"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, October 9, 2020

သူငယ်ချင်းကိုဝင်းမောင် ဆုံးသွားရှာပြီ (၂)

 

 



                                    

ကိုဝင်းမောင်နှင့်မိမိတို့နှစ်ဦးအကြောင်းကိုဆက်ပြီးမရေးခင် အကြောအဆစ်ကုပညာရှင်များအထဲတွင် ဦးဝင်းမောင်အမည်တူ (၂) ဦးရှိကြောင်း ဦးစွာပြောပြလိုပါသည်။ 

မကြာခဏ လူချင်းမှားတတ်သောကြောင့်ဖြစ်သည်။

ကိုဝင်းမောင်အကြောင်း မိမိရေးခဲ့စဉ်တုန်းက တခြားသောဆရာဦးဝင်းမောင်နှင့်မှားပြီးပြောလာ မေးလာသဖြင့် မိမိက ရှင်းပြခဲ့ရသည်။ 

ယခုတစ်ခါလည်း ကိုဝင်းမောင်ကွယ်လွန်သွားကြောင်းကို ဖေ့စ်ဘွတ်မှာ တစ်ဦးကသတင်းပေးရေးတင်လိုက်သည့်အခါ အခြားဆရာဦးဝင်းမောင်နှင့်လူချင်းမှားပြောသည်ကို သတိပြုမိသည်။ 

နောက်တစ်ဦးက ပြန်ရှင်းပြသည်ကို ဖတ်လိုက်ရ၏။ 

တစ်ဦးက သူသိသော MGH (Mandalay General Hospital) တွင် အလုပ်လုပ်သွားသည့် ဆရာဦးဝင်းမောင်လားဟုမေးသည်။ 

ထိုဦးဝင်းမောင်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်ကပင် ကွယ်လွန်သွားပြီးဖြစ်သည်။ သူက မန္တလေးမှာ အခြေချခဲ့သည်။

မိမိ၏သူငယ်ချင်းကိုဝင်းမောင်က MGH မှာ အလုပ်မလုပ်ခဲ့ဘူးသလို မန္တလေးမှာလည်း အခြေမချခဲ့ပါ။

ကိုဝင်းမောင်သည် ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences) က ကျောင်းဆင်းပြီးကတည်းက ရန်ကုန်မြို့  ကြည့်မြင်တိုင်ရှိ အရိုးရောဂါအထူးကုဆေးရုံကြီးမှာ အလုပ်စ၀င်ခဲ့ပြီး ယင်းဆေးရုံမှပင် သက်ပြည့်ပင်စင်ယူခဲ့သည်။  

နောက်ပြီး ကိုဝင်းမောင်က ရန်ကုန်သူနှင့်အိမ်ထောင်ကျပြီး ရန်ကုန်မှာပဲ အခြေချခဲ့ပါသည်။

နောက်တစ်ဦးဖြစ်သော ဆရာဦးဝင်းမောင်သည် မိမိတို့ထက် နှစ်အနည်းငယ်ကျောင်းစောဆင်းသည့် စီနီယာဖြစ်သည်။

ယခုလောက်ဆို အတော်အတန်ရှင်းသွားလောက်ပြီဟု မှတ်ယူပါသည်။

ကိုဝင်းမောင်မဆုံးမီ တစ်ပတ်လောက်က မိမိ၏အလေ့အကျင့်တစ်ခုနှင့်ပတ်သက်ပြီး ကိုဝင်းမောင်ကို သတိရမိသေး၏။

ယင်းမှာ အခြားမဟုတ်။ 

မိမိက လမ်းသွားလျှင် မြန်မြန်ဆန်ဆန်ကြီးသွားတတ်သဖြင့် အိမ်ရှင်မအဖွားကြီးက မိမိ အလုပ်သွားရန်အိမ်ကအထွက်မှာ "အဖေကြီးနော် လမ်းသွားတာ ဖြေးဖြေးလျှောက်စမ်းပါတော်။ ဒိုင်းဒိုင်း ဒိုင်းဒိုင်းကြီး မလျှောက်နဲ့၊ အသက်ကကြီးလာပြီ တော်ကြာလဲနေဦးမယ်" ဟု သတိပေးပြော၍ဖြစ်သည်။

ထိုအခါ ကိုဝင်းမောင်က မိမိအား လမ်းလျှောက်မြန်တာနဲ့ပတ်သက်ပြီး တခါတုန်းကပြောခဲ့ဖူးသည်ကို အမှတ်ရမိသည်။ 

"ဟကောင်ရ ဖြေးဖြေးလျှောက်ပါကွ။ မင်းဟာက ဒုန်းပျံကြီးလွှတ်လိုက်တာကျနေတာပဲ" လို့ပြောရင်း မိမိ၏လက်မောင်းကို နောက်ကနေ အမိအရ ရုတ်တရက်ဖမ်းဆွဲလိုက်တတ်တာ။


 ဆက်ပြီးရေးပါဦးမည်။


No comments:

Post a Comment