရှိကြတာ။

ကိုယ့်ဖာသာ အိမ်မှာ အားအား မအားအား ဧည့်သည်ကိုတော့ "အခု မအားသေးဘူးဗျာ၊ နောက်မှ လာခဲ့"လို့ ဘယ်တော့မှ ပြောလွှတ်လေ့မရှိကြဘူး။ ဧည့်သည်ရှိနေတုန်း ကိုယ့်ကိစ္စကို ခဏလေး ဘေးချိပ်ထားတတ် ကြတာ။ တစ်ဖက်ကလည်း အလိုက်ကမ်းဆိုးမသိကြီး မဟုတ်တာ များပါတယ်။ အိမ်ရှင်မှာ အလုပ်ရှိနေတာ ရိပ်မိတာနဲ့ တစ်ပြိုင်နက် အိမ်ရှင်က အားမနာရလေအောင် မယောင်မလည်လေးလုပ်ပြီး ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ နူတ်ဆက်ပြန်သွားကြတာပဲ။ 

မြန်မာလူမျိုးက နဂိုကတည်းက ကိုယ့်အိမ်ကို ဧည့်သည်လာရင် ပျော်လည်းပျော်တတ်ကြတယ်။ ငြိုငြင်တဲ့စိတ် မရှိတတ်ကြဘူးလေ။

စာရေးသူရဲ့အိမ်မှာ ဧည့်သည်မကြာခဏ ရောက်လာတတ်ပါတယ်။ အများစုကတော့ ဒီမှာလာပြီးအလုပ်လုပ် နေကြတဲ့ မျိုးဆက်သစ် အကြောအဆစ်ကုပညာရှင်လေးတွေ (Physiotherapist) ဖြစ်ကြတယ်။ တစ်ခါတစ်လေမှာ အလည်သက်သက်။ တစ်ခါတစ်ခါကြတော့ မြန်မာပြည်က ပစ္စည်းပေးလိုက်လို့။ တစ်ခါတစ်ရံမှာက အလုပ်နဲ့ပတ်သက်တဲ့စာ လာမေးကြ လာတိုင်ပင်ကြတာ။  ကျန်တာတွေက မြန်မာပြည်မှ စင်ကာပူကို အလည်ရောက်လာကြတဲ့သူတွေ။ တစ်ချို့က ကိုယ့်မွေးရပ်ဇာတိက။ တစ်ချို့က စာရေးသူ အလုပ်လုပ်ခဲ့ဘူးတဲ့ မော်လမြိုင်တို့ ရန်ကုန်တို့က မိတ်ဆွေတွေ။ အနည်းစုကတော့ စာရေးသူရဲ့မိတ်ဆွေတွေ ကတစ်ဆင့် ဆက်စပ်ပြီး ရောက်လာခဲ့ကြတာ။

ဧပြီလ ၂၇ ရက် (၂၀၁၁) နေ့က ဦးသောင်းစိန်၏သမီး(၀ဲဖက်အစွန်)အိမ်မှာ ...

ဦးသောင်းစိန် (ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း- M.E.I.C ကုန်သွယ်ရေးဝန်ကြီးဋ္ဌာန) ဇနီးဒေါ်ညိုညို မိသားစုနှင့်ION Orchard မှာ ....

ဦးသောင်းစိန်၊မမညိုတို့က ကန့်ဘလူဇာတိပါ။ ရန်ကုန်မှာရှိတဲ့ ကန့်ဘလူမြို့နယ်အသင်းမှာ ဦးသောင်းစိန်က ဥက္ကဋ္ဌဖြစ်ပါတယ်။ စာရေးသူ ဆေးဘက်ပညာသိပ္ပံမှာ ကျောင်းတက်နေစဉ်ကကော၊ ရန်ကုန်ဆေးရုံကြီးနဲ့ မသန်မစွမ်းဆေးရုံတို့တွင် အလုပ်လုပ်နေစဉ်မှာပါ ကျောက်မြောင်းက ဦးသောင်းစိန်တို့အိမ်ကို မကြာမကြာ အလည်ရောက်တတ်ပါတယ်။ 

စာရေးသူတို့မိသားစု စင်ကာပူနိုင်ငံကို ရောက်လာချိန်မှာတော့ ဦးသောင်းစိန်က အစိုးရကိစ္စနဲ့ စင်ကာပူကို ရောက်တိုင်း စာရေးသူထံ ဖုန်းဆက်အကြောင်းကြားလေ့ရှိတာမို့ စာရေးသူတို့ မိသားစုက  သူတည်းခိုတဲ့ ဟိုတယ်မှာ သွားပြီးတွေ့လေ့ရှိတယ်။ ဦးသောင်းစိန်က အခေါက်တိုင်း သားကို မုန့်ဖိုးပေးလေ့ရှိတာ။ မြန်မာ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်းမှာဖြစ်လို့ နိုင်ငံခြားကို ခဏခဏသွားရတာ။ တစ်ခါတစ်လေမှာ သူက အဖွဲ့ကို ဦးဆောင်ပြီး လာခဲ့တာ။ တစ်ခါတစ်ခါမယ်တော့ ၀န်ကြီးနဲ့ လိုက်လာခဲ့ရတာ။

အခုပင်စင်ယူပြီးတော့လဲ သူ့သမီး၊သားမက်နဲ့မြေးတွေရှိတဲ့ စင်ကာပူကို မကြာမကြာ ရောက်လေ့ရှိတာပါပဲ။ သူတို့ဇနီးမောင်နှံ စင်ကာပူရောက်လာတိုင်း စာရေးသူတို့မိသားစုက သွားတွေ့ကြပါတယ်။ အိမ်ကို ထမင်း ဖိတ်ကျွေးတာတို့ အပြင်ကို အလည်ပို့ပေးတာတို့ လုပ်ပေးရတယ်။ အခု ဒီစာကိုရေးနေစဉ်မှာပဲ စာရေးသူ ဖတ်ဖို့ ရန်ကုန်ကစာအုပ်တွေယူလာကြောင်း ဖုန်းဆက်စကားပြောဖြစ်ကြသေးတယ်။

ဧပြီလ ၃၀ ရက်နေ့(စနေနေ့)က ဆက်ရေးဖြစ်တယ်။
ဒီတစ်ခေါက်က ဦးသောင်းစိန်တစ်ယောက်ပဲ လာခဲ့တာ။ သူ့ဇနီးဖြစ်သူ မမညို မပါလာဘူး။ "မင်းတို့မမညိုက ပျင်းတယ်ဆိုပြီး လိုက်မလာဘူးကွ" လို့ ဦးသောင်းစိန်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၇)က နေ့ခင်းအလုပ်နားချိန်မှာ ဇနီးနဲ့အတူ ဦးသောင်းစိန်ကိုသွားတွေ့ဖြစ်တယ်။ သူက မေလ ၁ ရက်နေ့မှာ မြန်မာ ပြည်ကို ပြန်တော့မှာ။ စာရေးသူဖတ်ဖို့ ယူလာတဲ့စာအုပ်တွေလဲ သွားယူရင်းပေါ့။ ယူလာခဲ့တဲ့ စာအုပ်တွေက အများကြီးပဲ။ သာသနာရေးဝန်ကြီးဋ္ဌာန၊ သာသနာတော်ထွန်းကားပြန့်ပွာရေးဦးစီးဋ္ဌာနက ထုတ်ဝေတဲ့ "ဗုဒ္ဓဘာသာကောင်း တစ်ယောက်"စာအုပ်၊ စာပေလောကမှထုတ်ဝေတဲ့ "ဓမ္မပဒ"စာအုပ်၊ အရှင်နန္ဒမာ လာ ရေးသားတဲ့ "လောက ဓမ္မ အမေးအဖြေများ"စာအုပ်၊ မျိုးမြန်မာရေးတဲ့ "ဗုဒ္ဓဘာသာယဉ်ကျေးမှု  - လူငယ်ခရီးဆောင်" စာအုပ်၊ ဦးသောင်းစိန်ကိုယ်တိုင် စုစည်းရေးသားထားသည့် "ခင်ပွန်းကြီး (၁၀)ပါး တောင်းပန်ကန်တော့ခန်း" စာအုပ်ငယ်၊  အနန္တာ ဓမ္မစာပေက ထုတ်ဝေတဲ့ "ပဋ္ဌာန်း - ပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသ"၊ မုံရွာနေဇာ ရေးသားတဲ့ "မြင်းမိုရ်တောင် တကယ်ရှိသလား အတွေးအမြင်ဆောင်းပါး များ" စာအုပ်၊ စံလွင် ပြုစုသော"မြန်မာ-အင်္ဂလိပ် အဘိဓာန်"၊ Jon Ortner ရေးသားသည့် "Buddha"စာအုပ် များ ဖြစ်ကြတယ်။

မေလ ၁ ရက်နေ့က ဦးသောင်းစိန် မြန်မာပြည်ကို ပြန်သွားခဲ့တာ။ 

ဦးသောင်းကြည်နှင့် တူ တူမများ အိမ်ကို အလည်လာကြစဉ်က...

ပြီးခဲ့တဲ့ သောကြာနေ့(ဧပြီလ ၂၂ ရက်)က စာရေးသူတို့ဇနီးမောင်နှံ မြို့ထဲကနေ အိမ်ကို ပြန်မရောက်ခင်မှာ ကိုသောင်းကြည်ရယ်၊ သူ့တူကိုအောင်သူဟိန်းနဲ့ တူမလေးချိုဇင်ရဲဆွေရယ်၊ လှရီဝိုင်းရယ် စာရေးသူအိမ်ကို ကြိုပြီးရောက်နှင့်နေကြပြီ။ စာရေးသူတို့ Orchard မှ ရထားနဲ့ပြန်လာပြီး Jurong East Interchange မှာ အမှတ် (၃၃၄) ဘတ်စ်ကားကို စောင့်နေစဉ် အိမ်မှာရှိတဲ့သားက ဖုန်းဆက်လိုက်လို့ သိရတာ။ တယ်လီဖုန်းနဲ့ အချိန်း အချက်လုပ်ကြတာ အဆင်မပြေဖြစ်လို့ အတော်လေး အားနာမိတယ်။ သားက အိမ်မှာရှိနေလို့ တော်သေးတယ်။

ဒါပေမယ့် အိမ်ရောက်တော့ သူတို့နဲ့ ကိုယ့်မြို့ကသူငယ်ချင်းအပေါင်းအသင်းတွေအကြောင်း တောရောက် တောင်ရောက် စကားတွေ ဖေါင်ဖွဲ့ပြောဖြစ်ကြတာဖြစ်လို့ စောစောက အားနာရတာကို မေ့သွားပြန်ကော။ အမေ့ကောင်းကြီးပါလားနော်။ တကယ်က ကျောင်းမှာ ကိုသောင်းကြည်က စာရေးသူရဲ့ အမ၀မ်းကွဲတွေနဲ့မှ အတန်းတူသူငယ်ချင်းတွေ။ သူ့ညီမနှစ်ယောက်ကမှ စာရေးသူနဲ့ အတန်းတူတွေ။  

သူ့သားနဲ့ချွေးမက ဒီမှာ အလုပ်လုပ်နေကြတာ။ ၈ လသား မြေးအမွှာ (၂)ယောက်ကို လာကြည့်တာလေ။  သူက ဆောက်လုပ်ရေးက အင်ဂျင်နီယာအလုပ်နဲ့ ပင်စင်ယူခဲ့တာဖြစ်တယ်။ ရန်ကုန်မှာနေတာကြာပြီ။ ဟိုတစ်ခေါက် စင်ကာပူကိုလာတုန်းကလဲ အိမ်ကိုလာလည် ခဲ့သေးတယ်။  

ဧပြီလ ၃၀ ရက်နေ့(စနေနေ့)က ဆက်ရေးဖြစ်တယ်။
ဟိုတစ်ပတ်က သူတို့ကိုအိမ်မှာမုံ့တီလာစားဖို့ ဖိတ်ထားတာဖြစ်လို့ ဒီနေ့ ၁၁ နာရီလောက်မှာ အိမ်ကိုရောက် လာခဲ့ကြတယ်။ လှရီဝိုင်းကအလုပ်မှာရှိနေတာကြောင့် မလာနိုင်ဘူး။ ညနေအလုပ်ပြီးမှ သူ့ဖာသာလာတာ။  ချိုဇင်ရဲဆွေကလဲ ကျောင်းတက်နေရလို့ မလာဖြစ်ခဲ့ဘူး။ ဒီတစ်ခါမယ်တော့ ကိုအောင်သူဟိန်းက မနေ့ကမှ ရန်ကုန်ကရောက်လာတဲ့ သူ့ဇနီးကိုပါ ခေါ်လာခဲ့တယ်။ နောက်ပြီး ကန့်ဘလူမြို့ မှန်နီကုန်းက ကိုကြည်ရွှင် ပါလာခဲ့သေးတယ်။ ကိုအောင်သူဟိန်းနဲ့ ကိုကြည်ရွှင်တို့က အင်ဂျင်နီယာတွေ။ ဒီမှာ အလုပ်လုပ်နေကြတာ သုံးလေးငါးနှစ်ရှိနေကြပြီတဲ့။  

"ကိုယ့်တို့ကန့်ဘလူသားတွေတွေ့ရတာ ၀မ်းသာတယ်ကွာ"လို့ စာရေးသူကပြောတော့ ကိုကြည်ရွှင်က "ဒီမှာ ကန့်ဘလူသားတွေ အတော်လေးများနေပြီ"လို့ ပြောပါတယ်။ သူ ဒီကိုထွက်မလာခင်က ကျောင်းမှာ ဆရာ လုပ်ခဲ့တာဖြစ်လို့ Masters Degree ရထားတဲ့ သူ့တပည့်တစ်ချို့လည်း စင်ကာပူမှာ လာပြီးအလုပ်လုပ်နေ ကြပြီတဲ့။   

ကန့်ဘလူမြို့က ကန့်ဘလူသူ ကန့်ဘလူသားတွေကို မုံ့တီးလုပ်ပြီးကျွေးရတာလောက် ဘယ်အစားအစာမှ သူတို့မက်မှာမဟုတ်ဘူး။ 
အားလုံး မြိန်ရေရှက်ရေစားကြတာမို့ ၀မ်းသာစရာကြီးပဲ။ 



         မိတ်ဆွေဦးတင်မြင့်နှင့် ချန်ဂီလေဆိပ်က စားသောက်ဆိုင်မှာ...

စာရေးသူမြန်မာပြည်ကိုပြန်တဲ့အခါတိုင်း ကိုတင်မြင့်က စာရေးသူ၏ ကိစ္စအ၀၀အား  ဒိုင်ခံဆောင်ရွက် ပေးတတ်တယ်။ စာရေးသူ သွားဖို့ရှိတဲ့နေရာတွေကိုလဲ သူ့ကားလေးနဲ့ လိုက်ပို့ပေး တတ်တာ။ စင်ကာပူမှ မသွားမီကတည်းက စာရေးသူမှ သူ့ဆီဖုန်းဆက်ပြီး ကြိုတင်မှာထားတာလေးတွေ ရှိတတ်သေးတယ်။ ဥပမာ၊ စာရေးသူပို့ချမယ့် သင်တန်းနဲ့ပတ်သက်လို့ ပြင်ဆင်ထားဖို့လိုအပ်တာတွေ အကူအညီပေးလေ့ရှိပါတယ်။ 

ကိုတင်မြင့်ကစင်ကာပူနိုင်ငံမှာ အကြောအဆစ်ကုပညာရှင်အဖြစ် ၁၀နှစ်လောက်လုပ်သွားခဲ့ပြီး သူ့အမေ ကိုပြုစုဖို့ မြန်မာပြည်ကို ပြန်သွားခဲ့တာဖြစ်တယ်။ ပြန်သွားပြီး ၇ နှစ်ကြာမှ အခုတစ်ခေါက် ပြန်ရောက်လာခဲ့ တာ။ 

ဧပြီလ ၂ ရက်က ဒီမှာအလုပ်လုပ်နေတဲ့ သူ့တူက သူ့ကားလေးနဲ့ သူ့ကို စာရေးသူရဲ့အိမ်ကို ပို့ပေးခဲ့တယ်။  အိမ်မှာ သူယူလာလို့ မြန်မာနိုင်ငံဆရာဝန်များအသင်းတိုက်မှာကျင်းပခဲ့တဲ့ အကြောအဆစ်ကုပညာရှင်များ ၏ အာစရိယပူဇော်ပွဲကို MRTV4က မှတ်တမ်းတင်ထားတဲ့စီဒီကိုကြည့်ကြတယ်။ အဲဒီက အကြောအဆစ်ကု ပညာရှင်တွေအကြောင်း ပြောဖြစ်ကြတယ်။ မိတ်ဆွေတွေရဲ့ ကျန်မာရေးအကြောင်းတွေ မေးရတယ်။ ပြီး - ခဏတဖြုတ် စကားပြောကြပြီးတော့ သူနဲ့စာရေးသူတို့ စကားများများပြောကြရအောင်ဆိုပြီး Jurong West ကနေ Causeway Point Shopping Centre ထိ ဘတ်စ် ၁၈၇ စီးပြီးသွားခဲ့ကြတယ်။ အဲဒီမှာ စာရေးသူ၏ဇနီးနဲ့ အတူ နေ့လည်စာစားကြပြီး သူတည်းခိုတဲ့အိမ်ကို ပို့ပေးခဲ့ကြတယ်။ 


ဧပြီလ ၂၃ ရက်(စနေနေ့)မှာ တစ်ခါပြန်တွေ့ကြပြီး သူ့ကိုချန်ဂီလေဆိပ်က Terminal 3 ကိုလိုက်ပို့ပေးခဲ့တယ်။ သူ ဒီမှာရှိနေတုန်းက Terminal 3 မရှိသေးဘူး။ Terminal 2 မှာနေ့လည်စာစားကြပြီး City Hall နားက မြန်မာ ဆိုင်တွေကို သွားခဲ့ကြတယ်။ အဲဒီကမှ လမ်းခွဲပြန်ခဲ့ကြတာ။ 


မြန်မာပြည်မှာရှိကြတဲ့ မိတ်ဆွေတွေထဲမှာ သူနဲ့စာရေးသူတို့က မြန်မာနိုင်ငံရဲ့အကြောအဆစ်ကုပညာ ရပ်နဲ့ ပတ်သက်လို့ဆောင်ရွက်နေကြတဲ့ကိစ္စတွေအတွက် တစ်ဦးနဲ့တစ်ဦးအမြဲလိုဆက်သွယ်ဖြစ်ကြ တာဖြစ်တယ်။ သူက မြန်မာအကြောအဆစ်ကုပညာရှင်များအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်တယ်။ သူတို့ လိုအပ်တာလေးတွေကို စာရေးသူက ဒီကနေ တတ်အားသ၍  လုပ်ပေးပါတယ်။

သူမပြန်မီတစ်ညနေက Admiraltyဘူတာမှာတွေ့ပြီးလက်ဆောင်ပစ္စည်းလေးတွေပေးရင်း နူတ်ဆက် ရတယ်။

ဧပြီလ ၃၀ ရက်နေ့က မြန်မာပြည်ကို ပြန်သွားခဲ့တယ်။   




အကြောအဆစ်ကုပညာရှင်များ  (Physiotherapist) များဖြစ်ကြသော တင်စန္ဒာဝင်း၊ ဇင်မင်းအိ၊ စပယ်နှင့်စုစုတို့ 
အိမ်ကို အလည်ရောက်ကြစဉ်က ..  

                                                                             


No comments:

Post a Comment