ကိုဝင်းမောင်နှင့်မိမိတို့တွင် အခြားသောမိတ်ဆွေသူငယ်ချင်းများကဲ့သို့ပင် စိတ်သဘော စိတ်အကြိုက် တူညီတာလေးများနှင့် မတူညီတာလေးများရှိကြပါသည်။
ယင်းမှာ လူ့သဘော လူ့သဘာဝတစ်ရပ်ဖြစ်နေသဖြင့် အထူးအဆန်းတော့လည်းမဟုတ်ပါချေ။
သို့သော် ထိုသို့စိတ်သဘောနှင့်အကြိုက်တို့ တူခြင်း မတူခြင်းသည် လူနှစ်ဦး သို့မဟုတ် အဖွဲ့အသင်းတစ်ခုစီကလူများ၏ပေါင်းသင်းဆက်ဆံမှုအပေါ်တွင် များစွာသက်ရောက်မှုရှိတတ်လေသည်။
အကြိုက်တူညီတော့ အတူတွဲဖြစ်ကြသည်။ တွဲတာများသည်။ အတူလုပ်ကိုင်ဖြစ်ကြသည်။
ပြီးတော့ ကျေနပ်နှစ်မှုကို အတူမျှဝေခံစားကြ၏။
ကိုဝင်းမောင်နှင့်မိမိတို့ သူငယ်ချင်းနှစ်ဦးတွင်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်ပါလေ၏။
ရှေ့ က အမှတ် (၁)မှာပြောခဲ့သည့်အတိုင်း မိမိတို့အလုပ်စ၀င်သော ၁၉၇၂ နှစ်စမှ ၁၉၇၅ နှစ်ကုန်ခါနီးအတွင်းမှာ တ ရားစခန်း ၂ ခုကို အတူဝင်ခဲ့ကြသည်။
နောက်တစ်ခုမှာ နိုင်ငံခြားဘာသာသိပ္ပံကျောင်း (Institute of Foreign Languages) တွင် ညနေပိုင်းဒီပလိုမာသင်တန်းကို တစ်ပတ် ၅ ရက်ဖြင့် ၄ နှစ်ကြာအတူတက်ခဲ့ကြသည်။
ဒီနေရာမှာ မိမိတို့သည် နိုင်ငံခြားဘာသာကို သင်ယူလိုကြသည့်ဝါသနာနှင့်စိတ်ဝင်စားမှုတူညီခဲ့ကြသော်လည်း ဘာသာရွေးချယ်ရာမှတော့မတူခဲ့ကြပေ။
သူက ဂျာမန်ဘာသာကိုသင်ယူပြီး မိမိက ရုရှားဘာသာကိုသင်ယူခဲ့သည်။
ယင်းအကြောင်းများကို နောက်တော့မှပြောပြပါမည်။
ယခုတော့ အကြိုက်တူသော အစားအသောက်တစ်မျိုးအကြောင်းကိုပြောချင်ပါသည်။
ယင်းမှာ ယောင်္ကျားလေးများဖြစ်သဖြင့် လက်ဘက်ရည်အကြိုက်တူကြခြင်းပါ။
ထိုသို့ လက်ဘက်ရည်အကြိုက်တူခြင်းကြောင့်လည်း မိမိတို့နှစ်ဦးပို၍ အတွေ့များခဲ့သည်။
စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။
အများကြီးလည်း ရယ်မောခဲ့ကြသေး၏။
သူနှင့်မိမိသည် လှည်းတန်းဈေးနားက ကမာရွတ်အ၀ိုင်းကြီးနှင့်လည်းမဝေးလှသော စေတနာရှင်လက်ဘက်ရည်ဆိုင်မှာတွေ့ဆုံပြီး စကားပြောကြလေ့ရှိပါသည်။
တစ်ခါတလေမှာ မိမိက ဆေးရုံကသူ့အိမ်ကိုသွားပြီး အဲဒီကမှ ဘတ်စ်ကား ၃ မှတ်တိုင်လောက်စီးပြီး လှည်းတန်းဈေးမှာဆင်းကြရသည်။
ပြီးတော့ လှည်းတန်း ၁ လမ်းထိပ်ရှိ စေတနာရှင်လက်ဘက်ရည်ဆိုင်ထဲက လူရှင်းသည့်နေရာကောင်းကောင်းမှာရွေးထိုင်ကြ၏။ လေကန်ကြတော့၏။
မိမိက တောသားပီပီး လက်ဘက်ရည်ကို 'ချိုကျ'ဆိုပြီး ချိုချိုကျကျမှာသောက်သည်။
ကိုဝင်းမောင်က လက်ဘက်ရည် ချိုလွန်းတာကြီးလည်း မကြိုက်။ မိမိလို ခပ်ကျကျကြီးလည်း မသောက်။
ခပ်စိမ့်စိမ့်လေးသာ သောက်တတ်ပါ၏။
များသောအားဖြင့် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံခြားဘာသာသိပ္ပံကျောင်းကညနေပိုင်းသင်တန်းဆင်းသောအခါတွေမှာ အိမ်ကိုမပြန်ကြသေးဘဲ ဘတ်စ်ကား ၃ - ၄ မှတ်တိုင်စီးပြီး စေတနာရှင်လက်ဘက်ရည်ဆိုင်ကိုသွားကြသည်။
ဘတ်စ်ကားမှတ်တိုင်မှာ ကျောင်းသူကျောင်းသားတွေများနေက သူနှင့်မိမိတို့သည် တက္ကသိုလ်ရိပ်သာလမ်းအတိုင်းလမ်းလျှောက်ရင်း စကားတပြောပြောဖြင့် လက်ဘက်ရည်ဆိုင်ကို သွားတတ်ကြပါသည်။
အဲဒီမှာ လှည်းတန်းဝန်းကျင်၏ညခင်းပိုင်းလူအသွားအလာတွေကိုကြည့်ရင်း အေးအေးဆေးဆေး လက်ဘက်ထိုင်သောက်ကြသည့်အရသာကို ယခုပင်အမှတ်ရလို့နေချေသေးတော့။ မြင်ယောင်နေချေသေးတော့။
လက်ဘက်ရည်သောက်ပြီးသောအခါ သူက ဘတ်စ်ကားစီးပြီးအိမ်ပြန်၏။
သူ့နေရာက လှည်တန်းဈေးနှင့်မနီးလှ။
အဝေးကြီးမဟုတ်သော်လည်း ရထားလမ်းကိုကျော်သော လှည်းတန်းကုန်းကြီးခြားနေသည်။
မိမိကတော့ ကမာရွတ်အ၀ိုင်းကြီး၏ညာဘက်အခြမ်းကနေ ပြည်လမ်းမကြီးပလက်ဖောင်းအတိုင်း မိမိ အိမ်ငှားနေသည့်ဝဂ္ဂီရပ်ကို လမ်းလျှောက်ပြန်ပါသည်။
ဆက်ရေးပါဦးမည်။
No comments:
Post a Comment