"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, September 7, 2019

ဆေးရုံမှာလုပ်တဲ့ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (၂)




       WCPT Day နေ့မှာ လက်ဆောင်ရခဲ့တဲ့ပစ္စည်း  


ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (World Physical Therapy Day) အထိမ်းအမှတ်ကိတ်မုန့်လှီးပြီးတဲ့နောက်တော့ Allied Health Profession ညွှန်ကြားရေးမှူးက အကြောအဆစ်ကုပညာရှင်များနဲ့အကြောအဆစ်ကုလက်ထောက်များကို Power Bank တစ်ခုစီ လက်ဆောင်ပေးပါတယ်။

အကြောအဆစ်ဌာနမှူးက သူရတဲ့ Power Bank ကို မိမိကိုလက်ဆောင်အဖြစ်ပြန်ပေးပါတယ်။
မိမိက Power Bank သုံးလေ့သုံးထမရှိတာကြောင့်ငြင်းပေမယ့် ပေးသူကစေတနာနဲ့ပေးတာဖြစ်လို့ ယူထားလိုက်ပါတယ်။

ဒီနောက်မှာ နေ့ ၁၂ နာရီထိုးပြီဖြစ်လို့ လူနာဆောင်တွေဆီပြန်သွားဖို့အချိန်မရှိတော့တာနဲ့ ကွန်ပြူတာမှာ လူ နာမှတ်တမ်းတွေရေးသွင်းရပါတယ်။

နေ့ ၁ နာရီခန့်မှာ လူနာမှတ်တမ်းရေးသွင်းတာ ပြီးသွားခဲ့ပါတယ်။

မူလကစီစဉ်ထားတဲ့အတိုင်း အပြင်ထွက်ပြီးနေ့လည်စာသွားစားကြဖို့ ဌာနမှူးကဆော်သြပါတယ်။

ဒီနေ့က မိမိတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာပညာရပ်အထိမ်းအမှတ်နေ့ဖြစ်လို့ အားလုံးစုပြီးအပြင်မှာသွားစားကြရန်ကြီုတင်စီစဉ်ထားခဲ့ရတာပါ။

နေ့တစ်နာရီကျော်မှာ ဌာနမှူး၏ လူ ၆ ဦးစီးကားလေးနဲ့ ဆေးရုံကနေ တပျော်တပါးထွက်ခဲ့ကြပါတယ်။ 

ရှေ့ ခန်းမှာ ဌာနမှူးနဲ့မိမိတို့ထိုင်ကြပြီး အနောက်ဘက်မှာက အကြောအဆစ်ကုပညာရှင် ၂ ဦးနဲ့ အကြောအဆစ်ကုလက်ထောက် ၃ ဦးထိုင်ပါတယ်။ 

ဌာနမှူးက ကားမောင်းရင်း သီချင်းလေးဖွင့်ထားပေးလို့ သွားရတဲ့မိနစ် ၅၀ ကြာခရီးလေးက ငြိမ့်ငြိမ့်လေးပါ။ 

သူက ငယ်ငယ်လေးကထဲက ကားမောင်းတာ ၀ါသနာပါတော့ ကားကိုမြန်မြန်မောင်းလဲ ခပ်ငြိမ့်ငြိမ့်။ နှေးနှေးမောင်းလဲ ခပ်ငြိမ့်ငြိမ့်။ 

မိမိက သူနဲ့အတူ ရှေ့ မှာထိုင်နေတာဖြစ်လို့ သူရဲ့ ကားမောင်းကျွမ်းကျင်ပုံကို သတိပြုမိနေခဲ့တာ။ 
အဖြောင့်မောင်းတာ၊ ချိုးတာ ကွေ့တာ၊ လမ်းပြောင်းယူတာ စတာစတာတွေ။ 

စင်ကာပူရဲ့ နာမည်ကျော် ကလတ်ကီး (Clarke Quay) မှာရှိတဲ့ အိန္ဒိယစားသောက်ဆိုင်မှာစားကြပါတယ်။

နုနအိအိသိုးသားဟင်း၊ 
အီအီစိမ့်စိမ့်ထောပတ်ကြက်သားဟင်း၊ 
ကြက်သားလိပ်ကျော်၊ 
ပုဇွန်ဟင်း၊ 
နံပြားစသဖြင့် ဟင်းအမယ်တော်တော်စုံပါတယ်။ 

ဒီကုန်ကျစရိတ်ကို ဆေးရုံကကျခံပေးတာဖြစ်ပါတယ်။

နေ့လည်စာစားနေရင်း ဆိုင်မှာဖွင့်ထားတဲ့သီချင်းလေးကို နားထောင်ခံစားမိကြတယ်။
မိမိတို့အထဲကတစ်ယောက်က ဘာသီချင်းလေးလဲ မသိဘူး။ နားထောင်လို့ကောင်းတာလို့ပြောပါတယ်။
ဌာနမှူးက စားနေတာကိုရပ်ပြီး သီချင်းကို အာရုံပြုနားထောင်ကာ အာရေးဗစ်သီချင်းဖြစ်မယ်လို့ပြောလိုက်ပါတယ်။

ဒီအခါမှာ တစ်ယောက်က သူ့တယ်လီဖုန်းလေးကိုမျက်နှာကြက်ဆီမြှောက်တင်လိုက်ပြီး ပြန်ချကြည့်ရင်း ဂျူး ၀စ်ရှ်သီချင်း (Jewish song) လို့ပြောတယ်။ သူ့တယ်လီဖုန်းမှာပေါ်လာတဲ့ပုံလေးကိုပြပါတယ်။
သီချင်းသံကို ဖုန်းနဲ့တစ်ချက်လေးဖမ်းလိုက်တာနဲ့ မူလသီချင်း၊ သီဆိုသူနဲ့ရေးသူတွေအကြောင်းပါသိနိုင်တယ်ဆိုတာကို တောသားမိမိ ပထမဆုံးသိဖူးခြင်းရယ်ပါ။ 


နေ့လည်စားသောက်ပြီးတဲ့ညနေပိုင်းမှာ အလုပ်ကိုပြန်သွားဖို့လဲမလိုတော့တာကြောင့် ၀၀တင်တင်းဗိုက်ကလေးပိုက်လို့ တရေးတမောငိုက်ရင်း ရထားနဲ့အိမ်ကိုပြန်လာခဲ့ပါတော့တယ်။
















No comments:

Post a Comment