"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 11, 2020

အမျိုးသားစာပေဆုရ စာရေးဆရာကြီးညိုဝင်းကွယ်လွန်

 


ဆရာကြီးသည် အသက် ၁၆ နှစ်အရွယ်ကစပြီး စာပေများရေးသားခဲ့သည်။

စာရေးသက် ၅၈ နှစ်အတွင်း စာအုပ်ပေါင်း ၁၆၀ ခန့်ရေးသားထုတ်ဝေနိုင်ခဲ့သည်။

ကျောင်းသားသမဂ္ဂ သပိတ်မှောက်ကျောင်းသား

ကျောင်းဆရာ

ပြည်သူ့ရဲဘော်လက်နက်ကိုင်အဖွဲ့ဗိုလ် (တော်လှန်ရေးသမား)

အယ်ဒီတာ 

မန်နေဂျာ

 ရုပ်ရှင်နှင့်ပြဇာတ်ဌာနတာဝန်ခံ (ပြန်ကြားရေးဝန်ကြီးဌာန)

အလုပ်သမားသက်ကာချောင်ချိရေးအရာရှိ စသည့်အရောင်အသွေးမျိုးစုံသည့်ဘ၀ပိုင်ရှင်တစ်ဦး...




ယနေ့မနက်ပိုင်းက ဂျူရောင်းဝက်စ်ဈေးတွင် ဇနီးနှင့်နံနက်စာအတူစားပြီးနောက် အမှတ်(၄၉) ဘတ်စ်ကားကိုအပေါ် ထပ်မှအပျော်စီးကြကာ ဂျူရောင်းအိစ်ကိုသွားပါသည်။

ကားပေါ်မှာ ဖုန်းအင်တာနက်ဖွင့်ပြီး မြန်မာ့အလင်းသတင်းစာကိုဖတ်သောအခါ မိမိနှင့်သိကျွမ်းရင်းနှိးခဲ့သည့် အမျိုးသားစာပေဆုနှင့်တစ်သက်တာစာပေဆုရ စာရေးဆရာကြီးညိုဝင်းကွယ်လွန်ကြောင်းကို စိတ်မကောင်းစွာဖတ်ရသည်။

အောက်တိုဘာ ၈ ရက် ည ၁၁ နာရီအချိန်မှာ အသက် ၉၇ အရွယ်ရှိပြီဖြစ်သော ဆရာကြီးကွယ်လွန်သွားခဲ့ကြောင်းသိရသည်။

ဆရာကြီးသည် လူ့သက်တမ်းတွင် ၉၇ နှစ်ကြာသည်အထိ ရှားရှားပါးပါးအသက်ရှည်စွာနေသွားခဲ့သကဲ့သို့  စာရေးသက် ၅၈ နှစ်အတွင်းမှာ လုံးချင်းဝတ္တုရှည်များနှင့်ကဗျာစာအုပ်ကြီးနှစ်အုပ်အပါအ၀င် စာအုပ်ပေါင်း ၁၆၀ ခန့်ကို ထူးခြားသွက်လက်လှသည့်ကလောင်စွမ်းဖြင့် ရေးသားထုတ်ဝေသွားနိုင်ခဲ့သော ထူးချွန်သောစာရေးဆရာကြီးတစ်ဦးဖြစ်သည်။   

မှတ်မိနေဆဲရှိနေပါသေးသည်။

၁၉၈၇ ခုနှစ်၏တစ်ခုသောညနေခင်းတွင် စာရေးဆရာကြီးညိုဝင်းနှင့်လူလတ်ပိုင်းစာရေးဆရာသန်လျင်မောင်မောင်ဦးတို့နှစ်ဦးသည် ထိုစဉ်က မိမိဆေးခန်းထိုင်နေသည့် ကျောက်တံတားသမ၀ါယမဆေးခန်း သို့ရောက်လာခဲ့ကြသည်။

သူတို့နှစ်ဦးက 'စပယ်ဦးမြန်မာ့လက်ရွေးစင်ဝတ္တုတိုများ' စာအုပ်တွင် မိမိရေးခဲ့သည့် 'ရွှေတိဂုံကို ဖူးရသည်' ၀တ္တုတိုလေးအားဖတ်မိပြီးနှစ်သက်သဖြင့် မိမိအား လာရောက်မိတ်ဖွဲ့ကြကြောင်းပြောပါသည်။

ထိုဝတ္တုတိုလေးမှာ မိမိ ဆေးဘက်ပညာသိပ္ပံ စတုတ္ထနှစ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး General Extension Ward မှာ လက်တွေ့သွားရစဉ်က လူနာတစ်ဦး၏အတွေ့အကြုံကို ခံစားရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။

လူနာသည် ဆေးပညာအခေါ် Ankylosing Spondylitis (လည်ပင်းနှင့် ကျောရိုဆစ် ခါးရိုးဆစ်ခိုင်ရောဂါ) ကို ဆိုးရွားစွာခံနေရသူဖြစ်သည်။

 ထိုစဉ်က ကျောက်တံတားသမ၀ါယမဆေးခန်းရှိရာ ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း) အထက်ဘလောက်တွင် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ရုံးရှိခဲ့သည်။ 

မိမိတို့သမဆေးခန်းနှင့် ဓားလွယ်ခုတ်နေရာတွင်ဖြစ်၏။ သူတို့နှစ်ဦးသည် ထိုအဖွဲ့တွင် တာဝန်ယူဆာင်ရွက်နေကြောင်းသိရပါသည်။

မိမိသည် စာရေးဆရာကြီးညိုဝင်း၏ကလောင်အမည်ကို 'အမျိုးသားစာပေဆုရညိုဝင်း' ဟုသိထားခဲ့သည်။

ကလောင်အမည်မှာ ထူးခြားနေသလိုရှိနေသည်။

မိမိသတိပြုမိသ၍ အမျိုးသားစာပေဆုရစာရေးဆရာအချို့ သည် 'အမျိုးသားစာပေဆုရ' ဆိုသည့်ဂုဏ်ပုဒ်ကို သူတို့ ၏အမည်နောက်တွင်သာထည့်လေ့ရှိကြသောကြောင့်ဖြစ်သည်။

သို့သော် မိမိအပါအ၀င် အမျိုးသားစာပေဆုရစာရေးဆရာအများစုကြီးမှာ ထိုဂုဏ်ပုဒ်ကို သူတို့၏မူလကလောင်အမည်တွင် ထပ်ပြီးဖြည့်စွက်ရေးထည့်လေ့မရှိကြပါချေ။ 

စာရေးဆရာကြီးညိုဝင်းနှင့်ပတ်သက်ပြီး မိမိအနေဖြင့်အမှတ်ရကျေးဇူးတင်ရှိနေသည့်အကြောင်းတစ်ခုကိုပြောချင်ပါသည်။

၁၉၈၆ ခုနှစ်က မိမိ အမျိုးသားစာပေဆုရသောအခါ မွေးဇာတိကန့်ဘလူမြို့ မှ မိမိအားဂုဏ်ပြုပွဲတစ်ခုလုပ်ပေးခဲ့သည်။ 

ယင်းဂုဏ်ပြုပွဲနှင့်အတူ စာပေဟောပြောပွဲကိုပါကျင်းပလိုသဖြင့် ရန်ကုန်မှစာရေးဆရာများကိုဖိတ်ပြီး မိမိနှင့်တပါတည်းခေါ်ဆောင်ခဲ့ရန်ပြောပါသည်။

မိမိနှင့်ရင်းနှီးသော စာရေးဆရာများဖြစ်ကြသော မုံရွာဝင်းဖေ (စာပေဗိမာန် စာတည်းမှူး)၊ ဆရာကြီးညိုဝင်းနှင့်သန်လျင်မောင်မောင်ဦးတို့ကိုဖိတ်ကြားပြီး ကန့်ဘလူမြို့  အမျိုးသားစာပေဆုဂုဏ်ပြုပွဲနှင့်စာပေဟောပြောပွဲသို့သွားခဲ့သည်။  


ဆက်ရေးပါဦးမည်။

  









No comments:

Post a Comment