"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, October 7, 2020

သူငယ်ချင်းကိုဝင်းမောင် ဆုံးသွားရှာပြီ (၁)

 





ဒီကနေ့ မနက်ခင်းတွင် လူနာများကြည့်ရှုကုသပေးအပြီး ကွန်ပြူတာတွင် လူနာမှတ်တမ်းများရေးမတင်မီ ဖေ့စ်ဘွတ်ကိုဖွင့်ကြည့်လိုက်သောအခါ ကိုဝင်းမောင် ကွယ်လွန်သွားကြောင်း မထင်မှတ်ထားပါဘဲ သိလိုက်ရသည်။

မိမိနှင့်အလွန်ရင်းနှီးသူဖြစ်သဖြင့် များစွာစိတ်မကောင်းဖြစ်မိသည်။

အလုပ်လုပ်နေချိန်ဖြစ်နေသေးသဖြင့် အကျိုးအကြောင်းစုံစမ်းရန်မဖြစ်ပေ။

အလုပ်ပြီး၍အိမ်ကိုရောက်သောအခါတွင်မှ  ဖေ့စ်ဘွတ်မှာပြန်ရှာကြည့်ရသည်။

သို့သော် ရှာလို့မတွေ့တော့ပေ။

ထိုကြောင့် ဆရာဦးကြီးမောင်ထံ messenger ပေးပို့လျက် မေးမြန်းစုံစမ်းရပြန်သည်။

အချိန်တိုတိုလေးအတွင်းမှာပင် ဆရာဦးကြီးမောင်ထံက သတင်းနှင့်ဓာတ်ပုံများရောက်လာခဲ့ပါသည်။

ဆရာဦးကြီးမောင်ပြောပြ၍သိရသည်မှာ 

- ယနေ့မနက် ၃ နာရီက ဆုံးပါးသွားခဲ့သည်။
- နေမကောင်းဖြစ်နေသည်မှာကြာပြီဟု ကိုဝင်းမောင်၏ဇနီးကပြောသည်။
- လွန်ခဲ့သည့်အပတ်ကပင် ကိုဝင်းမောင်နှင့်ဆရာဦးကြီးမောင်တို့ စကားပြောဖြစ်ခဲ့ကြသေးသည်။
- ကိုဝင်းမောင်က နေတော့ကောင်းလာပြီဖြစ်ကြောင်း၊ သို့ပေမယ့် အစားမစားချင်သဖြင့် အတင်းစားနေရကြောင်း ဦးကြီးမောင်ကိုပြောခဲ့သည်။
- ကိုဝင်းမောင်၏အသုဘကိစ္စကို သူ့တူတစ်ယောက်က အားလုံးစီစဉ်ပေးသဖြင့်အဆင်ပြေသည်။ 

ကိုဗစ်ကာလဖြစ်နေသောကြောင့် ဆရာဦးကြီးမောင်သည် ကိုဝင်းမောင်၏အသုဘသို့ မသွားရောက်နိုင်ခဲ့ပေ။


ကိုဝင်းမောင်၏နောက်ဆုံးခရီး



ကိုဝင်းမောင်ဆုံးပြီဆိုတာသိရတော့ သူနှင့်မိမိတို့ ဆေးဘက်ပညာကျောင်းသားဘ၀နှင့်အရိုးရောဂါအထူးကုဆေးရုံကြီး(ကြည့်မြင်တိုင်)မှာ လုပ်ဖော်ကိုင်ဘက်ဝန်ထမ်းဘ၀အတွေ့အကြုံများကို အမှတ်ရမိပါတယ်။


အဲဒီအကြောင်းတွေအထဲက တစိတ်တဒေသကို ၂၀၁၇ ခုနှစ် ဇွန်လက မိမိ၏ဖေ့စ်ဘွတ်အကောင့်မှာ အောက်ပါအတိုင်းမှဝေခဲ့ဖူးပါတယ်။


/// 


အနောက်တိုင်းဝတ်စုံနဲ့ 

  ဆရာဦးဝင်းမောင်


ဆရာဦးဝင်းမောင်က ဆေးဘက်ပညာသိပ္ပံ(Institute of Para-Medical Sciences) 

ပထမနှစ်ကိုစပြီးတက်ကတည်းက မိမိနဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့ဖူးသလို 

ကြည့်မြင်တိုင်အရိုးရောဂါအထူးကုဆေးရုံကြီးမှာလဲ ၉ နှစ်နီးပါး အတူလက်တွဲလုပ်ကိုင်ခဲ့

ကြတဲ့ ရောင်းရင်းကြီးတစ်ဦးပါ။


ဆေးရုံအုပ်ကြီး ဆရာဝန်ကြီးဒေါက်တာဦးဖေခင်ပေးထားတဲ့ ဆရာကြီးရဲ့ အိမ်ဘေးက ၂ ထပ်

အိမ်လေးမှာနေတဲ့သူ့ဆီကို မကြာခဏဆိုသလို မိမိ အလည်အပတ်ရောက်သွားတတ်ပါတယ်။ 

.

ဆရာမကြီးဒေါ်လှရီ၏အကူအညီနဲ့ အဲဒီအချိန်ကအထူးကျော်ကြားနေတဲ့ သဲအင်းဂူတရားစခန်း 

(ကျိုက်ဝိုင်းဘုရားလမ်း) ကို မိမိစသွားပြီးတဲ့နောက်တော့ သူကပါ လိုက်ခဲ့ပါတယ်။

.

တစ်ခါ မိမိရဲ့ လူနာဖြစ်သူ၏ခင်ပွန်းဦးအောင်ချိ (မိုးကုတ်သူဋ္ဌေးကြီး) က သူ ဘုရားလူကြီး တာ

ဝန်ယူထားတဲ့ ကန်တော်ကြီးနားက မိုးကုတ်ဝိပသနာကျေားင်းကို မိမိအားမိတ်ဆက်ပို့ပေးပြီး 

မကြာခင်မှာ သူလဲလိုက်လာခဲ့ဖြစ်ပါတယ်။

.

မြန်မာပြည်ကို အလည်ပြန်တဲ့စောစောအခေါက်တွေက ကိုဝင်းမောင်ကို မိမိ သွားတွေ့တတ်

ပါတယ်။

ဒီနောက်ပိုင်းမှာတော့ MPA အစည်းအဝေးမှာတွေ့ခဲ့ပြီးနောက် ထပ်မတွေ့ဖြစ်ကြတော့ပါ။

.

အပေါ်ဆုံးကဓာတ်ပုံ ၂ ပုံကတော့ ဆရာဦးဝင်းမောင် မလေးရှားနိုင်ငံမှာအလုပ်လုပ်နေစဉ်က 

မိမိကို သူ အမှတ်တရပေးထားတဲ့ဓာတ်ပုံများထဲက ၂ ပုံပါ။  ///



ချစ်သူငယ်ချင်းကြီးအကြောင်းကို တ၀ကြီး  ဆက်ပြီးရေးသွားပါဦးမည်။
  




No comments:

Post a Comment