"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 18, 2020

တူနှစ်ကိုယ်မွေးနေ့

 

ပြီးခဲ့သောအပတ် သောကြာနေ့က မိမိ၏မွေးနေ့ဖြစ်သည်။

တကယ်က

မိမိ၏မွေးနေ့သည် မိမိ၏ဇနီးကြောင့်သာ နှစ်စဉ်မှန်မှန် ပြုလုပ်ဖြစ်နေသည်။ 

သူက မိမိအတွက် ဘုရားကို မီးထွန်း ရေလဲ ပန်းကပ်ပေးသည်။ ဆုတောင်းပေးသည်။

တစ်ခါတရံ တိုပါးရိုးအရပ်ရှိ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းသို့သွားပြီး သင်္ကန်းလှူတတ်သည်။

သားနှင့်သမီးတို့ကလည်း လက်ဆောင်ပေးကြသည်။ 


မိမိအလုပ်ထဲမှာရှိစဉ်ကမူ လုပ်ဖော်ကိုင်ဖက်များက အချိန်တန်တော့ မွေးနေ့ပွဲပြုလုပ်ပေးသည်။ ဆုတောင်းပေးကြသည်။

တစ်ဦးချင်းစီကို ကျန်သူများကလည်း အလှည့်ကျလုပ်ပေးကြစမြဲပင်။

မထင်ထားမှတ်သော Birthday Surprise တွေလုပ်ပြီး ရယ်မောကြသည်။

ပျော်စရာပင်ကောင်းလှချေသေးတော့။

တစ်ခါ ဖေ့စ်ဘွတ်သုံးသောအခါ ဖေ့စ်ဘွတ်မိတ်ဆွေများက Happy Birthday ဆိုပြီး မွေးနေ့ဆုတောင်းတွေပေးခဲ့ကြပြန်ပါသည်။ မိမိကလည်း အလားတူပင် မွေးနေ့ဆုတောင်းတွေ ပြန်ပြီးပေးခဲ့ရသည်။

ယခုအခါတွင် အလုပ်မှအနားယူခဲ့ပြီဖြစ်သဖြင့် အရာအားလုံးနှင့်အတူ မွေးနေ့သည်လည်း တိတ်တိတ်ဆိတ်ဆိတ်ဖြစ်လာသည်။

သို့သော် ယင်းကို မိမိနှစ်သက်သည်။

ထိုကြောင့် မိမိ၏ဖေ့စ်ဘွတ်အကောင့်မှ မွေးနေ့ရက်စွဲကို ဖျက်ပစ်ခဲ့သည်။

ဖေ့စ်ဘွတ်ကမိတ်ဆွေများ မိမိ၏မွေးနေ့ကို သတိမရနိုင်စေရန်ဖြစ်သည်။

မွေးနေ့ဆုတောင်းရန်လည်း မလိုကြတော့ပေ။

မွေးနေ့မရောက်မီညက မိမိ ကွန်ပြူတာအသုံးပြုနေစဉ် 'တီ'ကနဲမည်သံလေးနှင့်အတူ "တင်မောက်အေး၊အသက် (..) နှစ်မြောက် မွေးနေ့က မနက်ဖန်ပါ" ဟူသောသတိပေးစာတမ်းလေးပေါ်လာခဲ့သည် (ပုံ ၂)။

သို့နှင့် နောက်တနေ့မနက်မှာ အပြင်တွင်အိမ်ရှင်မနှင့်အတူ မွေးနေ့ပြုလုပ်ရန် အချိန်းအချက်လုပ်ရသည်။

မိမိ အိမ်ထောင်မကျခင်ကဆိုလျှင် မိမိဖာသာ မွေးနေ့ပြုလုပ်ဖို့နေနေသာသာ မည်သည့်အချိန်က မွေးနေ့ရောက်သည်၊ မွေးနေ့ရက်ကိုကျော်သွားသည်ကိုပင် သတိမပြုလိုက်ပေ။

မွေးသည့်နှစ်ကိုသာ သတိရတတ်ပြီး မိမိ၏အသက်မည်၍မည်မျှဟု သိထားရုံလေးသာ။

ထိုနေ့ မိမိတို့အဖိုးကြီးအဖွားကြီးနှစ်ယောက်တည်း ကေအက်ဖ်စီဆိုင် (KFC) တွင် နေ့လည်စာစားရင်း မွေးနေ့ပြုလုပ်ခဲ့ပါသည် (ပုံ ၄)။ 

Woodlands အရပ်ရှိ Causeway Point ကုန်တိုက်ကြီးတွင်ဖြစ်သည်။

မိမိက နေ့တစ်ဝက်အချိန်ပိုင်းလုပ်နေသည့်ဆေးရုံမှ နေ့ ၁၂ နာရီခွဲအလုပ်ပြီးသောအခါ ဘတ်စ်ကားအမှတ် (၁၆၁) စီးလာခဲ့ပြီး ဇနီးက ဂျူရောင်းအိစ်ဘူတာမှ ရထားစီးလာခဲ့သည်။

ကေအက်ဖ်စီဆိုင်တွင် အေးအေးလူလူစားသောက်ကြပြီးနောက် Woodlands ဘူတာနှင့်ကပ်လျှက်ရှိသော ဘတ်စ်ကားဂိတ်မှ အမှတ် (၁၈၇) ဘတ်စ်ကားကို ၁ နာရီကြာ ခရီးရှည်စီးကာ အိမ်သို့ပြန်လာခဲ့ကြသည်။ 

ရာသီဥတုက သာသာယာယာလေးရှိသဖြင့် အပေါ်ထပ်ရှိရှေ့ ဆုံးထိုင်ခုံမှာထိုင်ပြီး ဘေးတစ်ဖက်တစ်ချက်က စိမ်းစိမ်းစိုစို သစ်ပင်များကိုငေးမောကြည့်ရှုရင်း အနားယူလို့ကောင်းသည်။ 

ကားပေါ်မှာ ခရီးသည်လည်း နည်းသည်။ ခရီးသည် ၅၀ ကျော်ထိုင်စီးနိုင်သည့်အပေါ်ထပ်တွင် မိမိတို့အပါအ၀င် ခရီးသည် ၇ ဦးထက်မပိုပေ (ပုံ ၃)။

အိမ်ကိုရောက်သောအခါ ဘုရားခန်းသို့သွားပြီး အိမ်ရှင်မက ပန်း၊ ရေ၊ မီးကပ်လှူထားသည့်ဘုရားစင်ကို အာရုံပြုကန်တော့ရင်း ဓာတ်ပုံရိုက်ပါသည် (ပုံ ၁)



No comments:

Post a Comment